ကံပေါက်ရေတပ်စခန်းမှ ဗိုလ်မှူး တစ်ဦး အပါအဝင် ၁၀ဦးထက်မနည်း လက်နက်များယူ၍ ထွက်ပြေး

Author မောင်ဒဂုံ
Categories
Published on Sep 24, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ကံပေါက်ရေတပ်စခန်းမှ ဗိုလ်ကြီး/ဗိုလ်မှူး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ဆယ်ဦးသည် ၄င်းတို့၏ လက်နက်များ ယူ၍ ထွက်ပြေးလျက် ရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ ၁၄ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက် ရေတပ်စခန်းမှ ဗိုလ်ကြီး/ဗိုလ်မှူး အဆင့် အရာရှိ တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသည် တပ်ထဲမှ ၄င်းတို့ ကိုင်ဆောင်သည့် လက်နက်များကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည်ဟု Dawei Information Center က ဖော်ပြထားသည်။

ထွက်ပြေးသွားသည့် ဗိုလ်ကြီး/ဗိုလ်မှူးမှာ စစ်ကောင်စီ ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့မှ အရာရှိတစ်ဦး ဖြစ်သည်ဟု Freedom Kanbouk သတင်းကွန်ယက်က အတည်ပြုထားပြီး ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၂ဦး ရှိကြောင်းလည်း ဆိုထားသည်။

ထိုသို့ တပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွား၍ စစ်ကောင်စီ တပ်များ အပူတပြင်း လိုက်လံ ရှာဖွေနေပြီး ကံပေါက်ရေတပ်စခန်းတွင်လည်း စည်းကမ်းများ တင်းကြပ်ထားသည်ဟု သိရသည်။

ယင်းကြောင့် တပ်သားများ စိတ်ဓာတ်ကျဆင်းနေကာ ပြီးခဲ့သည့် ရက်ပိုင်းက တပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးခြင်းလည်း ရှိခဲ့သည်ဟု Dawei Information Center ထံမှ သိရသည်။