“Make America Great Again” ပြန်ဖြစ်မလား…

Author လင်းနွေဦး
Categories
Published on Mar 04, 2024

“အမေရိကကို ပြန်လည်ကြီးမြတ်အောင်လုပ်ကြစို့” လို့ ကြွေးကျော်ခဲ့သူ ဘယ်သူလဲလို့ မေးစရာမလို။

 

ဆောင်ပုဒ်နဲ့ လူ၊ လူနဲ့ ဆောင်ပုဒ် တစ်သားတည်းမလို့ တစ်ကမ္ဘာလုံးကလူအများ အကျွမ်းတဝင် ရှိခဲ့ကြဖူးပါတယ်။

 

သူက ဒေါ်နယ် ထရမ့်။ စီးပွားရေးသမားကြီးအဖြစ် လူသိများကြတဲ့ သူဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတဖြစ်လာပြီးနောက် အထွဋ်အထိပ်ကို ရောက်ခဲ့တာပါ။

 

အဲဒီရွေးကောက်ပွဲမှာ သူ့ရဲ့ Slogan က ‘Make America Great Again’ လက်ကိုင်စွဲခဲ့တာပါ။

 

ထိုစဉ်က အဲဒီဆောင်ပုဒ်ကြောင့်ပဲ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟေလာရီ ကလင်တန်ရဲ့ ရေပန်းစားမဲအသာစီးရမှုကို ပြန်ကျော်တက်နိုင်ခဲ့တယ်ဆိုရင် မမှားပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့အထိ တွန်းတင်ပေးနိုင်ခဲ့တဲ့ ဒီကြွေးကြော်သံရဲ့ ပါဝါဟာ ကြီးမားခဲ့တယ်လို့ဆိုရမှာပါ။

 

အခုတော့ ထရမ့်တစ်ယောက် သူ့ရဲ့မိခင်ပါတီ ရီပတ်ဘလီကန်ကနေ ဒီနှစ်ရွေးကောက်ပွဲအတွက် သမ္မတလောင်း ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းစတင်နေရာမှာ ပါတီတွင်း ပြိုင်ဘက်တွေကြား အောင်ပွဲတွေဆင်နေပါတယ်။

 

အမေရိကန်ရွေးကောက်ပွဲဟာ ပါတီစုံစနစ်ဖြစ်ပေမဲ့ သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ အဓိက အင်အားကြီးပါတီကတော့နှစ်ခုပဲရှိပါတယ်။ အဲဒါကတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီတို့ပဲဖြစ်ပါတယ်။

 

အမျိုးသားနိုင်ငံရေးပါဝါအားကြီးတဲ့ ပါတီကြီးနှစ်ခုကို ကျန်ပါတီတွေ ယှဉ်ဖို့ရာ မဖြစ်နိုင်တဲ့အတွက် အမေရိကန် လွှတ်တော်အမတ် နေရာ၊ လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံဥသျှောင် နေရာဖြစ်တဲ့ သမ္မတ ရာထူးနဲ့ ပါဝါမြင့် ထိုင်ခုံတွေကို ဒီပါတီ နှစ်ခုကပဲ ခွဲဝေယူထားကြတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။

 

ဒီလိုရွေးကောက်ပွဲတွေကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပြည်နယ် ၅၀ က အသက် ၁၈ နှစ်ပြည့်ပြီးသူ အမေရိကန် နိုင်ငံသားတိုင်း လျှို့ဝှက်မဲပေးစနစ်(Ballot)စနစ်နဲ့ ကိုယ်တိုင်ကိုယ်ကျ မဲပေးခွင့်ရှိပါတယ်။

 

အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပက်ဘလစ်ကန်ပါတီတို့ဟာ နောက်ဆုံးအဆင့် သမ္မတ ရွေးကောက်ပွဲ မယှဉ်ပြိုင်ခင် လုပ်ရတဲ့အဆင့်တွေရှိနေပါသေးတယ်။

 

သက်ဆိုင်ရာ ပြည်နယ်တစ်ခုချင်းစီမှာ ပါတီတွင်း သမ္မတလောင်းနေရာအတွက် အရင်ယှဉ်ပြိုင်ရပါတယ်။ ပါတီတွင်း သမ္မတလောင်းနေရာတွေအတွက် အနိုင်ရရှိပြီးမှ ကိုယ်စားပြုပါတီရဲ့ တရားဝင် သမ္မတလောင်းအဖြစ် စာရင်းပေးသွင်းပြီး ကျန်အဆင့်တွေဖြစ်တဲ့ မဲဆွယ်စည်းရုံးတာ၊ သမ္မတလောင်းတွေကြား စကားစစ်ထိုးတာတွေနဲ့ ပြည်သူ့ဆန္ဒမဲခံယူတာတွေကို ဆက်လက်လုပ်ဆောင်ကြတာပါ။

 

ထူးခြားချက်အနေနဲ့ အချိန်ကာလအားဖြင့် ၈ လလောက် အချိန်ကြာတတ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ ပြည်သူတွေပေးတဲ့ ရေပန်းစားမဲအရေအတွက်ကနေ တင်မြှောက်ခြင်းမဟုတ်ဘဲ အထက်လွှတ်တော်အမတ်တွေနဲ့ ပါတီကိုယ်စားလှယ် စုစုပေါင်း ၅၃၈ ဦးပါဝင်မဲ့ ရွေးကောက်ပွဲ ကောလိပ်(Electoral College)ကနေတစ်ဆင့် လွှတ်တော်မှာ ပြန်လည်မဲခွဲပြီး မဲဆန္ဒ ၂၇၀ ရရှိသူက သမ္မတဖြစ်တာပါ။

 

အငြင်းပွားဖွယ်ရာရှိတဲ့ ဒီရွေးချယ်စနစ်ကနေပဲ စီးပွားရေးသမားတစ်ဖြစ်လည်း ဒေါ်နယ်လ် ထရမ့်ဟာ ၂၀၁၆ တုန်းက အမေရိကန် သမ္မတဖြစ်လာခဲ့တာပါ။

 

သူ ဘယ်လို သမ္မတ ဖြစ်ခဲ့တာလဲ။

 

ရွေးကောက်ပွဲရဲ့အသက်ဟာ မဲဆွယ်ဆောင်ပုဒ်တွေလို့ဆိုရင် မမှားကြောင်း ကမ္ဘာပေါ်က ပါတီစုံရွေးကောက်ပွဲတွေက သက်သေထူနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ မဲဆွယ်ဆောင်ပုဒ်က ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာလည်း အလွန်ကို ကျော်ကြားခဲ့ပါတယ်။

 

အဲဒီလိုပဲ ဒေါ်နယ်ထရမ့်ရဲ့ “Make America Great Again” လို့ခေါ်တဲ့ “အမေရိကကို ပြန်လည်ကြီးမြတ်အောင် လုပ်ကြပါစို့”ဆိုတဲ့ မဲဆွယ်ဆောင်ပုဒ်ဟာလည်း ကမ္ဘာကျော်ခဲ့ပါတယ်။

 

သူ့ဆောင်ပုဒ်ကို ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ “Stronger Together” “အတူတူ သန်မာ အင်အားကြီးရမယ်” လို့ ကျားမတန်းတူ အခွင့်အရေး အတွက် ဦးတည်ကြွေးကြော်ခဲ့တဲ့ ဒိုင်ယာလော့က မယှဉ်နိုင်ဖြစ်ခဲ့ရပါတယ်။

 

မယှဉ်နိုင်သမှ ပြည်နယ်တွေရဲ့ ရေပန်းစားမဲပေးမှုအရေအတွက်မှာ ထရမ့်ဟာ ကလင်တန်ထက် မဲအရေအတွက် ၂ ဒသမ ၉ သန်းအထိ နည်းခဲ့ပေမဲ့ ရွေးကောက်ပွဲ ကောလိပ်ကနေ မဲခွဲဆုံးဖြတ်ရာမှာတော့ လိုအပ်တဲ့ ၂၇၀ မဲထက် ၃၀ မဲကျော်ပိုခဲ့ပြီး စုစုပေါင်း ၃၀၄ မဲနဲ့ ကလင်တန်ရဲ့ ၂၂၇ မဲကို အပြတ်အသတ်ကျော်ဖြတ်ကာ ၄၅ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

 

အဲဒီနောက် သမ္မတတာဝန်ယူပြီးနောက်မှာလည်း “America First” (အမေရိကသာ ပထမ)ဆိုတဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက ရေပန်းစားခဲ့ပြန်ပါတယ်။ သူ သမ္မတသက်တမ်းအတွင်း လုံခြုံရေးနဲ့ နယ်စပ်ဖြတ်သန်းမှုကို ကန့်သတ်ဖို့ မက္ကစီကိုနဲ့ အမေရိကန် နယ်စပ်တံတိုင်းကို သမ္မတ သက်တမ်းအတွင်း ကာရံတာလိုက်တာမျိုးက ထင်သာမြင်သာရှိလှပါတယ်။

 

စီးပွားရေးသမားလည်းဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ဖို့အတွက် အခွန်အခလိုသလို ဖြတ်တောက်ပေးမှုတွေ၊ ကန့်သတ်ထားတာတွေ ဖြေလျော့ညှိနှိုင်းပေးမှုတွေအပြင် နိုင်ငံတကာနဲ့ ကုန်သွယ်မှုတွေကို တိုးမြှင့်ခဲ့တာကြောင့် သူ့ သမ္မတသက်တမ်းတစ်လျှောက် အမေရိကန်ရဲ့ စီးပွားရေးဟာ ခိုင်မာတောင့်တင်းခဲ့ပါတယ်။

 

ဘာပေးပြီး ဘာယူရမလဲဆိုတာ ကျွမ်းကျင်ပြီးသား ထရမ့်ဟာ စစ်ရေးပိုင်း ဝင်ကစားမှုမှာလည်း အမြတ်ထွက်မှုတွေရှိခဲ့တာပါ။ အဓိက အမေရိကန်နဲ့ အစေးမကပ်တဲ့ အီရန်နဲ့ ဆက်ဆံရေးပိုင်းကို အထူးတင်းကြပ်ခဲ့ပါတယ်။

 

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင်းမှာ အီရန်က အစ္စလာမ်မစ် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Iran’s Islamic Revolutionary Guard Corps (IRGC)ရဲ့ အဓိကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကွာဆမ် ဆူလေမာနီ(Qasem Soleimani)ကို မောင်းသူမဲ့ဒရုန်းနဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို အမေရိကန်ကဦးဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ် က ကြိုးကိုင်ခဲ့သူဟာလည်း ထရမ့်ပဲ ဖြစ်ပါတယ်။

 

ဒီလိုအောင်မြင်မှုတွေကြောင့် သူဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ရှုံးပြီး ဒုတိယသက်တမ်းကို လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို မဲအရေအတွက် ၂၃၂ မဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

ဇွဲမလျှော့တဲ့ ထရမ့်ဟာ အခုဆိုရင် ယခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ဖို့ ပြည်နယ်အလိုက် ပါတီတွင်း ယှဉ်ပြိုင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီကနေပဲ ယှဉ်ပြိုင်နေရာမှာ ပါတီတွင်း ပြိုင်ဘက်တွေကို အသာရနေပြီး မကြာသေးခင်ရက်ပိုင်းကပဲ မီချီဂန်ပြည်နယ်ကြီး ပါတီတွင်း သမ္မတရွေးချယ်ရေးမှာ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

 

အလားတူ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ဟာလည်း မီချီဂန်ပြည်နယ်ကြီးအတွက် ပါတီတွင်းပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့ပါတယ်။

 

သို့ပေမဲ့လို့ လက်ရှိ ကမ္ဘာ့အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမက်စ်အရေးနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်ရဲ့ကိုင်တွယ်မှုအပေါ် အမေရိကန်-အစ္စလာမ်နိုင်ငံသားတွေက အမြင်မကြည်ကြဖြစ်နေကြပါတယ်။ ဒါကြောင့် မဲပေးရာမှ နိုင်ငံရေးအရမပတ်သက်သော(Uncommitted)လို့ခေါ်တဲ့ သက်မဲ့မဲဆန္ဒခံယူရေး နေရာအတွက် ဦးဆောင်ပြီး လက်ရှိသမ္မတနဲ့ ပြိုင်ဆိုင်နေကြမှုတွေလည်း ရှိနေပါတယ်။

 

တစ်ဖက်မှာလည်း သမ္မတဟောင်း ဒေါ်နယ်လ် ထရမ့်ဟာ အမေရိကန် တရားရုံးဘက်က ဆွဲဆိုထားတဲ့ အမှုတွေ ရင်ဆိုင်နေရလို့ သမ္မတလောင်း နှစ်ဦးကြား ပြိုင်ဆိုင်မှုဟာလည်း သွေးအေးတိုက်ပွဲအဖြစ် စောင့်ကြည့်စရာ ဖြစ်လာနေပါတယ်။

 

ကမ္ဘာကြီးဟာ အရင်လို မဟုတ်တော့ဘဲ စစ်မီးတောက်လာမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေကို ရင်ဆိုင်လာရပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေနဲ့ ဦးဆောင်ဖြေရှင်းရမှာတွေဟာလည်း မနည်းမနောပါ။

 

တစ်ဦးရဲ့ “အခက်”ဟာ တခြားတစ်ဦးအတွက် “အချက်”ဖြစ်လာနိုင်တာကြောင့် နိုင်ငံရေးခြေလှမ်းတွေကို သတိထားလှမ်းရမဲ့ ကာလထဲ သတိကြီးသူ၊ ပိုပါးနပ်သူကသာ ထိပ်တန်းသမ္မတတစ်ဦးဖြစ်လာနိုင်မှာပါ။

 

ကျယ်ပြောရှုပ်ထွေးလှတဲ့ အမေရိကန်နိုင်ငံရေး ကစားကွက်တွေထဲ ဘယ်လိုအပြောင်းအလဲ ဖြစ်လာနိုင်မလဲဆိုတာကတော့ ပညာရှင်တွေတောင် ခန့်မှန်းရမလွယ်ကူနေတဲ့ အနေအထားပါ။

 

လာမယ့်နိုဝင်ဘာလမှာ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် နှစ်ဖက်ပါတီတွေကတော့ အပြိုင်အဆိုင် ခြေလှမ်းတွေ ပြင်ထားနှင့်ကြပါပြီ။

 

ဆိုတော့ “Make America Great Again” လို့ဆိုတဲ့ သမ္မတဟောင်း ထရန့်ပဲ သမ္မတ ပြန်ဖြစ်မလား။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ပဲ ဒုတိယမြောက်သက်တမ်းကို ဆက်တာဝန်ယူနိုင်မလား။ စောင့်ကြည့်ချင်စရာပါ။

 

တကယ်လို့ ဒေါ်နယ် ထရမ့်သာ သမ္မတသစ်ပြန်ဖြစ်လာခဲ့ရင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဇာတ်ဆောင် မင်းသားကြီး အမေရိကန်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ ဘယ်လိုပြောင်းလဲလိုက်မလဲ ဆိုတာ…။

 

ဓာတ်ပုံ – The New York Times