နမ္မတူ ပြည်သူ့ဆေးရုံကို CDM ဝန်ထမ်းများဖြင့် စတင်လည်ပတ်(သတင်းတို)

Author အေတီ
Categories
Published on Mar 16, 2024

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)ထိန်းချုပ်ထားသော ရှမ်းပြည်(မြောက်ပိုင်း)၊ နမ္မတူမြို့ ပြည်သူ့ဆေးရုံကို CDM ဆရာဝန်ကြီးအပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများဖြင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း PSLF/TNLA က ယနေ မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။

နမ္မတူမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာနေပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDM ပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းများကိုမဆို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။

“အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ အခုဒီမှာ ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်။ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်” ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူပြည်သူ့ဆေးရုံကို ကျန်းမာရေးဝန်ထမ်း(၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDM ပြုလုပ်ထားသည့် ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ CBHT ဆရာ/ဆရာမများပါဝင်သည်။

 

PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် တပ်မဟာ (၄) စစ်ဒေသ၊ နမ္မတူမြို့တွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်အချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို (၂၄) နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်ခဲ့သည်။