ထားဝယ်၊ သရက်ချောင်းတို့က စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော် ရိက္ခာ၊ ဆေးဝါးအပြင် လေကြောင်းရန် အသိပညာပေး ကူညီမှုများလိုအပ်

Author မင်းထက်
Categories
Published on Mar 09, 2024

တနင်္သာရီတိုင်း၊ ထား၀ယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းက စစ်ရှောင် သုံးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများအပြင် လေကြောင်းရန် အသိပညာပေးရေးပါ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

 

“အသိပညာမျှဝေတဲ့ အစီအစဥ်တွေပိုပြီး လိုအပ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

မတ်လ  ၂ ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာတွင်ရှိသော စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်က MI-2 ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့ပြီး  စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများအတွင်းသို့လည်း ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာ၀န်ရှိသူက​ ပြောသည်။

 

တိုက်ပွဲကြောင့် ထား၀ယ်မြို့နယ်ရှိ ရောင်း​မော်၊ ရှမ္မတွင်း၊ ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မော်ရှည်ကုန်း၊ စော်ဖျား၊ အင်းပြား စသည့်ကျေးရွာများမှ ပြည်သူ (၁၅၀၀)ဝန်းကျင် အရေးပေါ်စစ်ဘေးရှောင်ခဲ့ရကြောင်း၊ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာမလုံခြုံမှုများနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထို့ပြင် မတ်လ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်က MI-2 ရဟတ်ယာဥ်ဖြင့် သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာအနီးတဝိုက်သို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ရောင်းမော်ကျေးရွာတိုက်ပွဲကြောင့် ရှောင်လာကြရတာဆိုတော့ ကာလအားဖြင့် ရက်ပိုင်းပဲ ရှိပါသေးတယ်။ပြီ းတော့ စစ်ဘေးရှောင်တာကလည်း အမြဲတမ်းစစ်ဘေးရှောင်သဘောမျိုးမဟုတ်ဘဲနဲ့ ယာယီသဘောမျိုးပဲရှိပါတယ်ခင်ဗျာ။ သရက်ချောင်းမြို့နယ်အတွင်းမှာဆိုရင် ၂၀၀၀ ကျော်ရှိပါတယ်” ဟု စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

ထား၀ယ်နှင့် သရက်ချောင်းမြို့နယ်တို့က တိမ်းရှောင်လာရသူများအနေဖြင့် စစ်တပ်၏ပထမဆုံးသော လေကြောင်းတိုက်ခိုက်ခံရမှုကို တွေ့ကြုံခဲ့ရမှုကြောင့် ထိတ်လန့်လျက်ရှိနေကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းများ လိုအပ်မှုကြောင့် အခက်ခဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ယင်းမြို့နယ်နှစ်ခုမှ စစ်ဘေးရှောင်ပြည်သည် သုံးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပါ လိုအပ်သည့်အပြင် လေကြောင်းရန် အသိပညာပေးရေးပါ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ထားဝယ်တောင်ပိုင်းဒေသတွင် ယနေ့အချိန်ထိ စစ်ရေးတင်းမာလျက်ရှိပြီး ထားဝယ်တောင်ပိုင်း ကျေးရွာအချို့နှင့် သရက်ချောင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု​ပေးခြင်း၊ လေကြောင်းရန်အပါအဝင် မိုင်းအန္တရာယ်နှင့်ပတ်သက်သော သိမှတ်ဖွယ်ရာအချက်များကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း စသောအကူအညီများ ကူညီပေးလျက်ရှိသည်ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။