ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်တွင် ရိုဟင်ဂျာ ၃၆ဦး ဖမ်းဆီးခံရ

Author အောင်နိူင်သူ
Categories
Published on Sep 24, 2022

ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်အဟောင်းတွင် ယနေ့မနက်အစောပိုင်းက ရိုဟင်ဂျာ ၃၆ ဦးကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီတပ်၊ ရဲ၊ ထွေအုပ်နှင့် လဝက ဦးစီးဌာနတို့ပူးပေါင်းစစ်ဆေးနေသည့် ရွှေသံလွင် တိုးဂိတ်အဟောင်းဂိတ်တွင်ယနေ့ မနက်အစောပိုင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

“ကလေးတွေရော အမျိုးသမီးတွေရော ယောက်ကျ်ားလေးက များတယ် အားလုံးပေါင်း ၃၆ ယောက် လဝကနဲ့ရဲက စစ်ဆေးနေတယ် “ဟု ပြောသည်။

ဖမ်းဆီးရမိသူရိုဟင်ဂျာများမှာ အမျိုးသား ၂၂ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ဖြစ်ပြီး ဘီးလင်းမြို့မရဲစခန်းတွင် စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ရိုဟင်ဂျာ ၃၆ ဦးကို စစ်ဆေးပြီးပါက ဘီးလင်းမြို့နယ် တရားရုံးတွင် လဝကဥပဒေဖြင့် တရားစွဲဆိုသွားမှာဖြစ်သည်ဟု လဝကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လတွေကလည်း ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖမ်းဆီးခဲ့ရသည့် ရိုဟင်ဂျာများကို လဝကပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်။