အိန္ဒိယနိုင်ငံထဲကို အရာရာစွန့်လွှတ် ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေ ဘာတွေကြုံတွေ့နေရလဲ

Author မယ်ဘယ်ကိုး
Categories
Published on Mar 09, 2024

စွန့်လွှတ်မှုလို့ ဆိုလိုက်ရင် အသက်ကြောင့်၊ ယုံကြည်ချက်ကြောင့် ဆိုပြီး လူ၊ ပစ္စည်းဥစ္စာ၊ တွယ်တာမှုတွေအားလုံးကို စွန့်လွှတ်ကြရပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ/ပြည်သားတွေဟာ စွန့်လွှတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ရပြီး နေရပ် စွန့်ခွာ၊ ချစ်တဲ့သူတွေ၊ ပစ္စည်းဥစ္စာတွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ပြည်တွင်း၊ ပြည်ပ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါဟာ ဘယ်သူ့ကြောင့်ရယ်လို့ မေးစရာမလိုတဲ့ အဖြေရှိနှင့်ပြီးသား မေးခွန်းတစ်ခုပါ။

 

ဒါကြောင့် ဒုက္ခအတိတွေ့နေသူတွေရဲ့ အသံတွေကို CJ Platform က အပတ်စဉ်ထုတ်ဖော်ပေးနေကြ ကဏ္ဍတစ်ခုဖြစ်တဲ့ တီးတိုးသံကဏ္ဍမှာ ချင်းပြည်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို အရာရာစွန့်လွှတ် ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံသူ/သားတွေရဲ့ ရင်းတွင်းဆန္ဒတွေ၊ သူတို့ကြုံနေရတဲ့အခက်အခဲတွေ၊ ပြဿနာတွေအကြောင်းကို မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“ကျွန်မတစ်ယောက်တည်း ရှာရတာဆို‌တော့ တစ်ခါတလေ စိတ်က အရမ်းညစ်တဲ့အချိန်လည်းရှိတယ်။”

 

မသီတာ(အသက် ၃၈)(မီဇိုရမ်ပြည်နယ် ဒုက္ခသည်စခန်းသို့ စစ်ရှောင်နေရသူ)

 

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ကနေလာရောက်ပြီး စစ်ရှောင်တာပါ။ မိသားစုနဲ့အကုန် လုံးလာပါတယ်ရှင့်။ သားသမီး ခုနစ်ယောက်နဲ့ ကျွန်မနဲ့ဆို ရှစ်ယောက်ပါ။ ဒီကိုရောက်ခါစတုန်းကတော့ ကျွန်မတို့အမျိုးသားရဲ့ ဦးလေးရှိတဲ့ဘက်ကို အရင်ဆုံး ထွက်ပြေးလာတယ်။ အဲဒီမှာ တစ်နှစ်ကျော်ကျော်နေပြီး အခု ထိုင်ဇော်ကမ့်မှာရောက်လာတာ အခုဆို တစ်နှစ် ကျော်ရှိပြီ။ အကုန်လုံးပေါင်း ၂ နှစ်ကျော်ပြီပေါ့။

 

ဒီမှာကျမ‌ရောက်ခါစတုန်းက ဝါးတွေ၊ ထင်းတွေ အိမ်လည်းမရှိဆိုတော့ ဝါးခုတ်ဖို့လည်း ဒီဘက်ဒေသခံတွေက မခုတ်ခိုင်းဘူးပေါ့နော်။ နောက်ဆုံးကျ တောင်းပန်ပြီးတော့၊ တောင်းပြီးတော့ ဝယ်ရတယ်ပေါ့နော်။ အဲလိုနဲ့ အိမ်အသေးလေးဆောက်ပြီးနေကြတာ ပြီးတော့ ဒီမှာ ရေကအစ အစစအရာရာအဆင်မပြေနိုင်တော့ ဒီလိုပဲ။ အလုပ်က ဘာမှလုပ်စရာမရှိဘူး။ ထင်းကအစ ဝယ်ရတယ်၊ ထင်းလည်း မခုတ်ရဘူး။ ဝါးလည်း မခုတ်ရဘူးဆိုတော့ အခက်အခဲတွေ အမျိုးမျိုးပေါ့နော်။ ဒီမှာ ရေလည်းဝယ်ရတယ်။ တစ်လမှာ ကျွန်မတို့မိသားစု က ၅၀ဝ ပေးရတယ်။ မီးဖိုးလည်းပေးရတယ်။ အဝင်က မရှိဘဲ အထွက်ချည်းပဲဆိုတော့ ခက်ခဲတာတော့ အများကြီးပေါ့။ စစ်ရှောင်လာတဲ့ မတူပီဘက်ကလူတွေလည်း အများကြီးပေါ့နော်။ ဆိုတော့ တောင်ပိုင်းချင်းပေါ့နော်။ ဒီမှာ အစစအရာရာ စားဖို့၊ သောက်ဖို့ ဟင်းသီးဟင်းရွက်ဆိုလည်း ဝယ်စားဖို့ဆိုရင်တောင် ဝယ်ဖို့မရှိဘူး။ မြို့ထဲသွားမှ ဝယ်စားရတယ်။

 

ထောက်ပံ့ကြေးလည်း သိပ်မလာတော့ဘူး။ စားဝတ်နေရေးလုပ်ဖို့အတွက်လည်း သူများက အငှားလိုက်ကြတယ်။ တစ်ရက်ကို ၄၀ဝ ရူပီးနဲ့။ အမျိုးသားရှိတဲ့သူတွေက တစ်ခါတလေ သွားရတယ်။ မရှိရင်တော့ ဘာမှအလုပ်မရှိဘူး။ အဘိုးအဘွားတွေဆိုရင်လည်း တစ်ခါတလေ ထောက်ပံ့တာကိုစားရတယ်။ ထောက်ပံ့တာကလည်း မများဘူးလေ။ နည်းနည်းလေးဘဲ မလောက်နိုင်ဘူး။ ကျွန်မတို့မိသားစုကလည်း လုံးဝကို လူကများတော့ မလောက်နိုင်ဘူး။ ကျွန်မတစ်ယောက်တည်း ရှာရတာဆို‌တော့ တစ်ခါတလေ စိတ်က အရမ်းညစ်တဲ့အချိန်လည်းရှိတယ်။ ကိုယ့်ဒေသကိုပြန်ဖို့က မဖြစ်နိုင်သေးတဲ့အချိန်မှာတော့ ဒီမှာပဲဆက်ပြီးတော့ သည်းခံပြီးတော့ နေရတာပေါ့။ ဒီမှာက တချို့ယောင်္ကျားသားတွေ လမ်းလုပ်လေးတွေဘာတွေရှိလို့ လုပ်ပြန်တော့လည်း ပိုက်ဆံကမပေးကြပြန်ဘူးပေါ့နော်။ ဒီမှာက အဲဒီလိုအခက်အခဲတွေက အများကြီးပဲ။

 

ကျွန်မတစ်ယောက်တည်းဆိုတာက ပြောရမယ်ဆိုရင် ကိုယ့်ဆွေးမျိုးတွေကလည်း နိုင်ငံခြားမှာရှိတဲ့သူ တစ်ယောက်မှ မရှိဘူးပေါ့နော်။ ကိုယ့်ဘက်ကလည်း မရှိဘူး။ အမျိုးသားဘက်ကလည်း မရှိဘူး။ တအားခက်ခဲတယ်။ တစ်လမှာ ဆန်က နှစ်အိတ်လောက်ကုန်တယ်။ ဟင်းဖိုးလည်းရှိ သေးတယ်။ ဂက်စ်ဖိုးကလည်း တစ်လမှာ ၁၄၀ဝ ဖြည့်ရ‌သေးတယ်။ ကလေးတွေရဲ့ကျောင်းစရိတ်ခက တစ်လမှာ ၁၅၅၀ ပုံမှန်ပေးရတယ်။ အဲဒီလိုဖြစ်တဲ့အခါ တအားခက်ခဲတယ်။ ဒီမှာ အလုပ်ကြမ်း လုပ်မယ်ဆိုရင်လည်း ဘာမှ လုပ်စရာမရှိဘူး။ အိမ်မှာ ကိုယ်တတ်နိုင်သလောက် လက်ဘက်ရည်နဲ့ ခေါက်ဆွဲကြော်လေးတွေကို နေ့တိုင်းပတ်ပြီးရောင်းတယ်။ ရောင်းပြန်တော့လည်း တစ်ခါတ‌လေ လူကြီးတွေလာတဲ့အခါမှပဲ ရတာပေါ့နော်။ ဒီကမ့်ထဲရောင်းပြန်တော့လည်း သူတို့ကလည်း ဝယ်ချင်ပေမဲ့ မဝယ်နိုင်ပြန်ဘူး။ သူတို့က တစ်ခါတလေ ရောင်းရတဲ့အချိန်ရှိတယ်။ တစ်ရက်မှာ ၁၀ဝ/၂၀ဝ မြတ်တဲ့ဟာလေးနဲ့ ဒီတိုင်းလေး ကိုယ့်သားသမီးတွေကို ဝမ်းစာဖူလုံအောင်ပေါ့နော်။ လုပ်ကျွေးနေတာပါ။

 

ကျန်တဲ့သူတွေက ဘယ်လိုရှိလဲတော့မသိဘူး။ ကျွန်မအနေနဲ့က တစ်ခြားကမ့်မှာ ပြောင်းဖို့ဆိုတာကလည်း မိန်းမသားတစ်ယောက်တည်းအနေနဲ့ အိမ်ဆောက်ရမှာနဲ့ အသစ်ကနေပြန်စရမှာနဲ့ ဆိုတော့ လောလောဆယ်ပြောင်းဖို့ အစီအစဉ်မရှိသေးဘူး။

 

ကျွန်မအနေနဲ့တော့ အဓိကက ဒီမှာပြောင်းလာတာက ကလေးတွေရဲ့ ပညာရေးကို အဓိကထားပြီးပြောင်းလာခဲ့တာ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တာပေါ့။ ကိုယ်က ပညာမတတ် ခဲ့ပေမဲ့လည်း နောင်တစ်ချိန်မှာ ကောင်းကောင်းမွန်မွန်လေးပညာတတ်လေး ဖြစ်စေချင်တာ။ ဒါကို ရည်ရွယ်ချက်ထားတာ အဓိကအဲဒါပဲ။ သူတို့ပညာရေးကို ဦးစားပေးပြီးတော့၊ စားဖို့သောက်ဖို့ရှိရင် ကျွန်မကျေနပ်ပြီ အဲဒီလိုမျိုး။

 

ကျွန်မအတွက်တော့ အများကြီးစွန့်လွှတ်တယ်လို့ပြောရမယ်‌ပေါ့နော်။ အိမ်လည်းစွန့်လွှတ်ခဲ့ရတယ်။ သူ့တို့အဖေကိုယ်တိုင်ကလည်း သတ်ပစ်ခံရတယ်ပေါ့နော်။ ဘယ်လိုပြောရမလဲ။ အိမ်တင်မကဘူး။ ပစ္စည်းဖိုး ၃၀/၄၀ ဖိုးထားခဲ့ပြီးတော့ ဒီဘက်မှာ သုညကနေစရတဲ့အခြေအနေပေါ့။ ကိုယ့်အတွက်တော့ ပင်ပင်ပန်းပန်းနဲ့ရှာထားတာတွေကို ဒီတိုင်းထားခဲ့ပြီးပြေးလာရတာပေါ့နော်။ ဆုံးရှုံးမှုကတော့ ပြောမယ်ဆိုရင် သိန်း ၄၀/၅၀ ပေါ့။ ပစ္စည်းတန်ဖိုးပေါ့လေ။ အိမ်တွေယာတွေမပါသေးဘဲ ဒီရောက်တော့ ဘာမှ အရင်းအနှီးလည်းမရှိတော့ဘူးပေါ့နော်။

 

ဒီတော်လှန်ရေးသာမြန်မြန်ပြီးနိုင်အောင်ပေါ့နော်။ ကိုယ့်ဘက်ကလည်း မတတ်နိုင်ပေမဲ့ ကိုယ်လည်း စစ်ရှောင်အနေနဲ့ရောက်လာတာဆိုတော့၊ ဒါပေမဲ့ တစ်ခါတလေ ထောက်ပံ့ချင်တယ်။ စိတ်ကသာ ရောက်တာ။ ကိုယ်လည်းအနိုင်နိုင်ဆိုတော့ မကူညီနိုင်ဘူးပေါ့နော်။ ကိုယ့်ရွာ ကိုယ့်‌ဒေသကို မြန်မြန်ပြန်ချင်တယ်။ တော်လှန်ရေးအောင်ပြီးတော့ ကိုယ့်ဒေသကိုယ့်ရွာမှာဆိုတော့ သားသမီးများပေမဲ့ ကိုယ်က ရှာကျွေးနိုင်မယ်လို့ ကိုယ့်စိတ်ထဲမှာ ခံယူထားတယ်။ အဲဒီမှာဆို ကျောင်းလည်းကောင်းကောင်းထားပေးနိုင်မယ်။ ပညာရေးကိုလည်း ကောင်းကောင်းထားနိုင်မယ်လို့ ခံယူစိတ်ရှိတာ‌ပေါ့၊ အဓိကကတော့ တော်လှန်ရေးအမြန်ပြီးအောင်ပဲ ကျွန်မမျှော်လင့်နေပါတယ်။

****************************************

 

“တချို့ဆို ဆန်တစ်ဘူး၊ နှစ်ဘူးချေးငှားပြီး စားကြရတာဆိုတော့လေ။”

ချင်းပြည်၊ ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ရှောင်နေရသူတစ်ဦး

အခုဒီကမ့်မှာ လိုအပ်ဆုံးက စားဖို့သောက်ဖို့ပဲ။ တစ်ခြားဟာတွေလည်း လိုချင်တာတွေရှိတယ်။ ဒါပေမဲ့ အဓိက အစားအသောက်အတွက်ပါပဲ။ အခုထမင်းချက်ဖို့ ဆန်မရှိတဲ့သူတွေလည်း အများကြီးရှိနေတယ်။ ဟိုတလောကမှ ပလက်ဝဘက်က အလင်းဝင်လာတဲ့ ရဲသားတွေဆိုရင်လည်း စားစရာမရှိဘူး။ တစ်ယောက်စီက ဆန်နည်းနည်း စီယူပြီးစားကြရတာ။ ဘာမှ မထောက်ပံ့တော့ဘူး။ ဒေသခံတာဝန်ခံလူကြီးတွေကလည်း စာရင်းတွေတော့ ကောက်သွားတယ်။ ဒါပေမဲ့ ဘာမှတော့ထောက်ပံ့မှု မရလာဘူး။ အခုဆို တစ်နှစ်ကျော်တောင်ရှိပြီး။ အလုပ်လုပ်နိုင်မယ့်နေရာတွေလည်း မရှိပါဘူး ။ အငှားလိုက်ဖို့လည်း မရှိဘူး။ တစ်ခါတလေ တောင်ယာတွေခုတ်တဲ့အခါ အငှားလိုက်ကြတယ်။ ဒါပဲရှိတာ။ ကျန်တဲ့အချိန်ဆို ဒီတိုင်းနေနေရတာ။ ဘာမှ လုပ်စရာလည်း မရှိဘူးလေ။

အလိုအပ်ဆုံးက ဆန်ပါပဲ။ ထမင်းစားဖို့အတွက်၊ အခုတောင် ဘယ်နေ့ကုန်မလဲ စိုးရိမ်နေကြရတာ။ တချို့ဆို ဆန်တစ်ဘူး၊ နှစ်ဘူးချေးငှားပြီး စားကြရတာဆိုတော့လေ။

ကမ့်ထဲမှာ ခြင်းတောင်းတွေ၊ ပလိုင်းတွေလုပ်ပြီး အနီးအနားရွာမှာ ရောင်းကြတာတွေတော့ရှိတယ်။ ဒါပေမဲ့ ငွေက နည်းနည်းပဲရတာ။ အကုန်လုံး မလုပ်နိုင်ကြဘူး။ အမျိုးသားသက်ကြီးရွယ်အိုပိုင်းတွေပဲ လုပ်ကြရတယ်။ ဝါးတွေကိုတော့ ဒေသခံတွေက အိမ်လုပ်ဖို့ဘာညာအတွက်တော့ ခွင့်ပြုထားတာရှိတယ်။ ၂၀၂၁ ခုနှစ်လောက် ကတည်းကရောက်တဲ့သူတွေထဲက လူနည်းစုတော့ တောင်ယာလုပ်ကြတယ်။ သူတို့ဆီကိုပဲ အကူညီတောင်းရတယ်။

ကျန်းမာရေးပိုင်းမှာတော့ ဟိုတလောကတော့ ဖျားနာတာတွေရှိတယ်။ အခုတလောတော့ နည်းနည်းငြိမ်လာကြပြီ၊ ဆေးဝါးတွေကလည်းမရှိလို့ အရမ်းအခက်တွေ့နေရတယ်။ အဓိကကတော့ ဆန်ပါပဲ ဆန်လိုအပ်ချက်ရှိတယ်။ စားဖို့သောက်ဖို့အတွက်ပဲလိုအပ်နေတယ်လို့ ပြောချင်ပါတယ်။

****************************************

 

“အဲ့ဒီထဲမှာ ကလေးတွေရဲ့ ပညာ‌ရေးတွေစွန့်လွှတ်လိုက်ရတယ်”

 

မင်းတပ်မြို့မှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦး

 

စစ်ရှောင်စခန်းမှာနေရတာကတော့ မနှစ်တုန်းကလိုထောက်ပံ့မှုတွေမလာတော့တဲ့အတွက် တအား ခက်ခဲတယ် နေ့စားအလုပ်လည်းမရှိ တစ်ခြားလုပ်ငန်းတွေ ပညာရဖို့အခွင့်အလမ်းလည်းမရှိတဲ့အခါ တကယ့်ကိုခက်ခဲတယ်၊ အစားအသောက်ဆိုရင်လည်း ‌ငွေရှိမှ ကလေးတွေကျောင်းထားဖို့ဆိုရင်လည်း ငွေရှိမှ ဆိုတော့၊ ကျွန်မတို့ အလုပ်အကိုင်လည်းမရှိတဲ့အခါ အစစအရာရာ အကုန်လုံးခက်ခဲသွားတာပေါ့။

 

အဓိက လုပ်ငန်းတစ်ခုခုရှိဖို့လိုတာပေါ့ အဲ့လိုအလုပ်လေးရရင် ကိုယ့်ရဲ့မိသားစုထဲမှာ ကိုယ့်ရဲ့အခက် အခဲတွေကို ဖြေရှင်းနိုင်မယ်လို့ထင်တာပဲ အဓိကကတော့ အလုပ်လေးရှိဖို့‌ပေါ့၊ ပြီးတော့ ကျန်းမာရေးလည်း အရေးကြီးတာပေါ့ ကျန်းမာရေးကောင်းမှ လုပ်ငန်းလုပ်နိုင်မှာဆိုတော့လေ အဲ့တာလည်းလိုအပ်ပါတယ်။ ငွေကြေးအခက်ခဲရှိတဲ့အခါကြတော့ ကျန်းမာရေးမကောင်းတဲ့အချိန်ဆိုရင်လည်း စိတ်ကသာ သွားနိုင်တာ ကိုယ်တိုင်မရောက်နိုင်ဘူးပေါ့နော် ကိုယ်တိုင်မသွားနိုင်တော့ ရောဂါဟာပိုပြီးဆိုးဆိုးလာပြီးတော့ နောက်ဆုံးအခြေအနေရောက်မှ သွားရတဲ့အခြေအနေဖြစ်နေတာ ဒီလိုအခြေအနေတွေရှိပါတယ်။

 

စစ်ရှောင်ရတဲ့အတွက် စွန့်လွှတ်ရတဲ့ အခွင့်အရေးတွေအများကြီးရှိပါတယ် အဲ့ဒီထဲမှာ ကလေးတွေရဲ့ ပညာ‌ရေးတွေစွန့်လွှတ်လိုက်ရသလို ၊ ပြီးရင် ကျွန်မတို့လင်မယားနှစ်ယောက်ဆိုရင် ဝန်ထမ်းဖြစ်တဲ့အတွက် လစာတွေစွန့်လွှတ်ခဲ့ရတယ် ၊ ဒီလစာနဲ့ပဲ ဘဝရဲ့အခက်အခဲတွေကိုဖြေရှင်းခဲ့ရတာ၊ အခုစစ်ရှောင်လာရတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး၊ စားဝတ်နေရေးကိုဘယ်လိုဖြေရှင်းရမလဲမသိဖြစ်သွားတာပေါ့ ၊ ကိုယ်ကအဲ့ဒီကြားထဲ ကျန်းမာရေးလည်းမကောင်း ကျွန်မ ဗိုက်ဆိုရင် ၄ ကြိမ်‌လောက်ခွဲလိုက်ရတယ်ဆိုတော့ ဘာမှ အလုပ်လည်းမလုပ်နိုင်ဘူး ၊ တစ်ရက်နှစ်ရက်လောက်လုပ်ရင် ဗိုက်ကပြန်နာတာ ၊ဆေးခန်းပြဖို့လည်း ငွေမတတ်နိုင်ဘူးပေါ့  ဆေးခန်းတစ်ခါပြရင်ကို ရူပီ ၅ ထောင်လောက်က ကုန်သွားတာ အဲ့ဒါကြောင့် နာရင်လည်း အောင့်အီးပြီးနေနေရတာပေါ့၊ ဒီကြားထဲ ကလေးတွေကိုလည်း ထောက်ပံ့ရတာဆိုတော့ မလွယ်ပါဘူး။