စစ်ကောင်စီရဲ့ ငွေတောင်းပြန်ပေးဆွဲချင်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မြို့ပြ UG တွေ ဘာများ စိုးရိမ်နေရသလဲ

Author YZ၊ နေညို၊ လဂွန်းအိမ်
Categories
Published on Feb 24, 2024

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေဟာ သူတို့ကို မထောက်ခံတဲ့ မြို့ပြလူငယ်တွေကို မြို့ကြီးတွေက နှင်ထုတ်နေသလိုကို ဖြစ်နေခဲ့ပါတယ်။ ငါတို့လူတွေ ငါတို့ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစားမယ့် သူတွေသာ ကျန်ခဲ့ ကျန်သူတွေ သွားချင်ရာသွားလို့ ဆိုသလိုပါပဲ။ ဒါ့အပြင် ကျန်ရှိတဲ့ သက်ကြီးရွယ်ပြည်သူတွေကိုလည်း သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်အောင် လူသားဒိုင်း လုပ်ဆောင်ထားချင်ပုံ ပေါ်နေပါတယ်။ ဒီအနေမှာ စစ်ကောင်စီကို အနီးကပ် ခြိမ်းခြောက်နေတဲ့ မြို့ပြ UG အဖွဲ့တွေရော ဘာတွေများ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသလဲ CJ Platform ရဲ့ ဒီတစ်ပတ် “ဒုက္ခအတိ တွေ့ကြုံနေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ရန်ကုန် ဧရာဝတီတို့က လူငယ်တွေက တစ်ခြားသော တိုင်းနှင့်ပြည်နယ်တွေထက် ပိုပြီး ဒီဥပဒေကို ခံစားရမယ်”

 

UG ရဲဘော်တစ်ဦးရဲ့ တီးတိုးသံ

 

UGဆိုတာ ဒေသခံလည်း ရှိသလို တစ်ခြားသော အရပ်ဒေသတွေကလည်း လာလုပ်တဲ့သူတွေလည်း ရှိတာပဲဗျ၊ အရင်ကဆို ဧည့်စာရင်းစစ် ဘာစစ်ရင် ဒေသခံUGတွေကတော့ ခက်ခဲမှုမရှိသလို ဒေသခံမဟုတ်တဲ့ လူတွေအတွက်လည်း ခက်ခဲမှုက သိပ်မသိသာဘူးပေါ့၊ ခုက စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် ဒေသခံUGတွေအနေနဲ့လည်း အများကြီး ပိုခက်ခဲလာသလို ဒေသခံမဟုတ်တဲ့ UGတွေအနေနဲ့လည်း အရင်ကထက် ပိုခက်ခဲလာတယ်၊ ဘာကြောင့်လည်းဆိုတော့ အရင်ကဆို ကိုယ့်အိမ်မှာနေပြီး ကိုယ့်အလုပ်ကိုယ်လုပ် Missionလေး ပေါ်လာရင် ထွက်လုပ်လိုက် ဟန်မပျက်ဘူး၊ ခုက သတင်းတွေကြားရသလောက် ဒီဥပဒေကြောင့် ဧည့်စာရင်းစစ်ရင်း ပေါ်တာဆွဲလာသလို တစ်အိမ်တစ်ယောက် မဖြစ်မနေ အမှုထမ်းရမယ်ဆိုရင် ကျွန်တော်တို့အတွက် ခက်ခဲလာမှာတော့ အမှန်ပဲဗျ။

 

လူငယ်တွေအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်လည်းဆိုရင် လွတ်မြောက်နယ်မြေနဲ့နီးစပ်ရာ မြို့ပြတွေက လူငယ်တွေကတော့ သိပ်ပြဿနာ မရှိလောက်ဘူးပေါ့နော် သူတို့အနေနဲ့က အရေးအကြောင်းဆို ချက်ချင်း ဒီဘက်ပြေးဝင်လို့ရတယ်၊ အထူးသဖြင့် ရန်ကုန် ဧရာဝတီတို့က လူငယ်တွေက တစ်ခြားသော တိုင်းနှင့်ပြည်နယ်တွေထက် ပိုပြီး ဒီဥပဒေကို ခံစားရမယ်၊ ဘာလို့လည်းဆိုရင် သူတို့မှာက လွတ်မြောက်နယ်မြေနဲ့ ထိစပ်ရာဒေသတွေက အလှမ်းဝေးတယ်လေ၊ ဒါပေမဲ့ အဲ့ဒေသမှာရှိတဲ့ လူငယ်တွေအနေနဲ့ အရင်လို ပေါ့ပေါ့တန်တန် နေလို့မရတော့ဘူးဗျ၊ ဒီဥပဒေ အသက်ဝင်လာရင် လူငယ်တွေအနေနဲ့ နိုင်ငံခြားကို သွားရင်သွား ဒါမှမဟုတ် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားဝင်Pageတွေက ဆက်သွယ်ပြီး လွတ်မြောက်နယ်မြေကိုလာမလား အဲနှစ်ခုကိုတော့ သေချာစဥ်းစားစေချင်တယ်။

****************************************

 

“အသက်ကြီးတဲ့သူတွေသာ ကျန်ခဲ့ ရင် မအလက မြို့တွေကို ပိတ် ပြီးတော့ လူသားဒိုင်းတွေလုပ်မယ်”

 

ရန်ကုန်မြို့ပြ UG တစ်ဦးရဲ့ တီးတိုးသံ

 

မြို့ အတွင်း မှာနေလို့မဖြစ်နိုင်တော့ပါ စခဘက်မှာ တွေ့သမျှ ခွေးဝိုင်းစွဲသလိုဆွဲတော့မှာပါ၊ အသက်ကတော့ ၁၈ ကနေ ၃၅ နှစ်အတွင်းမှာ ဆိုပေမယ့် ကျန်မာသန်စွမ်းသူမှန်သမျှကို ခေါ်မယ်ထင်ပါတယ်။  မအလ ဘက်တော့ NUG ကို အလုပ်ပေးလိုက်ပြီတော့ ထင်ပါတယ်။ အခုဆိုရင် လှိုင်သာယာ ရွှေပြည်သာ စက်မှုဇုန်မှာ အလုပ်လာလုပ်တဲ့ နယ်သမားတွေ အကုန်ပြန်ကုန်တယ်။

 

စစ်မှုထမ်းဥပဒေ ကြောင့် ရန်ကုန် က UG လူငယ်တွေက လွတ် မြောက်နယ်မြေတွေကို ထွက်သွားနိုင်ပါတယ် အဲဒါဆိုရင် မြို့ ပြ မှာ မလုပ်နိုင် မကိုင်နိုင်တဲ့ အသက်ကြီးတဲ့သူတွေသာ ကျန်ခဲ့ ရင် မအလက မြို့တွေကို ပိတ် ပြီးတော့ လူသားဒိုင်းတွေလုပ်မယ် ပြီးရင် တောထဲကတက်လာတဲ့ ရဲဘော်တွေကို အကြပ်ကိုင်မယ် ထင်မြင်မိပါတယ်။

 

စစ်မှုထမ်းဥပဒေကို ပပျောက်ဖို့အတွက်တော့ မြို့တွင်း အုံကြွမှုတွေလုပ်ပြီးတော့ အမြန်ဆုံး​ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်မှ ရမယ်

 

ရန်ကုန် သိမ်းနိုင်မှ လက်နက်မိုးတွေ ရွာချခြင်းမျိုးတွေ D-Day ခေါ် ပြီး မြို့ အတွင်း မှာခေါင်း ငုံခံနေရတာတွေ ကျွန်တော်တို့တွေက ၂၀၂၃ ပြီးမယ်ပြောပြီးတော့ မလုပ်နိုင်တဲ့အခါ ကျွန်တော်တို့တွေကို ယုံကြည်မှုတွေ ကင်းမဲ့လာပါတယ်။ ထို့ကြောင့် NUG က လူကြီးမင်းများ ကျွန်တော်တို့ ရဲဘော်တွေ ပြည်သူတွေအတွက် တည်ကြည် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ထုတ်ပြန်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။

****************************************

 

“ဒီဥပဒေကြောင့် UG တွေ ဘာဖြစ်လာနိုင်မလဲဆိုရင်တော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေမယ်”

 

ရန်ကုန်မြို့ပြ UG တစ်ဦးရဲ့ တီးတိုးသံ

 

လူငယ်တွေအနေနဲ့ တစ်ဘက်ကို ရွေးရတော့မယ့် အနေအထားမှာ ရှိနေပြီ UG လုပ်တာသော်လည်းကောင်း အထဲမှာနေပြီးတော့ ကိုယ့်ရဲ့ပုံမှန်စီးပွားရေး လုပ်တာသော်လည်းကောင်း အရမ်းအန္တရာယ်များလာပြီ အဲ့ဒီ့အတွက် ကျွန်တော်တို့ ရသလောက်ဆွဲခေါ်နေတယ် ဆွဲထုတ်နေတယ် စစ်ကောင်စီက လိုချင်တာလည်း PDF ကို သွားတဲ့သူသွား ငါတို့ဆီလာတဲ့သူလာဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်သလို နောက်တစ်ခုက မင်းတို့သွားရဲရင်သွား မင်းတို့မိဘတွေကို ငါတို့က ဘယ်လို control လုပ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်ပြီး ပြတဲ့အနေအထားမျိုးဖြစ်တယ်လို့သုံးသပ်လို့ရတယ်။

 

ဒီဥပဒေကြောင့် UG တွေ ဘာဖြစ်လာနိုင်မလဲဆိုရင်တော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေမယ် UG ကို လိမ္မာပါးနပ်စွာလုပ်နိုင်တဲ့အဖွဲ့တွေကတော့ မစ်ရှင်တွေများစွာ လုပ်နိုင်လိမ့်မယ် ပေါ့ပေါ့ပါးပါး လုပ်တတ်တဲ့သူတွေကတော့ များစွာ အခက်အခဲဖြစ်လာနိုင်တယ် အသက်ဆုံးရှုံးမှုတွေ ဖမ်းဆီးခံရမှုတွေ ညှင်းပန်းနှိပ်ဆက်မှုတွေ အများကြီးခံရနိုင်တယ် ခင်ဗျ၊ အခြေအနေအရပ်ရပ်ကို လေ့လာစောင့်ကြည့်ဖို့ တစ်လတန်သည် နှစ်လတန်သည် ခဏငြိမ်နေပြီး စောင့်ကြည့်သင့်ပါတယ် အရမ်းဆိုးသွမ်းတဲ့ လုပ်ရပ်တွေရှိလာမယ်ဆိုရင် ဆက်လုပ်ဖို့လိုအပ်ပါမယ်။

 

အဓိက ဒီအချိန်မှာ သူတို့ထက် ခြေတစ်လှမ်းသာဖို့ လိုတယ်ပေါ့ တော်လှန်ရေးကာလမှာလည်း အခုထိ ခြေတစ်လှမ်းသာနေတဲ့အတွက် အခုထိ တောင်ခံနိုင်တယ် ဒီလောက်အထိ တွန်းနိုင်တယ် အသာစီးရတဲ့ အနေအထားမျိုးရှိတာပေါ့။