“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 24, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အထိ)အတွင်း မြန်မာနိုင်ငံထဲ ရခိုင်၊ ရှမ်းတောင်နဲ့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြားက တိုက်ပွဲသတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အတည်ပြုအပြီး မြန်မာနိုင်ငံထဲက ထွက်ဖို့ကြိုးစားတဲ့ လူငယ်တွေ များပြားလာတဲ့ သတင်းနဲ့ အမေရိကန်ကြောင့် ပြန်ပေါ်လာတဲ့ မြန်မာနိုင်ငံက ယူရေနီယံတွေ့ရှိမှုအကြောင်း ဖော်ပြထားတဲ့ “၂၀၁၅ အလွန် ယူရေနီယံအရှုပ်တော်ပုံ” စတဲ့သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

“နှစ်ပတ်အတွင်း ထိုင်းဗီဇာလျှောက်သူ ခုနစ်ထောင်ကျော်အထိရှိလာ”

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုလိုက်ပြီး နှစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ ရန်ကုန်ထိုင်းသံရုံးမှာ ဗီဇာလာလျှောက်သူဦးရေ ခုနစ်ထောင်ကျော်သွားပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုကို ဒေသတွင်းသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။

 

အွန်လိုင်းကနေ ဗီဇာလျှောက်ထားဖို့ တန်းစီရတဲ့ လက်မှတ်အရေအတွက်ဟာ အရင်ကထက် ၂ ဆတိုးပြီး တစ်ရက် အယောက် ၈၀ဝ အတွက် နေ့စဉ်ချထားပေးနေရတဲ့အပြင် သတ်မှတ်ဦးရေဟာ မတ်လ ၁ ရက်နေ့အထိ ပြည့်နေပြီလို့ သိရပါတယ်။

 

ဒါပေမဲ့ လျှောက်လွှာတင်သူတွေ ဆက်ပြီး တိုးလာဖို့ရှိတယ်လို့ သံရုံးပြောခွင့်ရ ကန်ချန ပါတာရာချုပ် က ကြာသပတေးနေ့မှာ Bangkok Post သတင်းဌာနကို ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံသားတွေဟာ ဗီဇာမပါဘဲ ထိုင်းနိုင်ငံကိုဝင်ခွင့်ရှိပေမဲ့ ၁၄ ရက်အထိပဲ နေခွင့်ရှိတာပါ။

 

စစ်မှုမထမ်းမနေရဥပဒေကို ဧပြီလမှာ စတင်ကျင့်သုံးမယ်လို့ မြန်မာစစ်ကောင်စီရဲ့ ကြေညာချက် ထွက်လာချိန်ကစပြီး မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက် တရားဝင်တစ်မျိုး၊ တရားမဝင်တစ်သွယ် ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ယောင်္ကျားလေးတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ် နဲ့ အများဆုံး ငါးနှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တတ်သိပညာရှင်တွေဆိုရင် အမျိုးသားဖြစ်ပါက အသက် ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုပါက ၃၅ နှစ်အထိ စစ်မှုထမ်းပေးရမှာပါ။

 

ဒါကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ လူငယ်တွေ အပါအဝင် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ထဲ ဝင်နေသူတွေ ကြိုးပမ်းလာနေကြတာ ဖြစ်ပါတယ်။

 

မြန်မာဒုက္ခသည် အများအပြားကို လက်ခံထားရတဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာလည်း နောက်ထပ်ခိုလှုံလာသူတွေအရေးကို ကိုင်တွယ်နေရတာဖြစ်ပြီး ထိုင်းအတိုက်အခံ FAIR ပါတီ ကတော့ ထိုင်းကိုထွက်ပြေးလာတဲ့မြန်မာတွေကို လူသားစာနာမှုအရ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။

 

အခုလို ဗီဇာနဲ့ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာတွေ တိုးလာနေသလို ထိုင်းကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀ဝ-၈၀ဝ လောက် နေ့စဉ်လိုလို တရားမဝင် လာရောက်နေတဲ့အရေးကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရအနေနဲ့ အခု ပထမ ၆ လအတွင်းမှာပဲ အလုပ်သမားရေး အစီအစဉ်တွေချမှတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်းလည်း FAIR ပါတီက Kannavee Suebsang က ဒေသတွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

 

ဒါကြောင့် ထိုင်းဝန်ကြီးချုပ်က ဒီအရေး ကိုင်တွယ်မယ့်အကြောင်းနဲ့ သူတို့နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးတာမျိုးတွေအထိ လုပ်ဆောင်မယ့်အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထုတ်ပြောထားပါတယ်။

****************************************

 

“ဟိုပုံးအထိရောက်လာတဲ့ ရှမ်းတောင်တိုက်ပွဲ”

 

ရှမ်းပြည်(တောင်ပိုင်း)မြို့တော် တောင်ကြီးနဲ့အနီးစပ်ဆုံးမှာရှိတဲ့ ဟိုပုံးမြို့နယ်ထဲ ဒီအပတ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

 

စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA တို့ကြား တိုက်ပွဲတွေဟာ ဒီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သလို ၂၁ ရက်နေ့မှာတော့ လွယ်လင်မြို့နယ်ဘက်မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။

 

အဲဒီနောက် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးရှိ နမ့်ဘော်ခမ်းရွာဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မိုင်းပွန်ဘက်ကို စစ်ကောင်စီက တပ်အင်အားတွေ ပို့ဆောင်ခဲ့ပါတယ်။

 

အဲဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတာကြောင့် ဟိုပုန်း၊ မိုင်းပွန်နဲ့ လွယ်လင်တကြောမှာ ကားအသွားအလာတွေကို ပိတ်ထားပါတယ်။ ဟိုပုံးမြို့နယ် ထမ်းဆမ်းဂူနဲ့ မိုင်းပွန်ဒေသတဝိုက်မှာ စစ်ကောင်စီ လေယာဉ်ပျံဝဲမှုတွေ ရှိခဲ့ပေမဲ့ ပစ်ချခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

 

အဲဒီတိုက်ပွဲတွေထဲ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အလောင်း လေးလောင်း၊ လက်နက်ငယ်တွေနဲ့ ၆၀ မမ လက်နက်ကြီးတွေအပြင် ကျည်ဆံခဲယမ်းတွေနဲ့ ကားတစ်စီးသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

“၂၀၁၅ အလွန် ယူရေနီယံ အရှုပ်တော်ပုံ”

 

ဗိုလ်ချုပ် နေဝင်းကနေ ဦးသန်းရွှေ၊ ဦးသိန်းစိန် ဘောင်းဘီချွတ် အစိုးရ စတဲ့ စစ်အစိုးရတွေ ရှုပ်ခဲ့တဲ့ အရှုပ်တော်ပုံတွေက ထုနဲ့ ထေးပါပဲ။

 

အဲဒီပြဿနာတွေထဲမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံတကာက ကန့်သတ်ပြဌာန်းလိုက်တဲ့ နျူစွမ်းအင် ကန့်သတ်ဥပဒေနဲ့ ငြိစွန်းပြီး နျူစွမ်းအင်ထုတ်ပေးနိုင်တဲ့ ယူရေနီယံ ခေါ် ရှားပါးဒြပ်စင်တွေကို မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ တူးဖော်ရရှိနိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကြီးတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

 

ယူရေနီယံဆိုတာဘာလဲ?

 

ကမ္ဘာပေါ်က သဘာဝဒြပ်စင်အမျိုးမျိုးထွက်ရှိတဲ့အနက် နျူကလီးယားစွမ်းအင် ထုတ်ပေးနိုင်တဲ့ဒြပ်စင်တွေဆိုတာ အနည်းအကျဉ်းသာရှိပြီး အဲဒီထဲမှာ ယူရေနီယံဒြပ်စင်လည်း အပါအဝင်ပါ။

ရေဒီယိုသတ္တိကြွမှု မြင့်တဲ့ ဒီဒြပ်စင်ဟာ တခြားသော ဒြပ်စင်တွေထက် ပိုမိုရှားပါးပြီး ဒြပ်စင်တွေထဲ အလေးဆုံးနဲ့ အဖိုးအတန်ဆုံး ဒြပ်စင်လို့နိုင်ငံတကာက သတ်မှတ်ထားကြပါတယ်။

ငွေညိုရောင်အဆင်းရှိတဲ့ ဒီယူရေနီယံဒြပ်စင်ကို ၁၇၈၉ ခုနှစ်မှာ မာတင်ဟင်နရစ်(Martin Heinrich)ဆိုသူက ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး ဒီဒြပ်စင်ရဲ့ ရေဒီယိုသတ္တိကြွမှုရှိတဲ့အကြောင်း ၁၈၉၆ ခုနှစ်မှာ ဟင်နရီ ဘက်ကွာရယ်လ်(Henri Becquerel)က ထုတ်ဖော်နိုင်ခဲ့ပါတယ်။

 

တိကျသေချာတဲ့ သန့်စင်ရေးအဆင့်တွေ ကျော်ဖြတ်ပြီးပါက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တစ်ခုလုံးကို ပြာကျသွားစေခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တို့ အသုံးပြုခဲ့တဲ့ Atomic Bomb ခေါ် နျူကလီးယားဗုံးတစ်ခုကို ပြုလုပ်နိုင်တဲ့နေရာမှာ အသုံးပြုပြီး တခြားသော အဆင့်မြင့်စစ်ဘက်ဆိုင်ရာ လက်နက်တွေ ထုတ်လုပ်ရာမှာလည်း သုံးနိုင်ပါသေးတယ်။

 

မြန်မာနိုင်ငံမှာ ယူရေနီယံ ဘယ်လိုတွေ့?

 

ဒီလိုရှားပါးပြီး အဖိုးတန်တဲ့ဒြပ်စင်တွေကို မြန်မာနိုင်ငံမှာ ရှာဖွေတွေ့ရှိနိုင်တယ်လို့ လူထုက ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် အစပျိုးခဲ့သူဟာ တခြားသူ မဟုတ်ပါဘူး။

 

ခရိုနီလို့ ပြည်သူက နာမည်တပ်ထားတဲ့ ထူးလုပ်ငန်းစု ကုမ္ပဏီများပိုင်ရှင် ဦးတေဇပါ။

 

၂၀၁၅ ခုနှစ် ဝန်းကျင် ကာလတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရတဲ့ “ဦးတေဇ ယူရေနီယံ ဓာတ်သတ္တိသင့်နေပြီ” ဆိုတဲ့ သတင်းတွေ ပျံနှံခဲ့တာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။

 

လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်ကာလများကတည်းက Technical Service Cooperation(TSC)ကို ပညာရှင်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ယူရေနီယံကို မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တဝိုက်၊ ကချင်နဲ့ ရှမ်းပြည်နယ် တောင်ကြီးဒေသတွေမှာ ရှာဖွေခဲ့ကြတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။

 

နိုင်ငံတော်အေးချမ်းသာရေးနဲ့ ဖွံဖြိုးရေးကောင်စီ ခေါ် နအဖအစိုးရလက်ထက်မှာလည်း သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ယူရေနီယံဒြပ်စင်ကို အခြေခံပြီး နျူကလီးယားစီမံကိန်းကို စတင်ခဲ့ပါတယ်။ ယူရေနီယံ ထွက်ရှိတယ်လို့ သတင်းထွက်နေတဲ့ မိုးကုတ်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ သပိတ်ကျင်းမြို့ အနီးတဝိုက်မှာ တပ်ရင်းတစ်ရင်းဖွင့်လှစ်ပြီး ဗိုလ်ချုပ်တစ်ဦးက ဦးဆောင်ကာ ရုရှားပြန် တပ်မတော်သား ပညာရှင်တွေနဲ့ ကိုယ်ထူကိုယ်ထ ရှာဖွေလုပ်ဆောင်တာမျိုးတွေ ရှိခဲ့ပါတယ်။

 

ဒါပေမဲ့လည်း နအဖ အစိုးရဘက်ကနေ ယူရေနီယံ တွေ့ရှိတယ်လို့ တစ်ခါမှ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။

 

ဒါ့အပြင် ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံဟာ နျူစွမ်းအင်ထိန်းသိမ်းရေး အေဂျင်စီ(IAEA) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

 

အဲဒီနောက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းက မိုးကုတ်မြို့နဲ့ ၃၅ မိုင် အကွာ ဖုန်ကန်ကျေးရွာတဝိုက် သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကနေ ယူရေနီယံဒြပ်စင်ပါဝင်တယ်လို့ဆိုတဲ့ ကျောက်တုံးတွေကို ဦးတေဇက တစ်ပိဿာ ကျပ်သိန်း ၂၀ဝ နှုန်းနဲ့ ကျပ် သိန်း ၅၀ဝ ပေးကာ သုံးပိဿာခွဲအထိ ဝယ်ယူခဲ့ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ရာကနေ ယူရေနီယံ အရှုပ်တော်ပုံကြီးဖြစ်လာဖို့ အစပြုခဲ့ပါတယ်။

 

“ဒါက အစသဘောပဲ ရှိပါသေးတယ်။ ပွင့်လင်းရာသီကျရင် Primary(အဓိက)ဖြစ်မဖြစ် ကျွန်တော်တို့ စမ်းပါမယ်။ ကျွန်တော်က ဒါကို National Security(နိုင်ငံတော်အဆင့် လုံခြုံရေး)ကိစ္စ ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဘင်္ဂလားဒေရှ့်လို နိုင်ငံမျိုးကအစ ရန်စခံရတဲ့ ပုံစံမျိုးဖြစ်နေတာ။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအတွက် National Security က အရမ်းအရေးကြီးပါတယ်” လို့ ထိုစဉ်ကာလက ယူရေနီယံဓာတ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့နေအိမ်ထဲမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲများ ဦးတေဇက ပြောကြားခဲ့ဖူးပါတယ်။

 

ဒီယူရေနီယံ ဒြပ်စင်ကို အသုံးပြုပြီး မြန်မာနိုင်ငံဟာ အင်အားကြီးအနောက်နိုင်ငံတွေလို နျူကလီးယားဗုံးကဲ့သို့ နျူစွမ်းအင်သုံး လက်နက်တွေ ပိုင်ဆိုင်တဲ့အထိ လုပ်စေချင်တယ်လို့ ဦးတေဇက ဆိုလိုချင်နေတာပါ။

 

သို့သော်လည်း အဲဒီအချိန်ကာလတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ရွေးကောက်ပွဲကာလ မဲဆွယ်မှုတွေအပြိုင်အဆိုင် လုပ်ခဲ့ကြချိန်ဖြစ်တာကြောင့် ပြည်သူလူထုအာရုံဟာ ဒီကိစ္စကြီးအပေါ် ခဏသာရောက်ရှိခဲ့ပါတယ်။

 

 

 

 

 

 

တိမ်မြုပ်သွားတဲ့ ဒီကိစ္စကြီး ဘယ်လိုပြန်ပေါ်လာသလဲ?

 

ထိုစဉ်ကာလတွေကတည်းက ဦးတေဇရဲ့ ပြောကြားမှုအပြီး အမေရိကန်၊ တရုတ် စတဲ့အင်အားကြီးနိုင်ငံတွေဟာ ဒီကိစ္စကြီးအပေါ် အာရုံစိုက်စောင့်ကြည့်ခဲ့တာပါ။

 

ကမ္ဘာပေါ်က အကောင်းဆုံးထောက်လှမ်းရေးအဖွဲ့တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ အမေရိကန် အစိုးရလက်အောက်ရှိ Central Intelligence Agency (CIA) ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA)က အသွင်ယူ ထောက်လှမ်းရေး အေးဂျင့်တစ်ဦးနဲ့ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် တစ်ဦးနဲ့ ချိတ်မိရာကနေ ကွင်းဆက်ပြန်ရခဲ့တာပါ။

 

တာကီရှီအီဘီဆာဝါဆိုတဲ့ ယာကူဇာခေါင်းဆောင်ဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုစီကနေရတဲ့ ယူရေနီယံဒြပ်စင်တွေကို အီရန်ထံရောင်းချလိုတာကြောင့် အဆက်အသွယ်ရှာရာကနေ အသွင်ယူထားတဲ့ DEA အေးဂျင့်ကို အီရန်ဗိုလ်ချုပ်အမှတ်နဲ့ သက်သေဓာတ်ပုံတွေ၊ Video မှတ်တမ်းတွေနဲ့တကွ ၂၀၂၀ ခုနှစ် မှာပို့ခဲ့မိပါတယ်။

 

အီရန်ဗိုလ်ချုပ်အဖြစ် အသွင်ယူထားတဲ့ (DEA)အေးဂျင့်ဟာ ပိုသေချာအောင်လို့ “အီရန်က နျူလက်နက်တွေ လိုအပ်နေတယ်။ ဒီပစ္စည်း ဒြပ်စင်တွေကို နျူလက်နက်အတွက် သုံးလို့ရနိုင် မရနိုင်သိချင်တယ်” လို့ မေးမြန်းမှုကို ယာကူဇာ ခေါင်းဆောင် အီဘီဆာဝါက “ကျွန်တော် ထင်တာပဲ။ သုံးလို့ရမယ်လို့ ထင်တယ်” လို့ ထိုစဉ်က ပြန်ဖြေခဲ့တာပါ။

 

နောက်ထပ် အသွင်ယူ အေးဂျင့်တစ်ဦးနဲ့ အီရန် ဗိုလ်ချုပ် အသွင်ယူ DEA အေးဂျင့်တို့ဟာ အီဘီဆာဝါနဲ့ တွေ့ဆုံပြီးနောက် အီဘီဆာဝါရဲ့ ပြန်လည်ပြောပြချက်အရ ဒီဒြပ်စင်တွေကို ရရှိခဲ့တာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးကနေ နောက်ကွယ်မှာ ပါဝင်နေတဲ့အကြောင်းကို ၂၀၂၁ ခုနှစ်မှာ သူတို့ရဲ့ ထိုင်းနိုင်ငံတစ်နေရာမှာ တွေ့ဆုံမှုအတွင်းပြောကြားခဲ့ပါတယ်။

အဆိုပါ မြန်မာတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်က ဒီဒြပ်စင်တွေကို ပိုက်ဆံရဖို့အတွက်နဲ့ ဝေဟင်ပစ် ဒုံးတွေ၊ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ လက်နက်တွေ ဝယ်ယူတဲ့ဘက်မှာ အသုံးပြုချင်နေတာပါ။

 

နောက်ကွယ်က လက်မည်းကြီး ဘယ်သူပါလဲ?

 

အမေရိကန်တရားရေးရာဌာန(US Justice Department)က ဂျပန်ယာကူဇာ ခေါင်းဆောင်ကို ဖမ်းဆီးအပြီး သူတို့ဆီ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အေးဂျင့်ရဲ့ ပြောကြားချက်အရ မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် (နာမည်ဝှက် CC-1)ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်(RCSS)ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

သို့ပေမဲ့ ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အသစ်ထပ်မံ စွဲချက်တင်ခဲ့မှုမှာတော့ မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးလို့သာ သုံးနှုန်းခဲ့ပြီး အရင်က ထုတ်ပြန်ခဲ့တဲ့ (နာမည်ဝှက် CC-1)ဆိုသူနဲ့ တူညီမှု ရှိခြင်းမရှိခြင်းကိုတော့ သီးခြားထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

 

မြန်မာနိုင်ငံမှာ ယူရေနီယမ် ဘယ်လောက် ထုတ်လုပ်နေနိုင်ပါသလဲ?

 

အေးဂျင့်တွေနဲ့ အီဘီဆာဝါတို့ ရုပ်သံကတစ်ဆင့် ပြောဆိုခဲ့တဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံက လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးရဲ့ နယ်မြေအတွင်းမှာ ယူရေနီယမ် ကီလိုဂရမ် ထောင်ပေါင်းများစွာရှိနေပြီး “နျူကလီးယား ပစ္စည်း ငါးတန်အထိ ထုတ်လုပ်နိုင်တယ်” လို့ အီဘီဆာဝါက ဆိုပါတယ်။

 

ဒီလိုတွေ့ဆုံပြောဆိုမှုတွေဟာ သူ့အတွက် အန္တရာယ်ရှိလာတော့မှာကို အီဘီဆာဝါ တစ်ယောက် ကြိုမသိခဲ့ပါဘူး။

 

ဂျပန် ယာကူဇာ ခေါင်းဆောင် ဘယ်လိုဖမ်းခံရသလဲ?

 

လက်နက်နဲ့ ယူရေနီယံလဲလှယ်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ ဆက်လက်လုပ်ဆောင်နေချိန်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလထဲ ထိုင်းနိုင်ငံ တစ်နေရာမှာ အီဘီဆာဝါနဲ့ ကြံရာပါ ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

 

ဖမ်းဆီးခံရပြီးတဲ့နောက် အီဘီဆာဝါဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

 

အဲဒီနောက် ဘရွတ်ကလင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကမှ အမေရိကန်တရားရုံးက နျူဓာတ်သတ္တုပစ္စည်းတွေ ရောင်းချရန် ကြိုးပမ်းမှုနဲ့ စွဲချက်အသစ် ထပ်တင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ရေး အမေရိကန်ဘက်က ကြိုးပမ်းနေဆဲပါ။

 

ဒီအရောင်းအဝယ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာတွေလဲ?

 

“ဒီလိုမျိုး အရောင်းအဝယ်တွေသာ ဖြစ်မြောက်ခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေဟာ ကြောက်ဖို့ကောင်းပြီး အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ တည်ငြိမ်မှုတွေကို ဆိုးရွားစွာ ခြိမ်းခြောက်ခံရမှာဖြစ်တယ်”လို့ အမေရိကန်လက်ထောက် ရှေ့နေချုပ် မက်သရူး အိုဂိုလ်းဒန်း က CNN လို နိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

 

နျူလက်နက်တွေဟာ ပြင်းအားမြင့် လက်နက်တွေဖြစ်ပြီး ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ အဏုမြူဗုံးက မြင်သာတဲ့သာဓကဖြစ်ပါတယ်။

 

ခုချိန်ထိ ဟီရိုရှီးမားမှာရှိတဲ့ ဒေသခံတွေက မွေးလာတဲ့ကလေးတွေမှာ ခြေလက်အင်္ဂါ မစုံလင်တာ၊ မျက်ကြည်လွှာ ထိခိုက်တာ၊ တခြားသော ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုတွေ ဆက်ရှိနေသေးပြီး စစ်ကြီးပြီးနောက် မျိုးရိုးစဉ်ဆက်အထိ ထိခိုက်မှုတွေကို ဗုံးဒဏ်နောက်ဆက်တွဲပြဿနာတွေအဖြစ် ခံစားနေရတယ်လို့ ဂျပန် ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။

 

ဒီလို ကြောက်မက်ဖွယ် နျူလက်နက်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ?

 

လက်ရှိ မြန်မာနိုင်ငံရဲ့ ကချင်နဲ့ ရှမ်းပြည်နယ်လို ဒေသတွေမှာ တရုတ်နိုင်ငံဘက်က မြေရှားသတ္တုကို လာရောက် တူးဖော်မှုတွေဟာလည်းရှိနေပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုတွေ ရှိနေပါတယ်။

 

လျှပ်စစ်မော်တော်ယာဉ် (EV) ကားတွေ ထုတ်လုပ်ရာမှာ အရေးပါတယ်လို့ဆိုတဲ့ ဒိုင်စပရိုဆီယမ်(Dysprosium) အမျိုးအစားနဲ့ တာဘီယမ် (Terbium)အမျိုးအစား မြေရှားသတ္တု ဒြပ်စင်နှစ်မျိုးအပြင် တခြားသော ဒြပ်စင်တွေဟာလည်း ထွက်ရှိနေပါသေးတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်မှစလို့ တရုတ်နိုင်ငံဆီ မြန်မာ့မြေရှားသတ္တုတင်ပို့မှုဟာ ပိုမိုမြင့်တက်လာခဲ့ပြီး တရုတ်အခွန်အကောက်ဦးစီးဌာနရဲ့ ၂၀၂၃ ခုနှစ် အကောက်ခွန်စာရင်းအရ မြေရှားသတ္တုနဲ့ဆက်စပ်သတ္တုတွေ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ တင်ပို့မှုဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ကျော် တန်ဖိုးရှိခဲ့ပါတယ်။

 

ဒါဟာ မနည်းလှတဲ့ တန်ဖိုးပမာဏ တစ်ခုပါ။

 

စစ်တပ်အာဏာမသိမ်းခင် ကာလများကတည်းက မပြေလည်ခဲ့တဲ့ ဒီပြဿနာကြီးဟာ စစ်ကောင်စီ အာဏာသိမ်းချိန် နိုင်ငံတွင်း ပဋိပက္ခများ ကြီးထွားလာချိန်မှာတော့ အဖြေမရှိတော့တဲ့ ပုစ္ဆာ တစ်ပုဒ် ဖြစ်သွားခဲ့ပါပြီ။

 

ဘယ်သူများ ဖြေရှင်းနိုင်ပါမလဲ။