စိတ်ကျရောဂါကို ဘယ်လိုကုစားမလဲ

Author ဇက်
Categories
Published on Feb 18, 2024

စိတ်ကျရောဂါ (Depression) ဆိုတာ အခုနောက်ပိုင်း လူငယ်တွေ အတော်တော်များများ တွေ့ကြုံခံစားလာရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးပါ။ လူငယ်တွေဆိုတာထက် လူကြီးလူငယ်မရွေး၊ အသက်အရွယ် အပိုင်းအခြားတိုင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပေါ့။ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပဋိပက္ခတွေ၊ လူမှုရေးအကျပ်အတည်းတွေဟာ တစ်နေ့ထက် တစ်နေ့ များပြားလာတာနဲ့အမျှ ဒီအဝန်းအဝိုင်းထဲ တည်ရှိနေရသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်ခံရတာတွေ အတော်လေး များလာပါတယ်။

 

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုအပါအဝင် စီးပွားရေး၊ နေထိုင်ရေးနဲ့ အသက်ရှင်ရေးအတွက် ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အခက်အခဲ အကျပ်အတည်းတွေက အတော်လေး ပြင်းထန်တာမို့ ဒီပြဿနာတွေနဲ့ နေ့စဉ် ထိတွေ့ကြုံကြိုက်နေရသူတွေဟာလဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အနည်းနဲ့အများ ရှိကြမှာ အမှန်ပါ။

 

တကယ်တမ်းလည်း စိတ်ကျရောဂါဆိုတာ ကလေးလူကြီးမရွေး အသက်အရွယ်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ကမ္ဘာပေါ်က အဖြစ်အများဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်သာ သတိမထားမိရင် နေမယ်၊ စိတ်ကျခြင်းက လူတိုင်းမှာ စွဲကပ်နေနိုင်တာပေါ့။ ဒီနေ့တော့ CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာ စိတ်ကျရောဂါကို ဘယ်လိုကုစားကြမလဲဆိုတာ အတူလှန်လှော အဖြေရှာကြည့်ရအောင်ပါ။

 

ဒီပရက်ရှင်ဝင်တယ်ဆိုတဲ့ ဝေါဟာရကို လူတိုင်းလိုလို ကြားဖူးကြပါလိမ့်မယ်။ ယေဘုယျပြောရရင်တော့ အချိန်တိုင်းလိုလိုကို စိတ်ဓာတ်ကျပြီး ဝမ်းနည်းမှုတွေ၊ ယူကျုံးမရမှုတွေနဲ့ ပိတ်လှောင်မွန်းကျပ်မှုတွေ ဆက်တိုက်ခံစားရတာမျိုးပါ။ စိတ်ကျရောဂါဖြစ်ပွားသူတွေမှာ ဘုံပြလေ့ရှိတဲ့ လက္ခဏာတွေက ဝမ်းနည်းပူဆွေးနေတတ်တာ၊ ကြေကွဲနေတတ်တာနဲ့ စိတ်တို စိတ်ဆတ်တာတွေပါ။ အဲဒီလက္ခဏာတွေထဲမှာ မြန်မာနိုင်ငံသားတိုင်းလိုလို ကြုံတွေ့နေရတဲ့ ကိုယ့်ရဲ့အနာဂတ်က ဘယ်လိုမှ မကောင်းနိုင်တော့ဘူးဆိုတဲ့ ခံစားချက်မျိုးလဲ ပါတာပေါ့။ ရောဂါက အတိမ်အနက်ပေါ် မူတည်ပြီး ပြတဲ့ လက္ခဏာတွေ ကွဲတတ်ပါတယ်။ ဖိအားတွေ အင်မတန်များပြီး ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့တဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာလဲ အဲဒီစိတ်ကျရောဂါရဲ့ လက်ချက် ဘယ်ကင်းပါ့မလဲ။

 

ဒါဆို အဲဒီ စိတ်ကျရောဂါကို ဘယ်လိုကုစားနိုင်လဲ၊ ဘယ်နည်းတွေသုံးရမလဲ။

 

(၁) တစ်ယောက်တည်း သီးသန့်မနေပါနဲ့။

 

တစ်ယောက်တည်း သီးသန့်မနေရတဲ့ အကြောင်းအရင်းက စိတ်ကျရောဂါဆိုတာ လူမှုဘဝနဲ့ ဝေးကွာလေလေ ပိုပိုဆိုးရွားလာတတ်လေလေမို့ပါ။ ရုပ်ပိုင်းဆိုင်ရာအရ တခြားသူတွေနဲ့ အထိအတွေ့မရှိနိုင်တောင် ဖုန်းပြောတာပဲ ဖြစ်ဖြစ်၊ ဗီဒီယိုကောလ်ပြောတာမျိုး ဖြစ်ဖြစ် လုပ်လို့ ရပါတယ်။ ငါ့မှာ ငါပဲ ရှိတယ်ဆိုတဲ့ စိတ်ကို အတတ်နိုင်ဆုံး ဖျောက်ပြီး ကိုယ်တည်ရှိရာ ရပ်ဝန်း၊ ကိုယ့်ရဲ့ လူနေမှုအသိုက်အမြုံနဲ့ အမြဲတစေ အထိအတွေ့ ရှိပေးပါ။ မိဘတွေ၊ ဆွေးမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေအပါအဝင် ကိုယ့်အတွက် အရေးပါတယ်လို့ ခံစားရသူတွေနဲ့ နီးနီးကပ်ကပ်နေနိုင်ဖို့ လုပ်ပါ။ တိရစ္ဆာန်လေးတွေရှိရင် သူတို့နဲ့ အချိန်ကုန်ပေးပါ။ နွေးနွေးထွေးထွေး ခံစားချက်တွေ ပြန်ပေါ်လာပြီး စိတ်ကျရောဂါကို ဖြေလျော့ပေးနိုင်ပါတယ်။

 

(၂) တက်တက်ကြွကြွနေပါ။

 

စိတ်ကျနေလို့ ထိုင်းမှိုင်းနေပါတယ်ဆို ဘာကိစ္စ လာတက်ကြွခိုင်းနေရတာလဲလို့ မတွေးပါနဲ့။ ထိုင်းထိုင်းမှိုင်းမှိုင်း၊ လေးလေးပင်ပင်နဲ့ ဘာဆိုဘာမှ မလုပ်ချင်တော့လောက်အောင်ကို စိတ်ဓာတ်တွေ အဝီစိထိ ထိုးဆင်းနေတယ်လို့ ခံစားနေရတောင် အဲဒီအတိုင်း ဆက်နေနေတာက ဘာမှထူးမှာ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ကပ်ဖို့ လိုပါတယ်။ ဒီလို သတိပြန်ကပ်နိုင်ဖို့ရာအတွက် တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းတွေလုပ်ပါ။ လေ့ကျင့်ခန်းတွေလုပ်တာက ကိုယ့်ရဲ့ ခံစားချက်ကို ပိုကောင်းလာစေပါတယ်။ အကယ်၍ ကိုယ်က လေ့ကျင့်ခန်း လုပ်လေ့လုပ်ထမရှိသူဆိုရင် တစ်နေ့ကို အနည်းဆုံး မိနစ် (၂၀) ခန့် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ခြင်းက စိတ်ပိုင်းဆိုင်ရာမှာ မွန်းကြပ်ပိတ်လှောင်နေတာတွေကို ဖွင့်ဟပေးနိုင်စွမ်းရှိပါတယ်။

 

(၃) ကိုယ်ကြောက်နေရတာကို ရင်ဆိုင်ပါ။

 

စိတ်ကျရောဂါဖြစ်သူတိုင်းမှာ အမြဲလိုလို ကိုယ် စိုးရိမ်စိတ်ပူနေရတဲ့ ကိစ္စတွေ ရှိပါတယ်။ နိုင်ငံရေးအခြေအနေအရ၊ စီးပွားရေးအဆင်မပြေလို့၊ လူမှုရေးကျပ်တည်းလို့ . . . စသဖြင့် ပြဿနာတွေ ပေါင်းစုံ ရှိနိုင်ပါတယ်။ အဲဒီပြဿနာတွေကို ကိုယ်တိုင်ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။ ကြိုးစားတယ်လို့ ဆိုတဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့ ကိစ္စရှိသလို မတတ်နိုင်တဲ့ အကျပ်အတည်းတွေလဲ သေချာပေါက်ရှိပါတယ်။ အဲဒီလိုအခြေအနေဆိုရင် ကိုယ်မတတ်နိုင်တဲ့ အကျပ်အတည်းတွေကို ထိတ်လန့်စိတ်ပူနေရတဲ့ အခြေအနေကနေ ကျော်ဖြတ်နိုင်ဖို့ လုပ်ပါ။ ကိုယ်နဲ့အတူ ကိုယ့်အနီးအနားက သူတွေလဲ အလားတူ အကျပ်အတည်းမျိုး ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကို သတိကပ်ပြီး အားလုံးနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်ပါ။ စိတ်ဓာတ်တွေ မှိုင်ဝေကျဆင်းနေတာထက်စာရင် အဲဒီလို ရင်ဆိုင်လိုက်တာက ဖြေရှင်းနည်းတွေ ပိုပေါ်လာနိုင်ပါတယ်။

 

(၄) ကိုယ့်ရဲ့အချိန်ဇယားကို သတ်သတ်မှတ်မှတ်ထားပါ။

 

စိတ်ကျရောဂါဆိုတာ စိတ်ကျချင်စရာကောင်းတဲ့ ကိစ္စတွေကို အချိန်ပေးပြီး တစိမ့်စိမ့်တွေးရာကနေ အမြစ်တည်စွဲကပ်လာတာမို့ ကိုယ်ကြုံတွေ့နေရသမျှကို အတတ်နိုင်ဆုံး အာရုံထဲက ဖျောက်ပစ်နိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ဖျောက်တဲ့နေရာမှာ တစ်နေ့တာကို ဘယ်လိုအလုပ်တွေ လုပ်မယ်ဆိုပြီး အချိန်ဇယားတစ်ခု သတ်သတ်မှတ်မှတ် ထားလိုက်တဲ့နည်းက အသုံးဝင်ပါတယ်။ မနက်ကို ဘယ်အချိန်ထမယ်က စလို့ လေ့ကျင့်ခန်းလုပ်ချိန်တွေ၊ စာဖတ်ချိန်တွေ၊ မိသားစုနဲ့အတူ ရှိနေပေးမဲ့ အချိန်တွေအပါအဝင် ကိုယ်လုပ်စရာ အလုပ်တွေအတွက် ပေးမဲ့အချိန်တွေရယ်၊ တခြားဗာဟီရကိစ္စတွေအတွက် အချိန်ရယ်ဆိုပြီး တစ်နေ့တာအတွက် အချိန်ဇယားကို သီးသန့်လေး သတ်မှတ်ပေးထားလိုက်ပါ။ အတတ်နိုင်ဆုံး အချိန်ဇယားမှာ အားနေမဲ့အချိန်ဆိုတာမျိုး အလစ်အလပ်မရှိစေဖို့ လုပ်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ဇယားကို လိုက်နာပြီး အလေ့အကျင့်တစ်ခု ရအောင် လုပ်ပါ။

 

(၅) ကိုယ်ခံစားနေရတာတွေကို ထုတ်ဖော်ပြောဆိုပါ။

 

ကိုယ်တွေ့ကြုံနေရတာ၊ ခံစားနေရတာတွေကို ကိုယ်နဲ့ ရင်ဘတ်ချင်း နီးစပ်သူတွေ၊ ကိုယ့်အတွက် အရာရာလို့ သတ်မှတ်နိုင်သူတွေဆီ ဖွင့်ဟပြောဆိုပါ။ အဲဒီလိုမပြောချင်ရင်တောင် ဒိုင်ယာရီလို၊ နေ့စဉ်ဂျာနယ်လိုမျိုး ချရေးထားသင့်ပါတယ်။ စိတ်ကျရောဂါဆိုတာ ဆက်တိုက်ခံစားရတာမျိုး မဟုတ်ဘဲ အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ တွဲလျက် ဖြစ်တတ်သလို တစ်ဖြတ်စီလဲ ဖြစ်တတ်တာမို့ ကိုယ့်ရဲ့ ခံစားချက်တွေ အဆင်မပြေနေချိန်မှာရော၊ အဆင်ပြေနေချိန်မှာပါ နေ့စဉ်မှတ်တမ်းရေးပါ။ ကိုယ်တွေးနေတာတွေကို ပွင့်ပွင့်လင်းလင်းချရေးပြီး နေ့စဉ်ခံစားနေရတဲ့ လက္ခဏာတွေကို ထည့်ထားပါ။ ပြီးရင် အဲဒီမှတ်တမ်းတွေကို ပြန်ကြည့်ပြီး ဘာလို့ အဲဒီလို ဖြစ်ရလဲဆိုတာ တွေးတောကြည့်ပါ။ ကိုယ်ချရေးလိုက်တဲ့ အကြောင်းအရာတွေဟာ ကိုယ့်ခံစားချက် အစစ်အမှန်တွေ ဖြစ်နေတတ်လို့ စိတ်ကျရောဂါခံစားနေရမယ်ဆိုရင်တောင် ခံစားရစေတဲ့ အကြောင်းအရင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ စိတ်ထွက်ပေါက်ကို တွေ့လာနိုင်ပါတယ်။

 

အပေါ်မှာပြောခဲ့တဲ့ ငါးချက်လုံးကို သုံးပြီး စိတ်ကျရောဂါကို ဖြေလျှော့ကုစားလို့ ရပါတယ်။ အမြစ်ပြတ်ပျောက်သွားတာမျိုး မဟုတ်တောင် အတိုင်းအတာတစ်ခုထိ သက်သာပြေလျော့သွားမှာမို့ လက်တွေ့စမ်းသုံးကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်နှလုံးထဲ အမြဲကပ်ထားရမှာက ဘယ်လိုအခက်အခဲတွေကို ကြုံကြုံ၊ ဘယ်လိုအကျပ်အတည်းတွေကို တွေ့တွေ့၊ ရင်ဆိုင်ကျော်ဖြတ်နိုင်မဲ့ နည်းက ပေါ်လာစမြဲမို့ ဗေဒါပျံ အံကိုခဲပြီး ပန်း ဆက်ပန်ထားနိုင်ဖို့ ကြံ့ကြံ့ခံ ကြိုးစားပါ။ နောက်တစ်ပတ် ပြန်ဆုံပါမယ်။