ဖမ်းဆီးထားသော ပအိုဝ်းပြည်သူစစ်နှစ်ဦးကို PNLA ပြန်လွှတ်

Published on Mar 14, 2024

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ပအိုဝ်းပြည်သူ့စစ်နှစ်ဦးကို ဖမ်းဆီးထားရာမှ ယမန်နေ့မတ်လ ၁၃ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း PNLA ၏ သတင်းတာဝန်ခံက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီဩဇာခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်က PNLA လုံခြုံရေးတပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ထွက်ပြေးသွားရာ ကျန်ရစ်ခဲ့သည့် ပြည်သူ့စစ်နှစ်ဦးကို (PNLA)က ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ လုံခြုံရေးတပ်ကို ချောင်းပစ်တာပေါ့။ ပြန်ဝိုင်းပြီး ဖမ်းတော့ သူတို့က စစ်သားစစ်စစ်တွေမဟုတ်တော့ ထွက်မပြေးတတ်ပဲကျန်ခဲ့တာ။ စစ်ဆေးပြီး နောက်နောင် စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ဝန်ခံကတိထိုးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက ပြောသည်။

 

(PNLA)က ဖမ်းဆီးခဲ့သော ပြည်သူစစ်နှစ်ဦးမှာ ဦးခွန်မောင်လာ (၅၄ နှစ်)နှင့် ဦးခွန်မောင်စိန် (၄၅ နှစ်)တို့ဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် ဦးခွန်မောင်စိန် ဝတ်ဆင်ထားသည့် PNO ပြည်သူ့စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဦးခွန်မောင်စိန်မှာ PNO ပြည်သူ့စစ်မှ လာရောက်တပ်သားသစ်စုဆောင်းရာတွင် မဲပေါက်၍ စစ်ကောင်စီတပ်က အရေးယူမည်စိုးရိမ်သဖြင့် ပြည်သူ့စစ်ထဲဝင်ခဲ့ရကြောင်း၊ ဦးခွန်မောင်လာမှာ စစ်ကောင်စီတပ်မှ ကျေးရွာကိုဖျက်ဆီးမခံရရေးအတွက် ဝင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ဦးခွန်ရိန်းယံက ပြောသည်။

 

၎င်းတို့ကို PNLA က စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ကျေးရွာခေါင်းဆောင်ကော်မတီဝင်များဖြစ်ပြီး PNO ပြည်သူ့စစ်က ၎င်းတို့နှစ်ဦးကို လူသားဒိုင်းအဖြစ်ခေါ်ထားခြင်းဖြစ်သည်။