“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 24, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အထိ) ကမ္ဘာ့သတင်းတွေထဲ ရုရှားစီးပွားရေးလုပ်ငန်းတွေ ပိတ်ဆို့ခံရတဲ့သတင်း၊ ရုရှား-မြောက်ကိုရီးယား အကြောင်း အမေရိကန်-တရုတ်တို့ ဆွေးနွေးတဲ့သတင်း၊ ဂါဇာရှေ့ရေးထုတ်ပြောလာတဲ့ ဘဂျင်မင်နေတန်ညာဟု၊ လကမ္ဘာပေါ် ပထမဆုံးဆင်းတဲ့ အမေရိကန်ကုမ္ပဏီပိုင် အာကာသယာဉ် စတဲ့သတင်းတွေ အကြောင်း စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ကန်နဲ့ ဗြိတိန်ရဲ့ ထပ်အရေးယူခံရတဲ့ ရုရှား”

 

ယူကရိန်းထဲ ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို အမေရိကန်ပြည်ထောင်စုအပြင် ဗြိတိန်ကပါ ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံပြုလုပ်လိုက်ကြတဲ့ အကြောင်း ဖေဖော်ဝါရီ ၂၂ ရက် ကြာသာပတေးနေ့က အတည်ပြု ပြောဆိုလိုက်ကြပါတယ်။

 

ဗြိတိန်က ရုရှားဝင်ငွေရလမ်းအတွက် အဓိကဖြစ်တဲ့ စိန်၊ သတ္တုနဲ့ စွမ်းအင်ဆိုင်ရာ ကုန်သွယ်မှုတွေလုပ်နေတဲ့ ရုရှားနဲ့ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီပေါင်း ၅၀ ကျော်ကို အရေးယူခဲ့တာပါ။ ဒါ့အပြင် ယူကရိန်းကို ထောက်ခံပံ့ပိုးမှုတွေ ပြုလုပ်ပေးမယ့်အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ပြောခဲ့ပါသေးတယ်။

 

အခု ဒဏ်ခတ်အရေးယူခံရတဲ့သူတွေနဲ့ ကုမ္ပဏီတွေဟာ ကာကွယ်ရေးဆိုင်ရာ လက်နက်တွေ ထုတ်လုပ်နေတာ၊ ဂျက်တိုက်လေယာဉ်တွေ၊ အင်ဂျင်တွေ၊ တင့်ကားတွေနဲ့ မစ်ဇိုင်းတွေ ထုတ်လုပ်မှုနဲ့ ဆက်နွယ်နေတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

 

အမေရိကန် ပြည်ထောင်စုကလည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ဒုတိယနှစ်ပတ်လည်နေ့ မတိုင်ခင်မှာ အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် တရားရေးဌာနက ဖေဖော်ဝါရီ ၂၂ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

ရုရှားအစိုးရနဲ့ ဆက်နွယ်ပြီး ကြီးပွားချမ်းသာနေတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ သူတို့နဲ့ ငွေကြေးအဆက်သွယ်ရှိသူ ၅ ဦးကို အရေးယူကြောင်း အဲဒီနေ့ကပဲ ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီထဲ ငွေကြေးခဝါချမှုလုပ်ခဲ့ကြောင်း ဝန်ခံတဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းရှင် နှစ်ဦးလည်းပါဝင်ပြီး သူတို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအစိုးနဲ့ဆက်နွယ်နေတဲ့ သူဌေးကြီး Viktor Perevalov ရဲ့ ဖလော်ရီဒါက ဒေါ်လာ ၂ သန်းခွဲတန် နေအိမ်တွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။

****************************************

 

“ရုရှား-မြောက်ကိုရီးယားအကြောင်း ပြောကြတဲ့ အမေရိကန်-တရုတ်”

 

ကမ္ဘာ့စောင့်ကြည့်ခံ ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ သင့်မြတ်လာမှုဟာ ကမ္ဘာ့လူထုကို ခြိမ်းခြောက်နေသလိုပါပဲ။ အခုတော့ သူတို့နှစ်နိုင်ငံဟာ စစ်ရေးအရပါ ပဏာသင့်လာတာကြောင့် ကမ္ဘာ့ကြီးနှစ်ကြီးလို့ တင်စားကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ သူတို့အကြောင်း ပြောဆိုဆွေးနွေးမှုတွေ လုပ်လာရတဲ့အထိပါပဲ။

 

ဒါပေမဲ့ ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်လို ထိပ်သီးခေါင်းဆောင်တွေ အဆင့်တော့ မဟုတ်သေးပါဘူး။ ရုရှား-မြောက်ကိုရီးယားအရေး ကျွမ်းကျင်ပညာရှင် အရာရှိတွေဖြစ်တဲ့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အရာရှိနဲ့ တရုတ်အရာရှိတွေကြား ဒီအရေးဆွေးနွေးခဲ့ကြတာပါ။

 

သူတို့ဟာ ဗီဒီယိုနဲ့ ဖုန်းခေါ်ပြီး ရုရှား-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာတဲ့အပေါ် အခုအပတ်ထဲ ဆွေးနွေးခဲ့ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ထုတ်ပြန်လာပါတယ်။

 

ဂျွန်းပတ်ခ်လို့ခေါ်တဲ့ မြောက်ကိုရီယားဆိုင်ရာ အမေရိကန် အကြီးတန်းအရာရှိနဲ့ လျူရှောင်မိန်းလို့အမည်ရတဲ့  ကိုရီးယား ကျွန်းဆွယ်ရေးရာ တရုတ်အရာရှိတို့နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့အနေအထားဟာ မတည်မငြိမ် ပိုဖြစ်လာတာ တွေ့ရတဲ့အပြင် အဲဒီနှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာနေတဲ့အကြောင်း ထုတ်ပြန်ချက်ထဲ ပါပါတယ်။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်တာလို့လည်း ပြောပါတယ်။

 

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ နျူကလီယားလက်နက်အစီစဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ မြောက်ကိုရီးယားနဲ့ ကာလတာရှည် ဆက်သွယ်ဆောင်ရွက်နေတဲ့ ရုရှားဟာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ကစပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု တိုးလုပ်လာတာဖြစ်ပါတယ်။

 

ယူကရိန်းကို တိုက်ခိုက်ရာမှာသုံးတဲ့ လက်နက်ခဲယမ်းတွေနဲ့ မစ်ဇိုင်းဒုံးတွေ ရုရှားကို မြောက်ကိုရီးယားက ပေးပို့နေတယ်လို့ အမေရိကန်က စွပ်စွဲပေမဲ့ ရုရှားကရော မြောက်ကိုရီးယားကပါ မဟုတ်မှန်ကြောင်း ငြင်းခဲ့တာပါ။ ဒါပေမဲ့ မနှစ်ကတော့ သူတို့ နှစ်နိုင်ငံအနေနဲ့ စစ်ရေးဆက်ဆံမှု ခိုင်မာအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Antony Blinken အန်တိုနီဘလင်ကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြူးနစ်လုံခြုံရေးညီလာခံမှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဆက်သွယ်ပြောကြားရာမှာတာ့ မြောက်ကိုရီးယား ပြဿနာကို အဆင့်အားလုံးမှာ ဆက်ပြီး ဆက်သွယ်ဆောင်ရွက်ရေးဟာ အရေးပါကြောင်း အတည်ပြုခဲ့ကြတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

****************************************

 

“ဂါဇာရှေ့ရေးအကြောင်းပြောတဲ့ စိုးမိုးသူ”

 

ပါလက်စတိုင်း ဂါဇာဒေသဟာ အခုဆိုရင် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုရဲ့ လက်ခုပ်ထဲက ရေလိုပါပဲ။ ဂါဇာက အရပ်သားတွေဟာ သူပြုသမျှနုရတဲ့အခြေအနေပါ။ မြေပြင်ကတိုက်လည်း ခံရသလို ဗုံးကြဲရင်လည်း အလူးအလဲပါပဲ။

 

အခုတော့ စိုးမိုးသူကြီးက ဂါဇာရှေ့ရေးကို ဒီအပတ်ထဲမှာ ထုတ်ပြောလာခဲ့ပါပြီ။

 

သူက စစ်ပွဲလွန် ဂါဇာဒေသအတွက် ရှေ့ရေးအစီအစဉ်တွေကို အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ကို အဆိုပြုတင်ပြခဲ့တာပါ။

 

အဲဒီထဲ စစ်ပွဲတွေပြီးသွားရင် ဂါဇာကို ဟားမက်စ်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပါလက်စတိုင်းတာဝန်ရှိသူ၊ ဟားမက်စ်အဖွဲ့ကို ထောက်ပံ့ထားတဲ့ နိုင်ငံခြားသားတွေမပါတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်ရမယ်လို့ ပြောသလို အကြမ်းဖက်မှုကို အားပေးတဲ့ နိုင်ငံအဖွဲ့အစည်းတွေနဲ့ လုံးဝပတ်သက်မှု မရှိဘဲ၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိတဲ့ ဒေသခံတာဝန်ရှိသူတွေက ဂါဇာကို အုပ်ချုပ်ရမယ်လို့ ဆိုထားပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသထဲမှာ ဟားမက်စ်အဖွဲ့နဲ့ အစ္စလာမ်မစ် ဂျီဟဒ်လှုပ်ရှားသူတွေ လုံးဝမရှိတော့ မချင်း၊ ဖမ်းဆီးခံထားရတဲ့ ဓားစားခံတွေအားလုံး ပြန်မလွတ်လာမချင်း အစ္စရေးစစ်တပ်က တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ပွဲတွေ ပြီးသွားရင်တောင် နောက်ထပ်အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မဖြစ်လာအောင် အစ္စရေးစစ်တပ်အနေနဲ့ ဂါဇာဒေသထဲမှာ အကန့်အသတ်မရှိ လွတ်လပ်စွာလှုပ်ရှားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

 

သူ့ရဲ့အစီအစဉ် ထွက်ပေါ်လာအပြီး နောက်တစ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၃ ရက် သောကြာနေ့မှာတော့ ဂါဇာတောင်ပိုင်းက Khan Younis နဲ့ ရာဖာမြို့တွေကို အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ဂါဇာမှာ အနည်းဆုံး ၁၀၄ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ ဟားမက်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ဒါကြောင့် အောက်တိုဘာ ၇ ရက် အစ္စရေးအပေါ် ဟားမက်စ် ရန်စခဲ့ချိန်ကနေ အခုအထိ ပါလက်စတိုင်း အရပ်သားပြည်သူ သုံးသောင်းနီးပါး သေဆုံးခဲ့ရပြီလို့ ဆက်ဖော်ပြထားပါတယ်။

****************************************

 

“နှစ် ၅၀ ကျော်အတွင်း လကမ္ဘာကို ပထမဆုံးပြန်ဆင်းသက်တဲ့ အမေရိကန်အာကာသယာဉ်”

 

၁၉၇၂ ခုနှစ်က အပိုလို ၁၇ အာကာသယာဉ် လကမ္ဘာကို ဆင်းသက်ခဲ့ပါတယ်။

 

အခုတော့ နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ လကမ္ဘာကို အမေရိကန်အာသယာဉ်တစ်စီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့အခြေစိုက် Intuitive Machines ကုမ္ပဏီရဲ့ စက်ရုပ်အာကာသယာဉ်ဟာ ဖေဖော်ဝါရီ ၂၂ ရက် ကြာသပတေးနေ့မှာ အောင်မြင်စွာ ခြေချနိုင်ခဲ့ပါပြီ။

လကမ္ဘာရဲ့ တောင်ဘက်ဝန်ရိုးစွန်းအနီးကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ ဒီအာသယာဉ်ဟာ အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေ ပထမဆုံးလွှတ်တင်တဲ့ အာကာသယာဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

 

ခြေခြောက်ချောင်းတပ် စက်ရုပ် အာသကာယာဉ်ဟာ ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ပြီး တစ်ပတ်အကြာ လရဲ့ပတ်လမ်းထဲကို ရောက်သွားပြီး မြေပြင်က ထိန်းချုပ်ရေးစခန်းနဲ့ မိုင်ပေါင်း နှစ်သိန်းသုံးသောင်းကိုးထောင် အဝေးကနေ အချက်ပေး မီးတွေ ပြန်ပြခဲ့ပါတယ်။

 

ဘီလျံနာသူဌေးကြီး Elon Musk ပိုင် SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးပျံရဲ့ထိပ်ဖူးမှာ Intuitive Machines ကုမ္ပဏီရဲ့ Nova-C အာကာယဉ်ကို လိုက်ပါလွှင့်တင်ခဲ့ပြီး ဒုံးပျံထွက်ပြီး ၄၈ မိနစ်လောက်အကြာ ကမ္ဘာမြေနဲ့ ၁၃၉ မိုင်လောက်ဝေးတဲ့နေရာမှာ ထိပ်ဖူးကနေ ခွဲထွက်ပြီး လကမ္ဘာဆီ ဆက်ခရီးနှင်ခဲ့တာပါ။

 

အာကာသယာဉ်ပေါ်မှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စူးစမ်းလေ့လာရေးပစ္စည်းတွေ၊ အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ NASA နဲ့ တခြား ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ လရဲ့ ဝန်ရိုးစွန်း အာကာသာယာဉ် ဆင်းသက်တဲ့နေရာ နေမဝင်ခင် နေရောင်ခြည်သုံး စွမ်းအင်ကို ၇ ရက် အသုံးပြုနိုင်အောင် တီထွင်ထားတဲ့ နည်းပညာ သရုပ်ပြနဲ့ စူးစမ်းလေ့လာရေး ပစ္စည်းတွေ သယ်ယူသွားခဲ့ပါတယ်။