ရန်ကုန်ရှိ Mytel ရုံးချုပ်ကို ဖောက်ခွဲတိုက်ခိုက်၊ ဂိတ်စောင့်စစ်သား နှစ်ဦးခန့် ဒဏ်ရာရနိုင်ဟုဆို

Author ကိုထက်
Categories
Published on Feb 29, 2024

စစ်ကောင်စီထောက်တိုင်စီးပွားရေးအုပ်စုတစ်ခုဖြစ်သော ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းပေါ်ရှိ Mytel ဆက်သွယ်ရေးရုံးချုပ် ဂိတ်ဝကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် အစောင့်စစ်သားနှစ်ဦးခန့်ဒဏ်ရာရနိုင်ကြောင်း မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Yangon Army(YA)၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

“မနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) ၆ နာရီလောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးစစ်သားနှစ်ယောက်လောက်တော့ ထိခိုက်ဒဏ်ရာရှိနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေအနီးကနေ မသွားလာကြဖို့ ကျွန်တော်တို့ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ယင်းသို့ တိုက်ခိုက်ခံခဲ့ရသည့်အတွက် ယနေ့ဖေဖော်ဝါရီ ၂၉ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း စစ်ဆေးမှုကြုံတွေ့ခဲ့ရသူများက ဆိုသည်။

 

“ဒီမနက်က စစ်ဆေးတာတွေ အဲဒီဘက်က လမ်းလျှောက်လာတဲ့သူတွေကိုလုပ်နေတာရှိတယ်။ မနေ့က ညနေက ပေါက်ကွဲမှုဖြစ်လို့လို့ပြောတယ်။ ကားတွေကို ဘယ်သွားမှာလဲ။ ဘယ်က လာတာလဲတားပြီး မေးတာတွေရှိတယ်” ဟု ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

 

Mytel ကုမ္ပဏီသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ရှယ်ယာအများစု ပိုင်ဆိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။

 

ယခုရက်ပိုင်းများတွင် မြို့ပြပျောက်ကြားအဖွဲ့များက ရန်ကုန်က မြို့နယ်အချို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများကို နေ့စဉ်ကဲ့သို့ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။