ဂါဇာကမ်းမြောင်ဒေသကို ပထမဆုံးအကြိမ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လေယာဥ်ပေါ်မှ အမေရိကန်ချပေး

Author အဂ္ဂ
Categories
Published on Mar 04, 2024

အမေရိကန်ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်ဒေသအတွက် သူတို့ရဲ့ ပထမဆုံးသော လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အစားအသောက်ပေါင်း(၃၀,ဝ၀ဝ)ကျော်ကို စစ်သုံးလေယာဉ်သုံးစင်းအသုံးပြုပြီး မတ်လ (၂) ရက်နေ့က လေထီးတွေနဲ့ ချပေးခဲ့ပါတယ်။

ဂျော်ဒန်လေတပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဲဒီလုပ်ငန်းစဉ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့  ပြောကြားချက်များစွာထဲက ပထမဦးဆုံးလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသရဲ့ မြောက်ပိုင်းမှာ အငတ်ဘေးကြီးကျရောက်နေတယ်လို့လည်း လူသိများထင်ရှားတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲတစ်ဦးက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့(ဖေဖော်ဝါရီ (၂၉) ရက်နေ့)တုန်းက ဂါဇာမြို့အပြင်ဘက်က အကူအညီပေးရေးယာဉ်တန်းဆီကို လူအုပ်ကြီးက အပြေးအလွှားသွားနေခိုက်မှာ အစ္စရေးတို့ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ (၁၁၂) ဦး သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်အတွက် ဟားမက်စ်တို့က အစ္စရေးတို့ကို အပြစ်တင်ခဲ့ပြီး အစ္စရေးဘက်ကတော့ သူတို့လုပ်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ တုံ့ပြန်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပြီးချိန်မှာပဲ အမေရိကန်ဘက်က ခုလို အကူအညီပေးရေး ကိစ္စလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

 

အစ္စရေးတို့ဘက်က အဲဒီသဘောတူညီချက်ကို အနည်းနဲ့အများ လက်ခံထားပြီးဖြစ်တယ်လို့လည်း ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးက စနေနေ့ (မတ်လ ၂ ရက်နေ့)မှာ ပြောခဲ့ပါတယ်။

“ထိခိုက်လွယ်တဲ့ ဓားစာခံအမျိုးအစားတွေလို့ သတ်မှတ်ထားတဲ့ ဖျားနာနေတဲ့သူ၊ ဒဏ်ရာရရှိထားတဲ့သူ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ဟားမက်စ်တို့ဘက်ကသာ လွှတ်ပေးဖို့ သဘောတူခဲ့ရင် ဒီကနေ့မှာပဲ ခြောက်ပတ်ကြာ အပစ်ရပ်စဲရေးကိစ္စ အသက်ဝင်မှာဖြစ်ပါတယ်” လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။

 

ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူတွေဟာ တနင်္ဂနွနေ(မတ်လ ၃ ရက်နေ့)မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစည်းအဝေးပြန်လည်ခေါ်ယူဖို့ ရှိနေပြီး ဟားမက်စ်နဲ့ အစ္စရေးတို့ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ အစည်းအဝေးကို တက်ရောက်ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အီဂျစ်တာဝန်ယူရှိသူတွေက ဆိုပါတယ်။

 

(လက်ရှိအချိန်အထိကတော့ အပစ်အခတ်ရပ်စဲရေးကိစ္စ အစည်းအဝေးအကြောင်း နောက်ဆက်တွဲ ဘာသတင်းမှ မကြားရသေးပါ။)

တာဝန်ရှိသူတစ်ဦးကတော့ ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ လဲလှယ်ဖို့အတွက် အစ္စရေးတို့ဘက်က ပါလက်စတိုင်း အကျဉ်းသား ဘယ်နှယောက်ကို လွှတ်ပေးမလဲ စတဲ့အချက်အပါအဝင် သဘောတူညီချက်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတချို့ကတော့ ဖြေရှင်းဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

စနေနေ့ (မတ်လ ၂ ရက်နေ့)တုန်းက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ ဂါဇာကမ်းရိုးတန်း တလျှောက် အစားအစာပေါင်း (၃၈,ဝ၀ဝ)ကျော် လေကြောင်းကနေ ချပေးခဲ့တယ်လို့ အမေရိကန်ရဲ့ ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ဒီလေကြောင်းကတဆင့် အကူအညီအထောက်အပံ့တွေပေးတာက ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီအထောက်အပံ့တွေ ပိုမိုရရှိဖို့ စဉ်ဆက်မပြတ်ကြိုးစားနေမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီထဲမှာ အထောက်အပံ့အကူအညီတွေ စီးဆင်းနိုင်ဖို့ နိုင်ငံဖြတ်ကျော်သယ်ဆောင်နိုင်မယ့် ကုန်းကြောင်းစင်္ကြန်တွေ လမ်းကြောင်းတွေချဲ့ထွင်နိုင်ဖို့လည်း ပါဝင်ပါတယ်” လို့ ဆက်လက်ဖော်ပြထားပါတယ်။

 

ယူကေ၊ ပြင်သစ်၊ အီဂျစ်၊ ဂျော်ဒန်အပါအဝင် အခြားနိုင်ငံတွေဟာ ဂါဇာကမ်းမြောင်ဒေသကို ယခင်ကတည်းက လေကြောင်းကနေတဆင့် အကူအညီတွေ ပေးခဲ့တာမျိုးရှိခဲ့ပေမယ့် အမေရိကန်နိုင်ငံက အခုလိုကူညီတာကတော့ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။

 

အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နော်ဝေဒုက္ခသည်များ ကောင်စီရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ ဂျန်အက်ဂီလန် (Jan Egeland) ဟာ  ဂါဇာဒေသကို သုံးရက်တာ သွားရောက်ခဲ့ပြီး ပြန်ရောက်လာပါတယ်။

 

“ထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံတွေအတွက် ကျွန်တော်ကြိုပြီး ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီမှာ ဖြစ်ပျက်နေတာတွေက ထင်ထားတာထက် တကယ်ကိုဆိုးရွားပါတယ်။ အင်မတန်ကို ဆိုးရွာပါတယ်” လို့ BBC သတင်းဌာနကို တနင်္ဂနွေနေ့မှာ သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။

 

“လူတွေက မင်းရဲ့ လက်ကို လှမ်းကိုင်ချင်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့ ငတ်မွတ်နေပါပြီ။ ကျွန်တော်တို့ ဒီမှာပဲ သေရပါတော့မယ်” လို့ ပြောနေကြတယ်၊ ကျွန်တော့်အထင် ဂါဇာမြောက်ပိုင်းဒေသဟာ အငတ်ဘေးကြီး ကျရောက်နေပါပြီ” လို့ သူက ဆိုပါတယ်။

 

အဲဒီဒေသမှာ အစ္စရေးတို့က ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပေးထားသလို အပျက်အစီးပုံတွေကြား နေနေရတဲ့ လူသုံးသိန်းလောက်အတွက် ဘာအကူအညီအထောက်အပံ့မှ မရှိဘူးလို့လည်း  သူက ဆက်ပြောပါတယ်။

 

“ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ဂါဇာဒေသကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ စီးဝင်မှုကို တိုးချဲ့ဖို့နဲ့ ရေရှည်တည်မြဲအောင်ထိန်းသိမ်းဖို့က အရေးတကြီးလိုအပ်နေပြီဆိုတာ ကြာသပတေးနေ့ဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်” လို့ အမေရိကန် အုပ်ချုပ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

 

အကူအညီပေးရေးအဖွဲ့အစည်းတွေကတော့ လေကြောင်းကနေ အကူအညီပစ္စည်းတွေပေးပို့တာက ထိရောက်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။

 

“လေကြောင်းကနေ ပစ္စည်းတွေချပေးတာတွေက ကုန်ကျစရိတ်ကြီးတယ်။ ဖြစ်ကတတ်ဆန်းလည်းနိုင်တယ်။ ပြီးတော့ မလိုအပ်တဲ့ သူတွေက အကူအညီပစ္စည်းတွေ ရသွားတာမျိုးလည်း အမြဲတမ်းဖြစ်တတ်တယ်” လို့ မစ္စတာ ဂျန်အက်ဂီလန်က ပြောပါတယ်။

 

နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ ဂါဇာဒေသခံ မစ္စတာ မက်ဒ်ဟက် တာဟာ (Medhat Taher) ကလည်း အဲဒီလိုအကူအညီပေးတာက ဆိုးရွားပြီး လုံလောက်မှုမရှိနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

“ဒါတွေက ကျောင်းတစ်ကျောင်းစာအတွက် လုံလောက်ပါ့မလား။ ဒါတွေက လူတစ်သောင်းလောက်အတွက် လုံလောက်ပါ့မလား။ အဲဒီလိုမျိုး လေကြောင်းကနေ လေထီးနဲ့ အကူအညီတွေကို ချပေးနေတာထက်စာရင် ကုန်းကြောင်းကနေ‌ ဒေသဖြတ်ကျော်ပြီး အကူအညီပို့ပေးတာက ပိုကောင်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ သောကြာနေ့ (မတ်လ ၁ ရက်နေ့)က ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “အကူအညီ လိုအပ်နေသူတွေကို သူတို့လိုအပ်နေတဲ့အကူအညီတွေ ပိုပိုပြီး ရရှိစေဖို့ (အကူအညီပစ္စည်းတွေ သယ်ဆောင်လာတဲ့)ထရပ်ကားတွေနဲ့ ကားသွားနိုင်တဲ့လမ်းကြောင်းတွေ ပိုပြီး များလာစေဖို့ အစ္စရေးအနေနဲ့ ပံ့ပို့ပေးဖို့ အလေးအနက်တိုက်တွန်းပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

 

အမေရိကန် ဒုသမ္မတ ကာမလာ ဟားရစ် (Kamala Harris)က ယနေ့(မတ်လ ၄ ရက်)တနင်္လာနေ့မှာ အစ္စရေး စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့ဝင် ဘန်နီ ဂန့်ဇ် (Benny Gantz) နဲ့ ဝါရှင်တန်မှာ တွေ့ဆုံဖို့ရှိပြီး အပစ်အခတ် ရပ်စဲရေးနဲ့ အခြားကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိတယ်ဆိုတဲ့အကြောင်းကို အိမ်ဖြူတော် အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

ကြာသပတေးနေ့ ထိခိုက်သေဆုံးမှုဟာ ဂါဇာစီးတီးအနောက်တောင်ဘက်အစွန်းမှာ ဖြစ်ပွားခဲ့ပြီး အဲဒီနေရာမှာရှိတဲ့ အကူအညီပေးရေး ကုန်တင်ကားကို လူအများက ဝိုင်းအုံနေတဲ့အခိုက်မှာ အစ္စရေးဘက်က  ပစ်ခတ်ခဲ့တာကြောင့် (၁၁၂) ဦးသေဆုံးပြီး (၇၆၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။

 

အစ္စရေးတို့ဘက်ကတော့ လူအများအပြားဟာ သတိပေးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။

 

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးမှူး (UNOCHA) ဂါဇာကမ်းမြောင်ဒေသ ရုံးခွဲရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ ဂီအောဂီရို့စ် ပက်ထရိုပိုလော့စ် (Giorgios Petropoulos)ကလည်း သူနဲ့ သူ့ရဲ့ အဖွဲ့ဟာ အယ်ရှီဖာဆေးရုံကို ရောက်ခဲ့ပြီး အဲဒီမှာ သေနတ်ဒဏ်ရာရထားတဲ့ လူနာအများအပြားကို တွေ့ခဲ့ရတယ်လို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

 

ဂါဇာတောင်ပိုင်း ရာဖာမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးတို့ဘက်က စနေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ (၁၁) ဦးသေဆုံးခဲ့ရတယ်လို့ ဟားမက်စ်အဖွဲ့က ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကြဲဖြစ်သူ တက်ဒရို့စ် အက်ဟက်နွန် ဂယ်ဘရီရေးဆပ်စ် (Tedros Adhanom Ghebreyesus)ကလည်း အဆိုပါတိုက်ခိုက်မှုဟာ “အလွန်ရက်စက်လွန်းတယ်” လို့ ပြောဆိုခဲ့ပါတယ်။ အစ္စရေး စစ်တပ်ကတော့ အဆိုပါတိုက်ခိုက်မှုဟာ အဲဒီဒေသမှာရှိနေတဲ့ အစ္စလာမ်မစ် ဂျီဟတ်ဒ်စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တဲ့ တိကျတဲ့တိုက်ခိုက်မှုတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မကြာသေးမီရက်သတ္တပတ်အတွင်းက အကူအညီအနည်းငယ်သာရရှိခဲ့တဲ့ ဂါဇာမြောက်ပိုင်းဒေသဟာ မကြာခင်မှာ အငတ်ဘေးကြုံတော့မယ့် အကြောင်းနဲ့  အဲဒီဒေသက ခန့်မှန်းခြေ လူသုံးသိန်းလောက်ဟာ သန့်ရှင်းတဲ့ ရေနဲ့ အစားအစာအနည်းငယ်လေးကိုသာ ရရှိပြီး‌ နေထိုင်နေရတာဖြစ်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမက်စ်သေနတ်သမားတွေဟာ အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း (၁၂၀ဝ) ကျော် သေဆုံးစေခဲ့ကာ (၂၅၃) ဦးကို ဂါဇာဒေသဘက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပြီးနောက် အစ္စရေးဘက်က ဟားမက်စ်တွေကို ဖျက်ဆီးတိုက်ခိုက်ဖို့ လေကြောင်းနဲ့ ကုန်းကြောင်းကိုပါ သုံးပြီး ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

 

အဲဒီအချိန်ကစလို့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့  ပါလက်စတိုင်း ကလေးနဲ့ အမျိုးသမီး (၂၁,ဝ၀ဝ) ကျော် အပါအဝင် လူပေါင်း (၃၀,ဝ၀ဝ) ကျော်သေဆုံးခဲ့ပြီး (၇၀,ဝ၀ဝ)ကျော် ထိခိုက်ဒဏ်ရာရကာ (၇,ဝ၀ဝ)ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဟားမက်စ်လက်အောက်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Reuters

 

ကိုးကား – BBC , Reuters