တစ်ပတ်အတွင်း NUG မိုးလေဝသခန့်မှန်းချက်၊ ရာသီအကူးအပြောင်းကာလဖြစ်၍ အချိန်အခါမဟုတ် မိုးရွာနိုင်
ဆောင်းမှ နွေရာသီသို့ အကူးအပြောင်းကာလဖြစ်သည့်အလျောက် မြန်မာနိုင်ငံ မြောက်နှင့် တောင်ပိုင်းစွန်းဒေသများတွင် မွန်းလွဲ၊ ညနေပိုင်းတို့၌ မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ခြေရှိကြောင်း NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၇ နှင့် မတ်လ ၁ ၊ ၂ ရက်နေ့တို့တွင် တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျား၊ ဖေဖော်ဝါရီ ၂၈၊ ၂၉ ရက်တို့တွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့အတွင်း နေရာကွက်ကျား၊ မတ်လ ၃ ရက်နေ့တွင် တနင်္သာရီတိုင်း၊ မွန်နှင့် ရှမ်းပြည်နယ်အရှေ့ဖျားတို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း အထက်ပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ယခုရက်သတ္တပတ်(ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်အထိ)အတွင်း ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်းမုတ်သုံမှ နွေမုတ်သုံသို့ စတင်ကူးပြောင်းနိုင်ရန် စတင်အသွင် ပြောင်းလာတော့မည့် အချိန်ကာလဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) မိုးလေဝသထုတ်ပြန်ရေးဌာန ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် တစ်ပြည်လုံးတွင် ဆောင်းအအေးဓာတ် တဖြည်းဖြည်းလျော့ကျလာနိုင်သည်ဟု ဖော်ပြထားသည်။