“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (မတ်လ ၃ ရက်မှ ၈ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 09, 2024

ယခုအပတ်(မတ်လ ၃ ရက်မှ ၈ ရက်အထိ)အတွင်း အမေရိကန် သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း၊ ကမ္ဘာ့အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကြီး ပြီးဆုံးသွားတဲ့သတင်း၊ ၃၂ နိုင်ငံမြောက် NATO အဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်၊ ဂါဇာငြိမ်းချမ်းရေးဆွေးနွေးမှု ဟားမက်စ်ထွက်ခွာ စတဲ့သတင်းတွေနဲ့အတူ ထိပ်တန်းရောက်သတင်းတွေကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

****************************************

 

“အရှေ့တောင်အာရှ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြီးဆုံး”

 

အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဟာ မတ်လ ၈ ရက် သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကနေ စတင်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးဟာ ၁၂ ရက်အကြာမှာ အဆုံးသတ်ခဲ့တာပါ။ Cobra Gold လို့ အမည်ရတဲ့ စစ်ဆင်ရေးကြီးကို နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ၉၀၀၀ ကျော်နဲ့ ကျင်းပခဲ့တာပါ။

 

နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာတော့ အမေရိကန်၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၁၃၇ ယောက်ကနေ ကျည်အစစ်တွေနဲ့အတူ အမြှောက်တွေ၊ တိုက်လေယာဉ်တွေနဲ့ မြေပြင်စစ်ဆင်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လက်တွေ့လုပ်ဆောင်ခဲ့ကြပါတယ်။

 

ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံပေါင်းစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် ထင်ရှားပါတယ်။

 

ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေချိန်မှာ အမေရိကန်က မဟာမိတ် အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဓိကလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက်ကတော့ ဒီနှစ် စစ်ဆင်ရေးနဲ့ပတ်သက်လို့ “အနာဂတ်မှာ ပေါ်လာနိုင်ခြေရှိတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ လက်ရှိရင်ဆိုင်နေရတာတွေအတွက် ပြင်ဆင်တာ” လို့ ပြောပါတယ်။

 

အာဏာသိမ်းပြီးကတည်းက မဖိတ်ခံရတဲ့ မြန်မာစစ်ကောင်စီ ဒီနှစ်လည်း မပါဝင်ခဲ့ရပေမဲ့ တရုတ်ကတော့ လူသားချင်းစာနာမှု အကူအညီပေးရေးလေ့ကျင့်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါတယ်။

****************************************

 

“ဝေဖန်မှုတွေ ညံခဲ့တဲ့ ကန် သမ္မတရဲ့ မိန့်ခွန်း”

 

ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိအမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီတစ်ပတ် မတ်လ ၇ ရက် ကြာသာပတေးနေ့မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ထွက်ပြောခဲ့ပါတယ်။

 

အဲဒီမိန့်ခွန်းထဲ ပြည်တွင်းရေးရာကိစ္စတွေကို အသားပေးပြောခဲ့သလို အရေးပါတဲ့ နိုင်ငံတကာကိစ္စတချို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ပါတယ်။ အစ္စရေး-ဟားမက်စ်တို့ရဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ယာယီအပစ်အခတ်ရပ်အောင် မနားမနေ ကြိုးစာနေတယ်လို့ ပြောခဲ့သလို ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ ပေးနိုင်အောင်ခွင့်ပြုပေးပါလို့ အစ္စရေးအစိုးရကိုလည်း တိုက်တွန်းခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့တော့ ယူကရိန်းကို အမေရိကန်က နောက်ထပ် စစ်ရေးအကူအညီတွေပေးနိုင်အောင် သူ့ အစိုးရအဆိုပြုထားတဲ့ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးဖို့လည်း အတိုက်အခံ ရီပတ်ဘလီကန်ပါတီက လွှတ်တော်အမတ်တွေကို သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုတွင်းမှာရော ကမ္ဘာတဝန်းမှာပါ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ အရေးကြီးတယ်လို့လည်း သမ္မတက အလေးပေးပြောပါတယ်။ သမ္မတဟောင်း Donald Trump ကို နာမည်မတပ်ပေမဲ့ အမေရိကန်ဒီမိုကရေစီအတွက် အန္တရာယ်ရှိသူအဖြစ် ပုံဖော်ပြောဆိုခဲ့ပါတယ်။

 

ဒီဘက်နှစ်တွေမှာ အမေရိကန်ရဲ့ အကြီးမားဆုံးယှဉ်ပြိုင်ဘက်ဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကိုလည်း ထည့်ပြောခဲ့တဲ့အထဲ စီးပွားရေးမှာ မမျှမတလုပ်နေတယ်လို့ စွပ်စွဲခဲ့သလို သူ့အစိုးရလက်ထက်မှာ တရုတ်နဲ့ပတ်သက်ရင် အရင် သမ္မတ ထရန့်လက်ထက်ကထက် ပြတ်ပြတ်သားသားလုပ်ခဲ့တယ်လို့ သမ္မတ Biden က ပြောကြားသွားပါတယ်။

 

သူ့ရဲ့ ပြောကြားမှုတွေကို ပြိုင်ဘက်အတိုက်အခံပါတီ ရီပတ်ဘလီကန်က ပါတီကိုယ်စား အလာဘားမားပြည်နယ် အထက်လွှတ်တော်အမတ် ကေတီဘရစ်ကို ဝေဖန်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ၁၅ မိနစ်စာ ရုပ်သံဖိုင်ထဲ ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။

 

ဘိုင်ဒန်ကို ‘ငကြောက်’ ဆိုတဲ့အသုံးအနှုန်းအထိ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ “ကိုယ် ဘာလုပ်ရမယ်ဆိုတာကို မဝေခွဲတတ်တဲ့၊ ပျော့ညံ့တဲ့ခေါင်းဆောင်တစ်ယောက်” လို့လည်း ထိုးနှက်သွားခဲ့ပါတယ်။

 

အသက်အငယ်ဆုံးနဲ့ ကလေးနှစ်ဦးရဲ့မိခင် လွှတ်တော်အမတ်က “သမ္မတ ဘိုင်ဒန်ဟာ အမေရိကန်ကို ကမ္ဘာ့အလယ်မှာ ဝေဖန်ထိုးနှက်ခံရအောင် လုပ်နေတဲ့သူ”၊ အမေရိကန် မျိုးဆက်တွေအတွက် အခွင့်အလမ်းနဲ့ လွတ်လပ်ခွင့်တွေ နည်းပါးလာနေတာကြောင့် သူ့သားသမီးတွေတောင် အမေရိကန် အိပ်မက်ဆိုတာတွေကို အကောင်အထည်ဖော်နိုင်ပါဦးမလား သူစိုးရိမ်မိတယ်လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

 

ရီပတ်ဘလစ်ကန်ရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မတ်ချ် မက်ကွန်နယ်တို့က ဘိုင်ဒန်ရဲ့ အုပ်ချုပ်တဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အမေရိကန်မှာ စီးပွားရေးကနေ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေအထိ အဘက်ဘက်က အလျင်အမြန် ဆုတ်ယုတ်လာခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

 

အရင်နှစ်တွေနဲ့မတူ ဒီနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမယ့်အချိန်မှာ အထင်ကရ ရီပတ်ဘလစ်ကန် အမတ်တွေက တပြိုင်တည်း ထိုးနှက်ဝေဖန်ခဲ့ကြပါတယ်။

****************************************

 

“NATO အဖွဲ့ထဲ ဝင်လိုက်တဲ့ ဆွီဒင်”

 

နှစ်ပေါင်းအတော်ကြာ စောင့်ကြည့်နေခဲ့တဲ့ ဥရောပတိုက်ထဲက ဆွီဒင်နိုင်ငံဟာ မတ်လ ၇ ရက် ကြာသာပတေးနေ့မှာတော့ NATO အဖွဲ့ထဲ ဝင်ရောက်လာခဲ့ပါတယ်။ ဆွီဒင်ဟာ ၃၂ နိုင်ငံမြောက်အဖြစ် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)ရဲ့ အဖွဲ့ဝင်ဖြစ်လာတာပါ။

 

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကြားနေနိုင်ငံအဖြစ် ရပ်တည်လာခဲ့တဲ့ ဆွီဒင်နိုင်ငံဟာ တရားဝင်အခမ်းအနားပြုလုပ်ပြီး အဖွဲ့ဝင်ဖြစ်လာတာပါ။

 

ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်မှုကို အဓိကဆန့်ကျင်တဲ့ အနောက်မဟာမိတ်နိုင်ငံတွေရဲ့ NATO အဖွဲ့ထဲဝင်ရောက်တဲ့ တရားဝင်အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာနကို ဆွီဒင်ဝန်ကြီးချုပ် အဲလ်ဖ် ခရစ်စ်တာဆန် ကိုယ်တိုင်တက်ရောက်ခဲ့တာပါ။

****************************************

 

“ဝေဝါးနေဆဲ ဂါဇာငြိမ်းချမ်းရေး”

 

အလုံးစုံပျက်သုဉ်းသွားတဲ့ ဂါဇာဒေသမှာ ငြိမ်းချမ်းရေးဆိုတာကို အခုထိ ဒိုင်ယာလော့ကနေ မကျော်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီမှုမရဘဲ ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

 

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ သူတို့အဖွဲ့ ထွက်ခွာသွားပြီလို့ ဟားမက်စ်အဖွဲ့က အသိပေးခဲ့ပေမဲ့ ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်ထဲ ပြန်စမယ်လို့ ဆိုခဲ့ပါတယ်။

 

အစ္စရေးနဲ့ ဟားမက်စ်တာဝန်ရှိသူတွေဟာ ခြောက်ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးအပါအဝင် ဟားမက်စ်တို့ ထိန်းသိမ်းထားတဲ့ ဓားစာခံတချို့ ပြန်လွှတ်ပေးရေးနဲ့ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတချို့ ပြန်လွှတ်ပေးရေးတို့ ပါဝင်တဲ့ ကိစ္စရပ်တွေကို အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

 

ဒီဆွေးနွေးမှုနဲ့ပတ်သက်လို့ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာလည်း ထည့်ပြောသွားခဲ့သလို ဂါဇာဒေသငြိမ်းချမ်းရေးနဲ့ အကူအညီတွေရနိုင်ဖို့ ကြိုးစားပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ဘာသဘောတူညီချက်မှ မချနိုင်ကြသေးပါဘူး။

 

ဂါဇာထဲကနေ အစ္စရေးတပ်ဖွဲ့တွေ အပြီးအပိုင် ရုပ်သိမ်းပေးရမယ်လို့ ဟားမက်စ်ရဲ့ တောင်းဆိုချက်ကို အစ္စရေးဘက်က ငြင်းပယ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်အဖွဲ့ရဲ့ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀ဝ လောက် သေဆုံးခဲ့ရပြီးတဲ့နောက် အစ္စရေးက ဟားမက်စ်တို့ရှိရာ ဂါဇာကမ်းမြောင်ကို ဝင်ရောက်တိုက်ခိုက်နေတာမှာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြုတ် ချေမှုန်းဖို့ရည်ရွယ်ထားကြောင်း အစ္စရေးက ပြောထားပါတယ်။ အခုတော့ ပါလက်စတိုင်းပြည်သူ သုံးသောင်းကျော် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဟားမက်စ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။