“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဖေဖော်ဝါရီ ၂၅ မှ မတ်လ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 02, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၂၅ မှ မတ်လ ၂ ရက်အထိ)အတွင်း နိုင်ငံတကာသတင်းတွေထဲ ရုရှားအတိုက်အခံအကျော်အမော်ရဲ့ နောက်ဆုံးခရီးသတင်း၊ ယူကရိန်းကို ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံအထိ ထောက်ပံ့ပေးမယ့် နယ်သာလန်၊ ထိုင်းအစိုးရသစ်ရဲ့ ဆုန်ခရန်သင်္ကြန် Plan နဲ့ ဂါဇာက ရာနဲ့ချီတဲ့ လူသတ်ပွဲ စတဲ့သတင်းတွေကို ကောက်နုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“ထောင်ထဲမှာသေဆုံးခဲ့ရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင်ရဲ့ နောက်ဆုံးခရီး”

 

ရုရှားသမ္မတ ပူတင်ရဲ့ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Alexey Navalny ထောင်ထဲမှာ သေဆုံးသွားပြီးနောက် သူ့ရဲ့ နောက်ဆုံးခရီးကို လူ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

 

ရုရှားအကျဉ်းထောင်ထဲမှာ ဖေဖော်ဝါရီ တတိယပတ်ထဲက သေဆုံးသွားတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ အသုဘအခမ်းအနားကို မိသားစုက ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ မတ်လ ၁ ရက် သောကြာနေ့က ကျင်းပခဲ့တာပါ။

 

ပူတင် အမြဲတမ်း သမ္မတ လုပ်နိုင်မယ့် ရုရှားရွေးကောက်ပွဲကျင်းပဖို့ ခြောက်လလောက်အလိုမှာပဲ အာတိတ်စက်ဝိုင်းမြောက်ပိုင်းမှာရှိတဲ့ ရုရှားအကျဉ်းစခန်းကြီးထဲမှာ ချုပ်နှောင်ခံထားရဆဲ သူသေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားအစိုးရကို ဝေဖန်နေခဲ့ကြတာပါ။ နာဗယ်ညီဟာ ထောင်ထဲမှာ လမ်းလျှောက်နေရင်း လဲကျသေဆုံးခဲ့တာလို့ မော်စကိုအစိုးရက သူသေပြီးနောက် ထုတ်ပြန်လာသလို ဆေးရုံကို အချိန်မီ ပို့ပေမဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

သောကြာနေ့က အသုဘအခမ်းအနားကျင်းပတဲ့ ဘုရားရှိခိုးကျောင်းအပြင်မှာရော၊ သူ့ရဲ့ရုပ်အလောင်းကို မြှုပ်နှံတဲ့ သင်္ချိုင်းအပြင်မှာပါ လုံခြုံရေးတွေ အထူအထပ်ချထားတဲ့ကြားက သူ့ရဲ့နောက်ဆုံးခရီးကို လာရောက်နှုတ်ဆက်သူ ထောင်နဲ့ချီရှိခဲ့တာဖြစ်ပါတယ်။

 

နာမည်ကျော် အတိုက်အခံခေါင်းဆောင်ရဲ့ ဝတ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအပါအဝင် နိုင်ငံခြားသံတမန်တချို့တက်ရောက်ခဲ့ကြပါတယ်။

****************************************

 

“ယူကရိန်းကို ဒေါ်လာ ၂ ဘီလျံကျော်အထိ စစ်ရေးအကူအညီပေးမယ့် နယ်သာလန်”

 

ရုရှားအကျူးကျော်ခံ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံအထိ အကူအညီပေးမယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို မတ်လ ၁ ရက် သောကြာနေ့က နယ်သာလန်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကစ်ဗ်မှာ ခေါင်းဆောင် နှစ်ယောက်တွေ့ဆုံဆွေးနွေးပြီးနောက် အခုအစီအစဉ်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကြေညာခဲ့တာပါ။

 

သဘောတူညီချက်ထဲ ဒီနှစ်ထဲမှာ ယူရိုငွေ သန်း နှစ်ထောင်ပေးအပ်မှာဖြစ်သလို လာမယ့် ဆယ်နှစ်အတွင်း ကာကွယ်ရေးဆိုင်ရာ အထောက်အကူတွေပေးဖို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။

 

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဟာ ကလေးငယ်ပေါင်း ၈၅၀ ကျော် အန္တရာယ် ကင်းကင်းနဲ့ ပညာဆက်လက်သင်ကြားနေကြတဲ့ ခါဗစ်က မြေအောက်ရထားဘူတာမှာ ပြောင်းလဲဖွင့်လှစ်ထားတဲ့ စာသင်ခန်း ၄၀ ပါ အထူးကျောင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၂၉ ရက် ကြာသပတေးနေ့ကတော့ အဲဒီဒေသမှာ ရုရှားတိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် ယူကရိန်းဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ဒန်းနစ် ဘရောင်းက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေတုန်းက ဒွန်းညက်နဲ့ ခါဆန်ဒေသတွေမှာလည်း ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူသေဆုံးမှုတွေ၊ အရပ်ဘက်အဆောက်အအုံ ပျက်စီးမှုတွေ ကြုံခဲ့ရပါသေးတယ်။

****************************************

 

“ဘန်ကောက်မှာ အကြီးအကျယ်ကျင်းပမယ့် ဆုန်ခရန်သင်္ကြန်ပွဲတော်”

 

ယူနက်စကိုဝင်ထားတဲ့ ဆုန်ခရန်ပွဲတော်(သင်္ကြန်ပွဲတော်)ကို ဒီနှစ် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ အကြီးအကျယ်ကျင်းပဖို့ ထိုင်းအစိုးရသစ်က အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

 

အဲဒီမှာ ပြီးခဲ့သည့်နှစ်ကမှတက်လာတဲ့ ထိုင်းအစိုးရသစ်ရဲ့ Soft Power မြှင့်တင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အရင်နှစ်တွေကထက် တမူထူးခြားစွာ ကျင်းပမယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြတာပါ။

 

အဲဒီအကြောင်း ဘန်ကောက်မြို့တော်ဝန်က ဖေဖော်ဝါရီ ၂၈ ဗုဒ္ဓဟူးနေ့က အတည်ပြုပြောကြားသွားခဲ့ပါတယ်။

“ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT)က အစိုးရရဲ့ Soft Power မြှင့်တင်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုနှစ် သင်္ကြန်ပွဲတော်ကိုကျင်းပဖို့ စီစဉ်ဆောင်ရွက်နေတာကြောင့် ဒီမှာ(ဘန်ကောက်မြို့)လုပ်မယ့် ပွဲက တကယ်ကိုကြီးကျယ်ခမ်းနားမှာပါ” ဟု မြို့တော်ဝန် ချတ်ချာ့(တ်) ဆစ်တီပန့်(တ်) (Chadchart Sittipunt) က Bangkok Post ကို ပြောခဲ့ပါတယ်။

 

ဘန်ကောက်မြို့မှာ ဧပြီလ (၁၀) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ကိုးရက်တာပြုလုပ်မယ့် ဆုန်ခရန်ပွဲတော်အတွက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့(BMA) အမှုဆောင်အရာရှိများအစည်းအဝေးအပြီးမှာ သူက အခုလိုပြောခဲ့တာပါ။

 

“မဟာဆုန်ခရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄” လို့ နာမည်တပ်ထားတဲ့ပွဲတော်ကို ခေါင်ဆန်လမ်းမှာ အဓိကကျင်းပမှာဖြစ်ပြီး Ratchadamnoen Klang Avenue နဲ့ Sanam Luang လမ်းတွေနဲ့ ချိတ်ဆက်ကျင်းပမှာပါ။

 

ဒီနှစ်ဆုန်ခရန်ပွဲတော် ရန်ပုံငွေ ဘတ်ငွေ ၁၀၄ ဒသမ ၈၇ ဘီလီယံ အသုံးပြုဖို့ အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့က အတည်ပြုပြီးပါပြီ။ အဲဒါကြောင့် ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားခရီးသည် နှစ်သိန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

 

အခုပွဲတော်ကနေ ခရီးသွားလုပ်ငန်းနဲ့ဆက်နွှယ်တဲ့ ဝင်ငွေ ဘတ် ၃ ဒသမ ၁၂ ဘီလီယံအထိရဖို့နဲ့ ကမ္ဘာ့ထိပ်တန်း ပွဲတော် ၁၀ ခုထဲက တစ်ခုဖြစ်လာဖို့ ထိုင်းအစိုးရက မျှော်မှန်းနေကြပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ရေသဘင်ပွဲကို ဒြပ်မဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲသတ်မှတ်ခဲ့ပါတယ်။

****************************************

 

“လူသတ်ပွဲ”

 

အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် အထိနာနေတာကတော့ ဂါဇာက ပါလက်စတိုင်းအရပ်သားပြည်သူတွေဆိုတာ ကမ္ဘာအသိပါပဲ။ ဂါဇာမှာ အစ္စရေးဟာ ဟားမက်စ်ရှင်းလင်းရေးလို့ခေါင်းစဉ်တပ်ပြီး လူသတ်ပွဲကြီး ကျင်းပနေသလိုပါပဲ။

 

ဂါဇာမှာ စာနာမှုအကူညီဖြန့်ဝေပေးနေတဲ့ ထရပ်ကားတွေဆီက အစားအသောက်တွေယူမယ့် ပါလက်စတိုင်းသား ၁၀၄ ယောက်ထက်မနည်းဟာ အစ္စရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

 

ဒီပစ်ခတ်မှုနဲ့ပတ်သတ်လို့ တစ်ဖက်နဲ့ တစ်ဖက် အမျိုးမျိုးပြောဆိုနေကြသလို အစ္စရေးတပ်ဘက်ကလည်း သူတို့ဟာ တမင်ရည်ရွယ်ပြီးပစ်တာမဟုတ်ဘူးလို့ ငြင်းထားပါတယ်။ ဘာကြောင့် ဒီလိုပစ်ခတ်ရတယ်ဆိုတာကိုလည်း ခုထိရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

ဒါကြောင့် အမေရိကန်အရာရှိတွေက ဒီဖြစ်ရပ်ကို စစ်ဆေးနေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

 

ပါလက်စတိုင်းဘက်က အစ္စရေးတွေဟာ ဂါဇာမြို့အနောက်ပိုင်း အယ်လ် နာဘူစီလမ်းဆုံက လူအုပ်ကြီးကို ပစ်ခတ်တယ်လို့ အစပိုင်းက ပြောခဲ့ပေမဲ့ မျက်မြင်တွေ့သူတွေကတော့ ထရပ်ကားတွေပေါ်က ဂျုံအိတ်တွေ၊ စည်သွတ်ဘူးတွေ ဆွဲချနေသူတွေကို အစ္စရေးတပ်တွေက ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

 

အစ္စရေးအရာရှိတွေကတော့ လူအုပ်ကြီးက ထရပ်ကားတွေဆီ အတင်းပြေးလာပြီး ခြိမ်းခြောက်တဲ့ အနေအထားဖြစ်လာတာကြောင့် တပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

 

စစ်တပ်ကလည်း လူအုပ်ကြီးတွန်းတိုက်၊ တက်နင်းမိတာနဲ့ ထရပ်ကားကြိတ်မိတာတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ကြောင်း အစပိုင်းမှာ ပြောခဲ့တာပါ။ အစ္စရေးဝန်ကြီးချုပ် ဘဂျမင် နေတန်ရာဟု ရုံးကလည်း အလားတူ ဖြေရှင်းချက်ပေးခဲ့ပြီး လူတွေက ပစ္စည်းတွေလုဖို့ ကြိုးစားခဲ့ကြကြောင်းနဲ့ နောက်မှ ထရပ်ကားတွေက တိုက်မိတာဖြစ်ကြောင်း ပြောပါတယ်။

 

အခု ဖြစ်ရပ်ကြောင့် သေဆုံးရသူအပါအဝင် ၅ လ နီးပါးကြာမြင့်ပြီဖြစ်တဲ့ စစ်ပွဲအတွင်း သေဆုံးရသူ သုံးသောင်းလောက်ရှိနေပြီလို့ ဟာမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။