“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ” (ဖေဖော်ဝါရီ ၁၁ မှ ၁၇ အထိ)

Author ကိုထားဝယ်
Categories
Published on Feb 18, 2024

ဒီတစ်ပတ် (ဖေဖော်ဝါရီ ၁၁ မှ ၁၇ အထိ)အတွင်း ကမ္ဘာ့သတင်းလွှာတွေထဲ နာမည်ကျော် ရုရှားအတိုက်အခံခေါင်းဆောင် ထောင်ထဲမှာ သေဆုံးသွားတဲ့သတင်း၊ မြူးနစ် လုံခြုံရေးညီလာခံ ကျင်းပတဲ့သတင်းနဲ့ ထိုင်း လေထုညစ်ညစ်မှု ကမ္ဘာ့အဆင့် ၈ အထိ ရောက်လာတဲ့သတင်းတွေကို CJ Platform က ရွေးချယ်ဖော်ပြထားပါတယ်။

****************************************

 

“ထောင်တွင်းမှာ သေဆုံးသွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင်”

 

ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အ‌လက်ဇေ နာဗယ်ညီဟာ ရုရှားအကျဉ်းထောင်ထဲမှာ ဖေဖော်ဝါရီ ၁၆ ရက် သောကြာနေ့က သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

အသက် ၄၇ နှစ် အရွယ် Alexei Navalny ဟာ အကျဉ်းထောင်ထဲမှာ လမ်းလျှောက်ရင်း သတိမေ့ လဲကျသွားပြီးနောက် ဆေးရုံပို့ဖို့ စီစဉ်ပေမဲ့ အချိန်မမီဘဲ သေဆုံးခဲ့ရတာလို့ ရုရှားထောင်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲ ပါပါတယ်။

 

အကျဉ်းကျနေပေမဲ့ ရုရှားအစိုးရ အကြောက်ရဆုံး အတိုက်အခံတစ်ဦးဖြစ်တဲ့ နာဗယ်ညီကို ထောင်ဒဏ် ၁၉ နှစ် ချပြီး ဝေးလံခေါင်သီပြီး အာတိတ်စက်ဝန်း မြောက်ဘက်၊ တစ်သက်တစ်ကျွန်းကျသူတွေပဲ ထားတဲ့ အကျဉ်းထောင်ကို လွှဲပြောင်းထားခဲ့တာပါ။

 

သူ့ကို အစွန်းရောက်အယူအဆ လက်ခံဖြန့်ဝေသူအဖြစ် ရုရှားအစိုးရက စွဲချက်တင်ထားပါတယ်။ ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်း ဆိုက်ဘေးရီးယားမှာ ခရီးသွားရင်း စစ်တပ်သုံးအဆင့်ရှိတဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်မိခဲ့တာကြောင့် ဂျာမဏီနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရုရှားနိုင်ငံကိုအပြန် ရုရှား အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။ ရုရှားအတိုက်အခံတွေ ကျင်းပတဲ့ နာဗယ်ညီ လွတ်မြောက်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံ မြို့ကြီးတွေမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ နာဗယ်ညီဟာ ရုရှားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်သူတစ်ဦးပါ။ ဒါပေမဲ့ သူဟာ အခုသမ္မတ Putin ကို နောက်ထပ် ၆ နှစ် အာဏာဆက်ယူနိုင်အောင် လုပ်ဖို့များတဲ့ ရွေးကောက်ပွဲ မကျင်းပခင် တစ်လအလိုမှာပဲ အခုလို သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

 

သူသေဆုံးတဲ့သတင်းကြောင့် အံ့သြတုန်လှုပ်ခဲ့ရကြောင်း ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သူဆုံးတဲ့ သောကြာနေ့မှာ ပြောကြားလိုက်သလို သူ့ရဲ့ သေဆုံးမှုအတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

 

အသက် ၄၇ နှစ်အရွယ် Navalny ကို အစွန်းရောက်မှုနဲ့ ထောင်ဒဏ် ၁၉ နှစ် ပြစ်ဒဏ်ပေးပြီး လုံခြုံရေးတင်းတင်း ကြပ်ကြပ်ချထားတဲ့ အကျဉ်းထောင်မှာ ထားရှိတာပါ။ သူ့မိသားစုကတော့ သူရဲ့ သေဆုံးမှုကို အတည်ပြုနိုင်အောင် သောကြာနေ့မှာ ကြိုးစားနေပါတယ်။

****************************************

 

“ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ မြူးနစ် ကမ္ဘာ့လုံခြုံရေးညီလာခံကျင်းပ”

 

ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဖေဖော်ဝါရီ ၁၆ ကနေ ၁၈ ရက်နေ့အထိ ဆွေးနွေးနေကြပါတယ်။

 

သူတို့ဟာ ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန် ဒုသမ္မတ Kamala Harris တက်ရောက်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

 

ကုလမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မိန့်ခွန်းထဲ “စစ်အေးစစ်ဖြစ်နေတဲ့ကာလမှာတုန်းကတောင် အခုထက် ပိုပြီး အန္တရာယ်နည်းတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အစ္စရေးစစ်ပွဲနဲ့ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်နေတဲ့ကိစ္စနဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ကူညီမယ့် သန္နိဋ္ဌာန်တွေက အခုညီလာခံမှာ အဓိကလွှမ်းမိုးနေမယ်လို့ ခန့်မှန်းရပါတယ်။

 

ပြီးတော့ ဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ရန်ကုန် ဂျာမဏီသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာတလွှားက လုံခြုံရေးနှင့်ပတ်သက်တဲ့ အရေးအကြီးဆုံး စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အဆင့်မြင့်မူဝါဒ ချမှတ်သူတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဒီညီလာခံမှာ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

****************************************

 

“ကမ္ဘာ့အဆင့် Top 10 ဝင်သွားတဲ့ ဘန်ကောက်”

 

ကမ္ဘာလှည့်ခရီးသွားတွေအကြိုက် ဘန်ကောက်မြို့ဟာ အခုတော့ ကမ္ဘာ့မြို့ကြီး ၁၀ ခုထဲ စာရင်းဝင်သွားခဲ့ပါပြီ။ တခြားနေရာမှာတော့ မဟုတ်ပါဘူး။ လေထုညစ်ညမ်းမှု ညွှန်းကိန်းအဆင့်မှာ ကမ္ဘာ့အဆင့် မြို့ကြီးတွေထဲ အဆင့် ၈ ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် ကြာသာပတေးနေ့ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အဆင့်ထိရောက်နေလို့ ထိုင်းအာဏာပိုင်တွေက နောက်နှစ်ရက်အထိ အိမ်မှာပဲ အလုပ်လုပ်ကြဖို့ မြို့နေလူတွေကို တိုက်တွန်းခဲ့ပါတယ်။

 

ရိတ်သိမ်းတောင်ယာလယ်များ မီးရှို့ခြင်း၊ စက်မှုလုပ်ငန်းများက မီးခိုးငွေ့တွေ ထုတ်လွှတ်ခြင်း၊ မော်တော်ယာဉ် များပြားလာခြင်းနဲ့ ယာဉ်ကြောပိတ်ဆို့ချိန် ကြာမြင့်ခြင်းတို့ကြောင့် မြူနှင်းထုလို မီးခိုးထုတွေ မြို့တော်ဘန်ကောက်ကောင်းကင်မှာ ကြာသာပတေးနဲ့ မနက်ပိုင်းက အုံ့မှိုင်းနေခဲ့တဲ့အထိပါပဲ။

 

“လေထု ညစ်ညမ်းမှုရဲ့ အဓိကအကြောင်းအရင်းကတော့ ရိတ်သိမ်းပြီး လယ်ယာခင်းတွေ မီးရှို့တာပါ။ နောက်ညစ်ညမ်းမှုကို ဖြစ်စေတဲ့ လေးပုံတစ်ပုံကတော့ မော်တော်ယာဉ်တွေက လာတာဖြစ်ပြီး ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)က ပြောခဲ့ပါတယ်။

 

ဖြေရှင်းရမယ့်နည်းလမ်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံထဲက လောင်စာဆီသုံး မော်တော်ယာဉ်တွေအစား လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်(EV)တွေ အစားထိုးအသုံးပြုတာကို ဝန်ကြီးချုပ်အသစ်က ထောက်ပြပါတယ်။

 

ထိုင်းနိုင်ငံပိုင် လေထုညစ်ညမ်းမှုစစ်ဆေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့(IQAir)ကတော့ “မြို့တွင်းကလူတွေ အသက်ရှူရာမှာ ရှူသွင်းနိုင်တဲ့ လေထုတွင်းပါဝင်တဲ့ အမှုန်အမွှားပါဝင်မှုပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကသတ်မှတ်ထားတဲ့ ပမာဏအဆင့်ထက် ၁၅ ဆကျော် ပိုများနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ အဆင့် ၈ နေရာကို ရောက်ရှိနေတယ်” လို့ ထုတ်ပြန်ပါတယ်။

 

ဘန်ကောက်က လေထုအခြေအနေဟာ ပိုမိုဆိုးရွားလာရုံမက မြူနှင်းထုလို မီးခိုးထုတွေအုံ့ဆိုင်းနေတဲ့အပြင် ဖုန်မှုန့်နဲ့ အမှုန်အမွှားပါဝင်မှုများပြားလို့ မျက်စိကျိန်းစပ်ကာ အသက်ရှုဖို့တောင်ခက်ခဲတယ် လို့ ဘန်ကောက်မြို့ပေါ်က အငှားယာဉ်မောင်း မစ္စတာ ခွန်ပေါင် ပိုပရာခွန်(Kornpong Poprakun)က ဘန်ကောက်အခြေစိုက် Bangkok Post သတင်းဌာနကို ပြောပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ရှိ လေထုတွင်းအမှုန်အမွှားပါဝင်မှု ပျမ်းမျှပမာဏဟာ ၇၅ µg/m³(လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှု ၇၅ မိုက်ခရိုဂရမ်)ပါဝင်မှုနှုန်းရှိနေခဲ့ရကေနေ ကြာသပတေးနေ့မှာတော့ ၁၈၅ ဒသမ ၃ µg/m³ နှစ်ဆခွဲကျော်အထိ မြင့်တက်လာပါတယ်။

 

ထိုင်းအစိုးရရဲ့ လုံခြုံတယ်လို့ ခွင့်ပြုသတ်မှတ်ထားတဲ့ လေထုအတွင်း အမှုန်အမွှားပါဝင်မှုပမာဏဟာ ၃၇ ဒသမ ၅ µg/m³(လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှု ပမာဏ ၃၇.၅ မိုက်ခရိုဂရမ်)ပါ။ WHO က ပြဌာန်းသတ်မှတ်ထားတဲ့ ပမာဏကတော့ ၂၅ µg/m³ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံအတွင်း ပြည်နယ် ၇၇ ခုရှိတဲ့အထဲ ၆၂ ပြည်နယ်မှာ စိုးရိမ်ရတဲ့ လေထုဖုံးလွှမ်းခြင်းခံစားနေရပြီး အဲဒီထဲ မြို့တော် ဘန်ကောက်က ထိပ်ဆုံးက ရပ်တည်နေတာပါ။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူး ရိုးရာပွဲတော်အတွင်း အမွှေးတိုင်များ ထွန်းညှိခြင်း၊ စက္ကူပိုက်ဆံများ မီးရှို့ခြင်းတို့ကြောင့် ရက်ပိုင်းအတွင်း ထိုင်းမြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုနှုန်း ၁၀ဝ ဒသမ ၃ µg/m³(လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှုနှုန်း ၁၀ဝ ဒသမ ၃ မိုက်ခရိုဂရမ်)အထိ ရောက်ရှိခဲ့ရပါတယ်။