မိုင်းတွင်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ဘာလို့ ထိခိုက်စေတာလဲ ?

Author ဇက်
Categories
Published on Mar 03, 2024

မိုင်းတွင်းတွေနဲ့ မိုင်းတူးဖော်မှုဆိုတာ ကမ္ဘာပေါ်က အဓိက စီးပွားရေး မဏ္ဍိုင်တွေထဲက တစ်ခုပါ။ နေ့စဉ်သုံး ပစ္စည်းတွေက စလို့ စမတ်ဖုန်းတွေ ကွန်ပျူတာတွေအလယ် စွမ်းအင်နဲ့ လောင်စာတွေ အဆုံး အရာအားလုံးက အဲဒီမိုင်းတူးဖော်မှုတွေအပေါ် အဓိက မှီခို ထုတ်လုပ်နေကြရတာ ဖြစ်ပါတယ်။ စီးပွားရေးအရ ကြည့်ရင်လဲ နိုင်ငံတစ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနှုန်း (ဂျီဒီပီ) က အဲဒီနိုင်ငံရဲ့ သယံဇာတ ကြွယ်ဝမှု အပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ မြန်မာနိုင်ငံကတော့ ခြွင်းချက်ဖြစ်နေတာပေါ့။

 

ကမ္ဘာ့စီးပွားရေးဈေးကွက် သုတေသနအဖွဲ့ (Markets and Markets Research Firm) ရဲ့ လေ့လာချက်အရ ကမ္ဘာနဲ့အဝှမ်းက မိုင်းတွင်းတူးဖော်မှုတွေကနေ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတင် ဝင်ငွေ ကန်ဒေါ်လာ ၂၁၄၅ ဘီလျံထိ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းကလဲ နှစ်စဉ်နဲ့အမျှ တိုး တိုးနေတာ ဖြစ်ပြီး ၂၀၂၇ ကိုရောက်ရင် ဒေါ်လာ ၂၇၇၅ ဘီလီယံလောက် ဖြစ်သွားနိုင်တယ်လို့ စီးပွားရေးသမားတွေက သုံးသပ်ထားကြတာပါ။

 

မြန်မာနိုင်ငံဟာဆိုရင်လဲ ဘူမိသယံဇာတ ပေါကြွယ်ဝတဲ့အပြင် တည်နေရာအရ အချက်အချာကျတာမို့ မိုင်းလုပ်ငန်းနဲ့ ပတ်သက်ရင် ကမ္ဘာနဲ့တဝှမ်းက မျက်စိကျရတဲ့ နေရာပေါ့။ ရေနံစိမ်းတွေ သဘာဝဓာတ်ငွေ့တွေလို လောင်စာတွေက စလို့ မြေရှားသတ္ထုနဲ့ သံဖြူဒြပ်စင်လို သတ္ထုရိုင်းတွေ အလယ် ကျောက်စိမ်းနဲ့ ရွှေတို့လို ကျောက်သံပတ္တမြားတွေ အဆုံး . . . သယံဇာတကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာလဲ မိုင်းတူးဖော်မှုတွေက အရှိန်အဟုန်နဲ့ ရှိနေဆဲပါပဲ။ ဒါကြောင့်လဲ ၂၀၁၉ ခုနှစ် စစ်တမ်းအရ သံဖြူနဲ့ မြေရှား သတ္ထု ထွက်ရှိမှုမှာ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ တတိယချိတ်ထားပါတယ်။ အစိုးရနဲ့ အစိုးရနဲ့ ဖက်စပ် ကန်ထရိုက် ကုမ္ပဏီတွေက စလို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အလယ် အိမ်နီးချင်းနိုင်ငံတွေရဲ့ စီမံကိန်းတွေ အဆုံး ဘက်ပေါင်းစုံကနေ မိုင်းတူးဖော်မှုတွေကို ပုံစံမျိုးနဲ့ ဆောင်ရွက်နေတာမျိုး ရှိတာပေါ့။

 

နှစ်စဉ် ကုန်ထုတ်လုပ်မှု လိုအပ်ချက်တွေ တိုးမြင့်လာတာနဲ့အမျှ သတ္ထုလိုအပ်ချက်တွေကလဲ တိုးတိုးလာပြီး မိုင်းတူးဖော်မှုတွေက အရှိန်အဟုန်မြင့်လာပါတယ်။ အဲဒီလို မိုင်းတူးဖော်မှုတွေ များလာတာနဲ့အမျှ တစ်ဖက်မှာလဲ သဘာဝပတ်ဝန်းကျင်ဟာ တစ်နှစ်ထက် တစ်နှစ် ဆိုးရွားဆုတ်ယုတ်လာတာ ငြင်းမရပါဘူး။ ဒါဆိုရင် မိုင်းတွင်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ဘာလို့ ထိခိုက်စေတာလဲ . . . ?၊ ဘယ်လိုပုံစံနဲ့ ထိခိုက်စေတာလဲ . . . ?။ CJ Platform ရဲ့ အခု တစ်ပတ် ‘သိစေချင်လို့’ ကဏ္ဍမှာ စာဖတ်သူတို့နဲ့အတူ မိုင်းတွင်းတွေထဲ အလည်သွားကြည့်ကြရအောင်ပါ။

 

ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ၂၀၂၃ ခုနှစ်က မြေပြင်လေ့လာချက်တွေအရ ကမ္ဘာနဲ့ အဝှမ်းမှာ တူးဖော်နေဆဲ မိုင်းတွင်း စုစုပေါင်း ခုနှစ်သောင်းကျော်ရှိပါတယ်။ အဲဒီမိုင်းတွင်း စုစုပေါင်းက ပျမ်းမျှ ခြောက်သောင်းခွဲ စတုရန်း ကီလိုမီတာ မြေဧရိယာ ယူထားပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ သစ်တောပြုန်းတီးမှု ပမာဏ အားလုံးကို သုံးပုံပုံလိုက်ရင် တစ်ပုံက အဲဒီလို မြေနေရာယူ မိုင်းတူးဖော်မှုတွေကြောင့် ဖြစ်တယ်လို့ သုတေသနမှာ ဆိုထားပါတယ်။

 

မိုင်းတွင်းတွေ တူးတဲ့အခါမှာ မြေနေရာပမာဏ အများကြီး လိုအပ်ပါတယ်။ တူးဖော်ရေးကို လုပ်မဲ့ မိုင်းအလုပ်သမားတွေ အခြေချနေထိုင်နိုင်ဖို့ အဆောက်အအုံတွေ၊ စက်ပစ္စည်းတွေထားဖို့ နေရာတွေ၊  မိုင်းတူးမဲ့ နေရာတွေ အကုန်လုံးအတွက် ဧရိယာတွေ ကီလိုမီတာထောင်ချီပြီး သတ်မှတ်ရတာပါ။ အဲဒီလို နေရာလိုအပ်တာကြောင့် မိုင်းဆိုက်နားမှာ ရှိတဲ့ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းကြပါတယ်။ အဲဒီလို ရှင်းလင်းတဲ့အတွက်ကြောင့် ဒီသစ်တောသစ်ပင်တွေကို အခြေချ နေထိုင်ရတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ စားကျက်မြေပျောက်ဆုံးပြီး ဒုက္ခရောက်ကြရပါတယ်။

 

အကယ်၍သာ  အစိုးရ စီမံကိန်းနဲ့ မိုင်းတည်မဲ့ နေရာမှာ ရပ်ကွက်ကျေးရွာတွေ ရှိနေမယ်ဆိုရင် အဲဒီဒေသတွေမှာ နေထိုင်သူတွေက ဖယ်ရှားပေးရပြန်ပါတယ်။ အဲဒီလို ဖယ်ရှားပေးရတဲ့ ပမာဏက ကမ္ဘာနဲ့ အဝှမ်းမှာ စုစုပေါင်း လူ ၇ သန်းနီးပါး ရှိနေပါပြီ။ အဲဒီလိုနဲ့ သစ်တောပြုန်းတယ်၊ မြေနေရာပြုန်းတီးတယ်၊ သက်ရှိတွေရဲ့ စားကျက်ပျက်စီးတယ်၊ ဒါ့အပြင် ဒေသခံပြည်သူတွေ အစုလိုက် အပြုံလိုက် နေရာပြောင်းရွှေ့ရတယ်ဆိုတဲ့ ပြဿနာတွေ ပေါ်လာတာပေါ့။

 

ပြီးရင် မိုင်းတွင်းတွေကနေ ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အနီးအနားမှာရှိတဲ့ မြစ်တွေ၊ ချောင်းတွေထဲ စွန့်ပစ်တဲ့အတွက်ကြောင့် ဒေသတွင်း ရေထုကိုပါ ညစ်ညမ်းစေပါတယ်။ မိုင်းတွင်းအများစုမှာ ထွက်တတ်တဲ့ ပြဒါးတွေ၊ ခဲတွေလို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေက အဲဒီ မြစ်ချောင်းတွေက တဆင့် မြေအောက်ရေတွေ၊ ကန်တွေ၊ ပင်လယ်တွေထဲ ရောက်ပြီး အဲဒီဒေသတွေမှာ ကျင်လည်ကျက်စားကြတဲ့ တိရစ္ဆာန်တွေနဲ့ ရေနေသတ္တဝါတွေ သေကျေပျက်စီးကြရပါတယ်။ လူနေဒေသတွေမှာ ရှိတဲ့ မိုင်းတွင်းတွေဆိုရင် ဒေသခံတွေ တူးဖော်တဲ့ ရေတွင်းတွေ၊ သောက်သုံးရေအဖြစ် အမှီသဟဲပြုနေရတဲ့ ရေအရင်းအမြစ်တွေ အဆိပ်သင့်တာမျိုးပါ။ နမူနာအနေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပြီး ကချင်ရွာတွေမှာ မြေရှားသတ္ထုတူးဖော်ရေးစီမံကိန်း ဆောင်ရွက်လို့ ရွာတွေက သောက်သုံးရေတွေ ညစ်ညမ်းပျက်စီးပြီး ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်ရတဲ့ အခြေအနေမျိုးပေါ့။

 

ဒါ့အပြင်ကိုမှ ဒီအန္တရာယ်ရှိ ရေထုတွေထဲ ကျင်လည်နေထိုင်တဲ့ ငါးလို ရေသတ္တဝါတွေရဲ့ တစ်ရှူးတွေထဲ အဆိပ်သင့် ဓာတုပစ္စည်းတွေ ပါဝင်သွားပြီး အဲဒီငါးတွေကို ပြန်ဖမ်းစားကြတဲ့ သူတွေကိုပါ ကျန်းမာရေးပိုင်း ထိခိုက်စေပြန်ပါတယ်။ ကမ္ဘာနဲ့တဝှမ်းက မိုင်းတွင်းတွေက နှစ်စဉ် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း တန်ချိန် သန်း ၁၈၀ ကျော်ကို ရေထုတွေထဲ စွန့်ပစ်ကြတာကြောင့် အဏ္ဏဝါစားကျက်တွေ တစတစ ပျက်စီးဆုံးရှုံးနေရပြီး ဇီဝကွင်းဆက်တွေ ယိုယွင်းနေကြရတာပါ။

 

မိုင်းတွင်းတွေက ကမ္ဘာကြီးရဲ့ ရာသီဥတု ပူနွေးလာမှုအတွက်လဲ တာဝန်ရှိနေပြန်ပါတယ်။ ပမာဆိုရရင် လက်ရှိ တစ်ကမ္ဘာလုံးရဲ့ စွမ်းအင်ရင်းမြစ် ၄၀ ရာခိုင်နှုန်းလောက်က ကျောက်မီးသွေးအပေါ်ကို မှီတည်နေရတာပါ။ ဒါကြောင့် ကျောက်မီးသွေးတွေကို ပမာဏ များများ တူးထုတ်ဖို့ လိုနေတာပေါ့။ ဒါပေမဲ့ ကျောက်မီးသွေးတွေလို ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းတဲ့အခါမှာ ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုက တစ်နှစ်ထက် တစ်နှစ် မြင့်တက်နေရပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ လေထုထဲ များလာတာကြောင့် ဖန်လုံအိမ်အာနိသင် တဖြည်းဖြည်း များလာပြီး ကမ္ဘာ့အပူချိန်လဲ တိုးလာရတာမျိုးပေါ့။ အဲဒီဖြစ်စဉ်တွေအပြင်ကိုမှ မြေပြိုတာတွေ၊ မိုင်းတွင်းက သဘာဝပတ်ဝန်းကျင်ပိုင်း ထိခိုက်စေမှုတဲ့အပြင်ကိုမှ အခြား လူမှုရေး ပဋိပက္ခ အမြောက်အမြားကိုလဲ ဖြစ်စေပြန်ပါတယ်။

 

မြင်သာအောင် ပြောရရင် လက်ရှိ အာဏာသိမ်းစစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တခြားနိုင်ငံတွေကို တရားမဝင် ရောင်းချအမြတ်ထုတ်ရင်း ရလာတဲ့ သွေးစွန်းအကျိုးအမြတ်တွေကို သုံးပြီး ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်နေတာမျိုးပေါ့။ နိုင်ငံတကာမှာလဲ အလားတူပဲ၊ ဒီမိုင်းလုပ်ငန်းကို အခြေပြုပြီး ပေါက်ပွားလာတဲ့ အာဏာရှင်လက်သစ်တွေ၊ ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ မျက်နှာဖုံးလူတန်းစားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပေါ်ပေါ်တင်တင် ဆောင်ရွက်နေတာမျိုး ရှိပါတယ်။ ဒါကြောင့်ပဲ မိုင်းတွင်းတွေကို ခေတ်သစ်ဒုစရိုက်မှုတို့ ကျင်လည်ရာ ရပ်ဝန်းအဖြစ် သတ်မှတ်ပြောဆိုကြတာပါ။

 

ဒီလောက်ဆိုရင်တော့ မိုင်းတွင်းတွေနဲ့ မိုင်းလုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေ၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို ယေဘုယျအားဖြင့် နားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်တစ်ပတ် ပြန်ဆုံပါမယ်။