တစ်ပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်သည့်အတွက် အပူဒဏ်ကို သတိပြုနေထိုင်သင့်ဟုဆို (သတင်းတို)

Published on Mar 11, 2024

ယခုအပတ်အတွင်း ရာသီအကူးအပြောင်းကာလ ပီပြင်လာပြီဖြစ်သဖြင့် တစ်ပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်လာမှုကို ခံစားရလာနိုင်ကြောင်း NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

လာမည့် မတ် ၁၅ ရက်နောက်ပိုင်းမှစ၍ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တို့တွင်  နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်း၊ အပူချိန်အနေဖြင့် အမြင့်ဆုံး ၄၀°C အထက်(ခရမ်းရောင်အဆင့်) မြင့်တက်လာနိုင်သဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူဒဏ် (Heat Stroke)ကြောင့် အသက်ဆုံးရှုံးမှုများမဖြစ်စေရန် အထူးသတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လှုမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးပြောဆိုထားသည်။

 

NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်မှုတွင် ယခုတစ်ပတ် မတ် ၁၁ ရက်မှ ၁၇ ရက်အတွင်း ထူးခြားချက်မှာ လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၌ ဆောင်းမုတ်သုံမှ နွေမုတ်သုံသို့ စတင်ကူးပြောင်းနိုင်ရန် စတင်အသွင်ပြောင်းလာတော့မည့် အချိန်ကာလဖြစ်ပြီး တစ်ပြည်လုံးတွင် ဆောင်းအအေးဓာတ် တဖြည်းဖြည်းလျော့ကျလာနိုင်ကြောင်း၊ လေဖိအားစနစ်အပြောင်းအလဲများကြောင့် တောင်ပိုင်းပင်လယ်ဘက်မှ ရေငွေ့ပါသော လေနွေးများသည် တိုးဝင်လာလိုက် ပြန်လည်ဆုတ်ခွာလိုက်ဖြင့် မြောက်လေများလွှမ်းမိုးထားရာမှ တောင်လေများလွှမ်းမိုးကာ

ရာသီကူးပြောင်းလာနိုင်ပြီး တစ်ပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်ကြောင်း အထက်ပါ၀န်ကြီးဌာနကထုတ်ပြန်ဖော်ပြထားသည်။