ခွင့်ပြန် တော်လှန်ရေးရဲဘော်တစ်ဦး မိဘတောင်ယာလုပ်ငန်းကူနေစဉ် မြွေကိုက်ခံရ၍သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် Monywa Revolution Force(MRF) အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် မိသားစု တောင်ယာလုပ်ငန်းများကူညီလုပ်ကိုင်ပေးနေစဉ် မြွေကိုက်ခံရပြီး ကွယ်လွန်သွားကြောင်း MRF တပ်ဖွဲ့က ထုတ်ပြန်သည်။
အသက် ၁၉ နှစ်အရွယ် ရဲဘော် ရဲမင်း(ခ)ဆင်ကြီးသည် မိသားစုတောင်ယာလုပ်ငန်းများ ကူညီလုပ်ကိုင်ရန် MRF ထံမှ ခွင့် ၃ ရက်ယူ၍ နေရပ်ကိုပြန်သွားစဉ် မတ် ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေချိန် မြွေဆိုးကိုက်ခံရပြီး အဆိုပါနေရာမှာတင် သတိလစ်မေ့မြောသွားပြီးနောက် သေဆုံးသွားကြောင်း သိရသည်။
ရဲဘော် ရဲမင်းကို ကာကွယ်ရေးတပ်ဖွဲ့များက မတ် ၁၄ ရက် နံနက် ၉ နာရီတွင် သင်္ဂြိုဟ်ပေးလိုက်သည်ဟု ဆိုသည်။
၎င်းသည် မောင်နှမ ငါးဦးအနက် အကြီးဆုံးသားဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေးစတင်ချိန်မှစတင်၍ မဆုံးပါးခင်အချိန်အထိ လက်နက်ကိုင်တိုက်ပွဲဝင်နေသော ရဲဘော်တစ်ဦးဖြစ်ကြောင်း Monywa Revolution Force – MRF ထံမှ သိရသည်။