အာဏာသိမ်း သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ ရွှေဆိုင်လုယက်မှု တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ရှိခဲ့ကာ စုစုပေါင်းကာလတန်ဖိုး ကျပ်သန်း ၁၅,၀၀၀ ခန့် ဆုံးရှုံးခဲ့

Author လင်းနွေဦး
Categories
Published on Feb 21, 2024

စစ်ကောင်စီ အာဏာသိမ်းကာလ သုံးနှစ်တာ အတွင်း မြန်မာနိုင်ငံ ​ဒေသအနှံ့အပြား၌ ရွှေဆိုင်လုယက်မှုဖြစ်စဉ်ပေါင်း ၅၇ မှု အထိ ဖြစ်ပွားခဲ့ကာ ကာလတန်ဖိုးအားဖြင့် ကျပ်သန်း ၁၅,၀၀၀ ဝန်းကျင် ဆုံးရှုံးခဲ့သည့်အပြင် ထိခိုက် သေဆုံးရသည် အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များရှိကြောင်း Data for Myanmar(D4M)မှ ထုတ်ပြန်သည်။

 

ရွှေဆိုင်လုယက်မှု ဖြစ်စဉ်ပေါင်း ၅၇ ကြိမ် အတွင်း လုယက်ရန်ကြိုးပမ်းမှု ၇မှု နှင့် ကျူးလွန်မှု အထမြောက်သည့်ဖြစ်စဉ် အကြိမ်အရေအတွက် ၅၀ ကြိမ် ရှိခဲ့ကာ မြန်မာပြည်အနှံ့မြို့ ကြီးများဖြစ်သည့် ရန်ကုန် ၊မန္တလေး ၊ ကချင်ပြည်နယ် ဖားကန့်မြို့၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း ဒေသများအတွင်း ဖြစ်ပွားခဲ့ကြောင်း D4M ၏ ထုတ်ပြန်မှုအရ သိရသည်။

 

လုယက်မှု ဖြစ်စဉ် အကြိမ်အရေအတွက်အားဖြင့် မန္တလေးမြို့တွင် ရွှေဆိုင်လုယက်မှု ၁၂ မှု ဖြင့် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန် မြို့တွင် လုယက်မှု ၆ မှု ဖြင့် ဒုတိယအများဆုံး နှင့် ကချင်ပြည်နယ် ဖားကန့် မြို့တွင် ၃ မှုဖြင့် တတိယ အများဆုံး ရပ်တည်လျက် ရှိကာ D4M မှ ကောက်ယူရရှိသည့် စာရင်းအရ တစ်လလျှင် လုယက်မှု တစ်ကြိမ် အနည်းဆုံးနှုန်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

“သူခိုး၊ဓားပြတွေ အရမ်းပေါလာပြီး ပေါ်ပေါ်ထင်ထင်လုလိုက် ၊လူသတ်လိုက်နဲ့ အိမ်ထဲနေရတာတောင် မလုံခြုံတော့ဘူး”ဟု လုယက်မှုများပြင် ခြိမ်းခြောက်ငွေတောင်းခံမှုများ ကြုံတွေ့ခဲ့ရသည့် ပင်လုံမြို့ခံ တစ်ဦး မှ CJ Platform သို့ ပြောသည်။

 

ပင်လုံမြို့မဈေးထဲရှိ နာမည်ကြီး ကိုကျော်ဆိုင်+မခင်ဦး ရွှေဆိုင်ကို ယခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ တွင် အမည်မသိ လူတစ်စုမှ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး သိန်းထောင်ချီကျော် ဆုံးရှုံးခဲ့ရကာ ယင်းဖြစ်စဉ် မတိုင်ခင်က ပင်လုံမြို့မှာ တခြားသော လုယက် ဓားမြတိုက်မှုအဖြစ် ဦးထွန်းတင် ဖုန်းဆိုင်ကို အမည်မသိ သေနတ်သမား နှစ်ဦးက လုယက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

ထို့ပြင် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၈နာရီ ဝန်းကျင်ခန့်တွင်လည်း မန္တလေးမြို့ ဈေးတောင်ပေါက် ၃၉ လမ်း၊ ၈၄ လမ်း နှင့် ၈၅ လမ်းကြားရှိ ဆယ်သန်း ရွှေဆိုင်အား မျက်နှာဖုံး Mask များ တပ်ဆင်ထားသူ ၃ ဦး မှ ပစ္စတို သေနတ်များဖြင့် ခြိမ်းခြောက်ကာ တစ်ဆိုင်လုံးရှိ  ပိဿာနှင့်ချီသော ရွှေများကို အိတ်များဖြင့် အေးအေးလူလူ ထည့်ကာ လုယက်မှုကျူးလွန်ခဲ့ကြသေးသည်။

 

“သူတို့က ပစ္စတိုတွေနဲ့ ။သုံးယောက်လာတာ။ ဆိုင်က ဝန်ထမ်းတွေ ကမိန်းကလေးတွေချည်းပဲလေ။ ဘယ်လိုမှ မလှုပ်ရဲဘူး။ လှုပ်လည်း အသက်ဆုံးရှုံးရုံကလွဲ ဘာမှ ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဟိုကောင်(ဓားမြ)တွေက အေးဆေးလုပ်သွားတာ”ဟု လုယက်မှု ဖြစ်စဉ်အပြီး CCTV မှတ်တမ်းမှ ပြန်လည် တွေ့မြင်ရသည်များကို ယင်းရွှေဆိုင်နှင့် တစ်လမ်းတည်းနေထိုင်သူ လုပ်ငန်းရှင်မြို့ခံတစ်ဦးမှ CJ Platform သို့ ထိုစဉ်က ပြောကြားခဲ့သည်။

 

ရွှေဆိုင်လုယက်မှု ဖြစ်စဉ်များအတွင်း လုယက်မှုကျူးလွန်သည့် အချိန်ကာလအား ဒေတာအချက်လက်များဖြင့် စနစ်တကျ မှတ်တမ်းပြုစုထားရာတွင်လည်း နေ့လယ် ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားသော လုယက်မှု ၁၁မှု၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ၉ မှု၊မနက် ၉ နာရီ၊ ၁၀ နာရီနှင့် နေ့လယ် ၁ နာရီတွင် ဖြစ်ပွားခဲ့သော လုယက်မှုများမှာ ၆ မှုစီ ရှိကြောင်း D4M မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ အာဏာ သိမ်းပြီးနောက် ရွှေဆိုင်လုယက်မှုဖြစ်စဉ်များ အပြင် ဘဏ်လုယက်မှု ဖြစ်စဉ်များလည်း ရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ အနေဖြင့် ရွှေဆိုင် လုယက်မှုများထက် ဘဏ်လုယက်မှုများကိုသာ ဖမ်းဆီးအရေးယူမှု ပိုမို ပြုလုပ်လျက်ရှိကာ လက်ရှိ အချိန်တွင်  ရွှေဆိုင်လုယက်မှု ဖြစ်စဉ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် သာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ရွှေနှင့် ငွေသား များ ပြန်လည် သိမ်းယူနိုင်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း D4M အဖွဲ့၏ သုသေတန စစ်တမ်းများ အရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း- ဇန်နဝါရီ ၁၉ ရက်​နေ့တွင် လုယက်ခံရသည့် ဆယ်သန်း ရွှေဆိုင်အား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အချို့ လာရောက် စုံစမ်းစဉ်