ICNCC CC အကွဲအပြဲအပေါ် ချင်းပြည်သူတွေ ဘာပြောလဲ?

Author မယ်ဘယ်ကိုး
Categories
Published on Mar 11, 2024

မနိုးလေး(မတူပီမြို့နယ်မှ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ဘေးရှောင်နေရသူတစ်ဦး)

 

 

CJ : အခုလက်ရှိ ဘယ်လိုနေပြီး ဘယ်လိုထိုင်စားသောက်နေရပါသလဲ။

ဖြေ : လက်ရှိမှာ ကျွန်မမိသားစုကတော့ စစ်ဘေးရှောင်စခန်းမှာပဲ နေကြတယ်။ ဒေသခံတွေပေးထားတဲ့ နေရာလေးမှာ ဝါးအိမ်လေးကို ကိုယ့်အစီစဉ်နဲ့ကိုယ်ဆောက်ပြီးနေကြတယ်။ ဆန်နဲ့ အသုံးအဆောင်တချို့ကို NGO နဲ့ ဒေသခံတွေက တစ်ခါတလေထောက်ပံ့ပြီး ကျန်တာ ကိုယ့်အစီစဉ်နဲ့ကိုယ် ရှာဖွေစားသောက်ကြပါတယ်။

 

CJ : ဘယ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသလဲ။ ဘယ်အချိန်ကစပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရပါသလဲ။ မိသားစုဝင်ဘယ်နှယောက်ရှိပါသလဲ။ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရပါသလဲ။

ဖြေ : ကျွန်မကတော့ မတူပီမြို့နယ်ကနေ ၂၀၂၁ မတ်လကတည်းက တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ မိသားစုက နောက်မှ ရောက်လာတာပါ။  မိသားစု ငါးယောက်ရှိပါတယ်။ အခက်အခဲကတော့ ပြောရရင်အများကြီးပေါ့။ ဘယ်အပိုင်းကို ပြောရမလဲမသိဘူး။ အထူးသဖြင့်တော့ ဘာသာစကားအခက်အခဲရှိတော့ ပုံမှန်အလုပ်ရဖို့က မလွယ်ဘူး။ အလုပ်သာရှိရင် နေထိုင်စားသောက်ရေးက နည်းနည်းအဆင်ပြေမယ်ထင်တယ်။ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုရယူတာ အလွန်အကုန်ကျများပါတယ်။ ကျွန်မညီမလေးဆို ကိုယ်ဝန်နဲ့ တိမ်းရှောင်လာတာ။ ဒီမှာမွေးတော့ အကုန်ကျအလွန်များပါတယ်။ ကလေးကလည်း ကာကွယ်ဆေးပုံမှန်ရဖို့က မလွယ်ဘူး။ ဗဟိုအစိုးရက တရားဝင်ခွင့်ပြုထားတာမျိုးမဟုတ်တော့ ကာကွယ်ဆေးတွေက ခွဲတမ်းမရှိဘူး။ ဒေသခံ‌တွေထိုးပြီး ပိုတာကို ထိုးပေးပါတယ်။ နောက်ပြီး ကိုယ့်နယ်မြေမဟုတ်တော့ စိတ်ထဲမှာတော့ လွတ်လပ်မှုမရှိဘူး။ မောင်းထုတ်ခံထိမလာ အမြဲစိုးရိမ်နေရတာပေါ့။

 

CJ : အခု ချင်းပြည်ထဲမှာ ICNCC (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)နဲ့ ချင်းပြည်ကောင်စီ(CC)ဆိုပြီး ကွဲပြားနေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ : ကွဲနေတယ်ဆိုကတည်းက ကောင်းတဲ့အရာတော့မဟုတ်ဘူးပေါ့နော်။ နွားကွဲရင် ကျားဆွဲတတ်တယ်ဆိုတဲ့အတိုင်းပေါ့။ ကွဲနေရင် တစ်ဖက်က စစ်ကောင်စီအတွက် အားတက်စရာဖြစ်နေမှာကို မလိုလားဘူး။ ရန်သူရဲ့အသုံးချခံ ဖြစ်သွားမှာကိုလည်း မလိုလားဘူး။

 

CJ : ဒီအကွဲအပြဲကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ဘာတွေထိခိုက်ခံစားရပါသလဲ။

ဖြေ : ပြည်သူတစ်ယောက်အနေနဲ့ ထိခိုက်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဘက်အားပေးတဲ့သူနဲ့ ဟိုဘက်အားပေးတဲ့သူနဲ့ ပြည်သူတွေပါလိုက်ကွဲနေမှာကို စိုးရိမ်တယ်။ တော်လှန်ရေးအပေါ် ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြည်သူတစ်ယောက်အနေနဲ့ သံသယဝင်တာမျိုးလည်း မဖြစ်ချင်ဘူး။ တော်လှန်ရေးသမားတွေ ဘုံရန်သူမေ့သွားမှာကိုလည်း စိုးရိမ်တယ်။

 

CJ : အခုလို တော်လှန်ရေးကာလမှာ အခုလိုချင်းပြည်သူတွေအချင်းကွဲကြတာဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးဆိုတော့ ဒီဖြစ်ရပ်အပေါ် ဘယ်လိုများဆန္ဒရှိပါသလဲ။

ဖြေ : ကျွန်မတော့ ပူးပေါင်းစေချင်တာပေါ့။ တစ်ခုတည်းစည်းလုံးနိုင်ရင်ခွန်အားပဲ။ ၁၀ဝ မှာ ၁၀ဝ ယုံကြည်လို့ရတယ်။ တော်လှန်ရေးလည်း ပိုပြီးခရီးတွင်မယ်လို့ ယူဆတယ်။ ပူးပေါင်းနိုင်အောင်လည်း ကျွန်မတို့ အမြဲဆုတောင်းပါတယ်။

 

CJ : ပြန်လည်ပူးပေါင်းသွားကြမယ့်လမ်းစရော ရှိနိုင်တယ်လို့ထင်ပါသလား။

ဖြေ : ပူးပေါင်းသွားနိုင်မယ်လို့တော့ ယုံကြည်တယ်။ ခေါင်းဆောင်တွေ အဖြေကောင်းကောင်းရှာပြီး မပူးပေါင်းနိုင်တဲ့ အကြောင်းရင်းကိုသိပြီး ဖြေရှင်းနိုင်မယ်ဆိုရင် ပူးပေါင်းနိုင်မယ်လို့ ယူဆတယ်။ မျှော်လင့်လည်းမျှော်လင့်ပါတယ်။

 

CJ : အခုဆိုရင် ICNCC နဲ့ CC လက်အောက်ခံတပ်ဖွဲ့တွေ အချင်းချင်းလူသေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေရှိလာတဲ့အပေါ်ရော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ : ဒီကိစ္စကိုတော့မပြောတတ်ပါဘူးရှင့်။

 

CJ : ချင်းပြည်သူတစ်ယောက်အနေနဲ့ အခုတော်လှန်ရေးအပေါ် ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။

ဖြေ : ကျွန်မတို့ ဒီတော်လှန်ရေးကို အကြီးကြီးမျှော်မှန်းတာပေါ့။ ကျွန်မမျှော်မှန်းတာ နှစ်ချက်ရှိတာပေါ့။   ကျွန်မတို့ ငယ်ငယ်ကတည်းက ခံစားရတဲ့အရာတွေကို ငယ်တုံးကကျ မသိနားမလည်ပေမဲ့ အခုပြန်တွေးကြည့်ရင် နာကျင်ရတုန်းပဲ။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အားလုံးနှောင့်နှေးတဲ့အ‌လျှောက် လူနေမှုအဆင့်အတန်းကလည်း နှောင့်နှေးပါတယ်။ ကျွန်မတို့ချင်းပြည်က ပြည်သူတွေက တကယ်တော့ ညံ့တဲ့သူတွေမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ဘေးရှောင်ကလေးတွေ India မှာ စာသင်ကြတော့ ဒေသခံတွေကို ကျော်တက်ပြီး ပထမ၊ ဒုတိယနေရာ အားလုံးရှိနေကြတယ်။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပါ။ ကျွန်မတို့နိုင်ငံက စနစ်ကောင်းကောင်းမရှိလို့ဆိုတာကို တွေ့ရတယ်။ စစ်ကောင်စီက နှစ် (၇၀)ကျော် ဖိနှိပ်မှုကနေ လွတ်မြှောက်ရန်၊ စနစ်ဆိုးကြီးကို အမြစ်ပြတ်ခြေမှုန်းရန်က ပထမအချက်ပေါ့။ ဒုတိယအချက်အနေနဲ့ ဒီတော်လှန်ရေးပြီးဆုံးရင် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို မျှော်လင့်ပါတယ်။

 

CJ : အခုလိုအကွဲအပြဲကြောင့် တော်လှန်ရေးနှောင့်နှေးသွားနိုင်တယ်လို့ထင်ပါသလား။

ဖြေ : ကျွန်မနိုင်ငံရေးသမားတစ်ယောက်မဟုတ်တဲ့အခါကျတော့ ကောင်းကောင်းမသုံးသပ်နိုင်ပေမဲ့ ကွဲပြားမှုက ဒီထက်အခြေနေဆိုးသွားရင် တော်လှန်ရေးကိုနှောင့်နှေးစေနိုင်ပါတယ်။ ရန်သူအပေါ် အာရုံမစိုက်ဘဲ ကိုယ့်ဘက်ပါရေးကို ပိုအာရုံစိုက်ကြရင် တော်လှန်ရေးကိုထိခိုက်နိုင်တယ်လို့ ယူဆမိတယ်။

 

CJ : အခုလက်ရှိ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့တွေကို ချင်းပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုတိုက်တွန်းပြောကြားလိုတာများရှိပါသလဲ။ ဖြည့်စွက်ပြောလိုတာရှိပါက ပြောပေးစေလိုပါတယ်။

ဖြေ : တော်လှန်ရေးတပ်ဖွဲ့တိုင်းကို ကျွန်မ ပြည်သူတစ်ယောက်အနေနဲ့ အမြဲလေးစားပါတယ်။ အလေးပြုပါတယ်။ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူအားလုံးလွတ်မြှောက်နိုင်ရေးအတွက် ရှေ့ဆုံးက အနစ်နာခံပေးတဲ့သူတွေပါ။ ကျွန်မတို့ မိဘတွေခေတ် တော်လှန်ရေးက ဘာလို့ရှုံးကြတာလဲ။ အဲဒါကို ပြန်သင်ခန်းစာယူစေချင်တယ်။ အားလုံး ရန်သူရဲ့ထောင်ချောက်ထဲမဝင်မိအောင် သတိနဲ့ နေရန်လိုအပ်တယ်။ နိုင်ငံကယ်တင်နိုင်တဲ့သူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်ရှင့်။