ရန်ကုန်တွင် ဆေးခန်းပြခနှင့် ဆေးဝါးများ ဈေးသုံးဆခန့်တက်

Published on Mar 05, 2024

ရန်ကုန်တွင် မြို့နယ်များအတွင်းရှိ ရပ်ကွက်အတွင်းဖွင့်လှစ်ထားသော ပုဂ္ဂလိက အထွေ‌ထွေရောဂါကု ဆေးခန်းခများနှင့် ဆေးဝါးဈေးနှုန်းများသည် အာဏာမသိမ်းခင်ကာလကထက် ဈေးသုံးဆခန့် မြင့်တက်လာကြောင်း ဆေးဝါးကုမ္ပဏီအချို့နှင့် မြို့ခံများထံမှ စုံစိမ်းသိရှိရသည်။

 

ဆေးခန်းပြခများမှာ ရိုးရိုးသာမန်ဖျားနာ ပြသမှုပင် ယခင်ကထက် သုံးဆအထိများလာသည့်အတွက် အခြေခံလူတန်းစားများအတွက် အခက်ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။

 

“အရင် အာဏာမသိမ်းခင်ကမှ ဆေးခန်းပြရင် ၃၀၀၀ လောက်ပဲကုန်တာ။ အခု တစ်ခါပြရင် ၉၀၀၀၊ ၁၀,၀၀၀ ဖြစ်နေပြီ။ ပြင်ပဆေးဝယ်သောက်လို့ ပျောက်လောက်ရင်တော့ တော်ရုံမပြဘူးပေါ့။ ဆေးထိုးမှ၊ စမ်းသပ်မှပျောက်မှာမျိုးဆို သွားပြရတာပါပဲ။ ကလေးက ပိုဈေးကြီးတယ်။ ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရှိတယ်။ တစ်နေ့လုပ်ခ ကျပ် တစ်သောင်းဝန်းကျင်ပဲရတဲ့သူဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ” ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ထို့ပြင် အခြေခံလိုအပ်သည့်ဆေးဝါးများသည်လည်း ဈေးနှစ်ဆမှ သုံးဆအထိ ဆက်တိုက်မြင့်တက်နေကြောင်း ဝယ်ယူသုံးစွဲသူများက ဆိုသည်။

 

“အခြေခံဖျားနာ ရိုးရိုးဖြစ်ရင်သောက်တဲ့ဆေးတွေတောင် အရင်ထက် သုံးဆလောက်တက်သွားတယ်။ နာတာရှည်ရောဂါ ဆီးချိုဆေးတို့၊ တခြားဆေးတွေလည်း တချို့ဆိုင်တွေဆို ဝယ်မရဘူး။ နောက်ပြီး အားဆေးတချို့ကိုပေါ့။ အထူးကုဆေးခန်းတွေလည်း တစ်ခါပြတာနဲ့ ငါးသောင်းကနေ တစ်သိန်းကြားကုန်တယ်” ဟု နာတာရှည်ရောဂါသည် လူနာရှင်တစ်ဦးက ပြောသည်။

 

ဒေါ်လာဈေးတက်ခြင်းနှင့် တင်သွင်းခွင့် ခွင့်ပြုချက်စောင့်ရခြင်းများကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကြီးခြင်း၊ ပြတ်လပ်ခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း နာမည်ကြီး ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်သော AA Medical Product  အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

 

“အရင်လောက်တော့ ဈေးတွေကမတက်တော့ဘူး။ အရင်က ၇ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်တက်တယ်။ အခုတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ နှစ်ဆ လောက်ပဲ။ နာတာရှည်ရောဂါအတွက် ဆေးတွေကတော့ သွင်းလို့ရလောက်ရုံတော့ရတယ်။ တချို့ဆေးတွေကျလည်း နားလည်မှုနဲ့ ခွင့်ပြုချက်ယူရတာပေါ့” ဟု ၎င်းက ပြောသည်။

 

လတ်တလော ဈေးနှုန်းများအရ သာမန် ဖျားနာ၊ ခေါင်းကိုက်ပါက သောက်သုံးလေ့ရှိသည့် ဒီကိုဂျင် တစ်ကတ်(၁၀ လုံးပါ)လျှင် ကျပ်၂၁၀၀၊ တစ်ဘူးလျှင် ကျပ် ၂၀,၆၀၀ ဝန်းကျင်အထိသို့လည်းကောင်း၊ ဘိုင်အိုဂျက်ဆစ် (၁၀ လုံးပါ) တစ်ကတ်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်နှင့် တစ်ဘူးလျှင် ကျပ် ၄၇,၀၀၀ ဝန်းကျင်အထိသို့လည်းကောင်း၊ အစာအိမ်လေဆေးတစ်မျိုးဖြစ်သော Air X တစ်ကတ်လျှင် ကျပ် ၁၂၀၀ နှင့် တစ်ဘူးလျှင် ကျပ် ၅၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း လက်ကားဆေးဆိုင်များထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်