နှစ် ၈၀ ကျော်ကြာ ပျောက်ကွယ်နေတဲ့ ရှားပါးနှံကောင်မျိုးစိတ်အကြောင်း မြန်မာလူငယ် သုတေသနပညာရှင်အဖွဲ့မှ စာတမ်းထုတ်ဖော်ရေးသား
၁၉၃၇ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ အနှစ် ၈၀ ကျော်ကြာ မှတ်တမ်းတစ်စုံတစ်ရာ မရှိဘဲ လေ့လာသူများ မျက်စိအောက်က ပျောက်ကွယ်နေသည့် မြန်မာမျိုးရင်း ရှားပါးနှံကောင်မျိုးစိတ်တစ်ရပ်ကို Native Species Conservation and Identification in Myanmar (NSCI) အမည်ရှိ မြန်မာလူငယ်သုတေသနပညာရှင်အဖွဲ့မှ မှတ်တမ်းရရှိခဲ့ပြီး ၎င်းမှတ်တမ်းအပေါ် အခြေခံ၍ သုတေသနစာတမ်း ရေးသားထုတ်ဝေနိုင်ခဲ့ကြောင်း NSCI အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ရေးအဖွဲ့ (NSCI) မှ လူငယ်သုတေသနပညာရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပျောက်ဆုံးနေသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြပြီးနောက် လေ့လာတွေ့ရှိချက် သုတေသနစာတမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Magnolia Press အမည်ရ တိရစ္ဆာန်ဗေဒသုတေသနဂျာနယ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၎င်းသုတေသနစာတမ်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသတွင် နေထိုင်ကျက်စားပြီး ၁၉၃၇ ခုနှစ်မှ စ၍ ကွယ်ပျောက်တိမ်မြုပ်လျက်ရှိသည့် ရှားပါးနှံကောင်မျိုးစိတ်အကြောင်း ရေးသားထားခြင်း ဖြစ်ပြီး ယင်းနှံကောင်မျိုးစိတ်အကြောင်း ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် လေ့လာရေးသားထားသည့် စာတမ်းတစ်စောင်လည်း ဖြစ်သည်။
၎င်းနှံကောင်မျိုးစိတ်ကို ၁၉၃၇ ခုနှစ်တွင် ပြည်ပမှ လာရောက်လေ့လာသည့် နိုင်ငံခြားသုတေသနပညာရှင်အဖွဲ့မှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွင် အခြေချနေထိုင်သည့် မြန်မာမျိုးရင်း နှံကောင်မျိုးစိတ်အဖြစ် မှတ်တမ်းတင် အမည်ပေးခဲ့ခြင်း ဖြစ်သည်ဟု သုတေသနဖော်ပြချက်တွင် ပါဝင်သည်။
“၁၉၃၇ မှာ နိုင်ငံခြားသား လေ့လာရေးသမားတွေက ရေနံချောင်းမှာရှိတဲ့ အဲဒီနှံကောင်လေးရဲ့ Spicemen လို့ ခေါ်တဲ့ အကောင်အသေတွေကို ယူသွားတယ်။ ယူသွားတာက ၁၉၃၇ ဆိုတော့ တွေ့တဲ့အချိန်က ၁၉၃၇ ဖြစ်မှာပေါ့၊ အဲဒီလောက်တုန်းက ဖမ်းယူသွားပြီးတော့ ၁၉၆၀ လောက်ကျတော့ အဲဒီအကြောင်း သူတို့ စာတမ်းရေးကြတယ်။ အဲဒီ ၁၉၃၇ ယူသွားတဲ့ နောက်ပိုင်းက စလို့ အဲဒီနှံကောင်မျိုးစိတ်ကို မြန်မာမှာ မတွေ့တာပါ။” ဟု ၎င်းသုတေသနကို ဆောင်ရွက်သည့် NSCI အဖွဲ့၏ တာဝန်ရှိသူ ကိုဝင်းပိုင်ဦးက CJ Platform ၏ မေးမြန်းချက်တွင် ပြောကြားခဲ့သည်။
ဇီဝနာမည် Burmorthacris subaptera Kevan ဖြင့် နှံကောင်မျိုးစိတ်သစ်အဖြစ် ပေးအပ် သတ်မှတ်ခြင်းခံခဲ့ရသည့် ၁၉၆၄ ခုနှစ် သုတေသနနောက်ပိုင်းမှ စ၍ ၎င်းနှံကောင်မျိုးစိတ်နှင့် စပ်လျဉ်းသည့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာကိုမျှ ထပ်မံတွေ့ရှိခြင်း မရှိခဲ့ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ကိုဝင်းပိုင်ဦးက “တခြားအကောင်တွေဆိုရင် Camera track တွေ၊ မှတ်တမ်းပုံတွေ ရသေးတယ်။ ဒါမျိုးဆို ကွယ်ပျောက်တယ် မခေါ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီနှံကောင်က မှတ်တမ်းပုံကို မရှိတော့တာ၊ မှတ်တမ်းပုံတောင် မရှိတော့ အကောင်လိုက်ဆို ဝေးပြီပေါ့။ အဲဒီလိုမျိုးနဲ့ အနှစ် ၈၀ လောက် ကြာသွားပြီး သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တစ်ခုမှ မရဘူးပေါ့။ ၁၉၃၇ တုန်းက ဖမ်းသွားတယ်၊ ပြီးတော့ မျိုးစိတ်သစ်အဖြစ်နဲ့ နာမည်ပေးလိုက်တယ်။ ဒီလောက်ပဲ။ ဒီအကောင်နဲ့ ပတ်သက်လို့ တခြားအချက်အလက်တွေ ဘာမှ မရှိသလို အရှင်မှတ်တမ်း ပုံလဲ မရှိဘူး။” ဟု ဆိုသည်။
ယင်းကဲ့သို့ ပျမ်းမျှ နှစ် ၈၀ ကျော် ပျောက်ကွယ်နေသည့် မျိုးစိတ်အား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရေနံချောင်းမြို့၌ နေထိုင်သည့် ဒေသခံအမျိုးသမီးနှင့် ညောင်ဦးဒေသသို့ အလည်လာရောက်သည့် ခရီးသွား အမျိုးသမီးတစ်ဦးတို့က တွေ့ရှိ မှတ်တမ်းတင်ခဲ့ပြီးနောက် NSCI အဖွဲ့ထံသို့ လာရောက်တင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်းကို ဦးဆောင်ရေးသားသူ မဇွန်ဝတ်မှုံက ဆိုသည်။
“မနှစ်က မေလလောက်မှာ ဂရုထဲ လာတင်ပြီး id မေးခဲ့တဲ့ ခုအကောင်လေးတွေကို စတွေ့တာပါ၊ လာတင်တာ နှစ်ယောက်ပါ၊ မမာလာကျော် (ရေနံချောင်းက ပုံ)နဲ့ မချိုသန္တာ (ညောင်ဦးက ပုံ)ပါ တွေ့တော့ id ရှာဖို့ ကြိုးစားပါတယ်၊ ပေါပေါလောလော မြင်ဖူးနေကျ ရင်းနှီးနေတဲ့ မျိုးစိတ်မဟုတ် record တွေလည်း မရှိသလောက်ဆိုတော့ စစချင်း Family level မျိုးရင်းထိပဲ ရှာလို့ရတယ်ပေါ့၊ တိုက်စစ်ဖို့ အရှင်မှတ်တမ်းပုံ တစ်ပုံမှ မရှိပေမဲ့ ဂရုမန်ဘာ နှစ်ယောက် လာမေးတဲ့ ပုံလေးတွေကလည်း မျိုးစိတ်ခွဲဖို့ လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုရှိတာကြောင့် ပိုတိကျတဲ့ id လေး ရစေချင်ခဲ့ပါတယ်၊ အဲ့ဒီအတွက် ခင်နေတဲ့ နိုင်ငံခြား Expert တစ်ယောက်ကို ပြရင်းကနေ သူ့အကူအညီနဲ့ နှစ်ပေါင်းများစွာ ပုန်းကွယ်နေတဲ့ ရှားပါးမျိုးရင်း မျိုးစိတ်လေးမှန်း သတိထားမိခဲ့တာပါ”ဟု စာတမ်းဦးဆောင် ရေးသားသူ မဇွန်ဝတ်မှုံ ကပြောသည်။
အဆိုပါ သုတေသနကို ဆောင်ရွက်ရာတွင် NSCI အဖွဲ့မှ မြန်မာလူမျိုး အမျိုးသမီးပညာရှင် မဇွန်ဝတ်မှုံ၊ ဒေသခံလေ့လာသူ မမာလာကျော်နှင့် မချိုသန္တာတို့ သုံးဦး ပူးပေါင်း၍ အဓိကရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်း NSCI ၏ အက်မင်အဖွဲ့မှ ထိုင်းလူမျိုးပညာရှင်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
“အဲဒါ ရေးတဲ့အခါတုန်းကလဲ မြန်မာတွေချည်းပဲ။ တွေ့တဲ့ အစ်မနှစ်ယောက်ရယ်၊ မဇွန်ဝတ်မှုန်ရယ်၊ ထိုင်းတစ်ယောက် ပါတယ်။ ထိုင်းဆိုတာက သူကလဲ အဲဒီ အင်းဆက်တွေ အိုင်ဒီခွဲတဲ့သူဆိုတော့ ထည့်လိုက်တာပေါ့၊ နိုင်ငံခြားသားဆိုပေမဲ့ ကျွန်တော်တို့ Admin Team ထဲကပါပဲ။ ၂၀၂၃ မှာပဲ ရေးတာပြီးတယ်။ ပြီးတော့ စာတမ်းကို ပြင်ဆင်ရတာတွေ လုပ်တယ်။ လိုအပ်တဲ့ အချက်အလက်တွေ ထပ်ထပ်ထည့်ရတယ်။ ဒီနှံကောင်ရဲ့ ကျက်စားရာနေရာဆို နှမ်းခင်းပုံတွေပါ လိုက်ရိုက်ရတယ်။ သူတို့မိတ်လိုက်နေတဲ့ ပုံတွေ ဘာတွေ လိုက်စုရတယ်။ ပြီးတော့ အကုန်ပေါင်းပြီး ၂၀၂၄ မှာ စာတမ်းထုတ်လိုက်တာပါ။ ” ဟု NSCI အဖွဲ့၏ တာဝန်ရှိသူ ကိုဝင်းပိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းပတ်ဝန်းကျင်မှာ အဓိက ကျက်စားနေထိုင်သည့် အဆိုပါ နှံကောင်မျိုးစိတ်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှ နှစ်ပေါင်း ၈၀ နီးပါး သုတေသနမှတ်တမ်း ထပ်မံရရှိခြင်း မရှိ၍ ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
Burmorthacris subaptera Kevan နှံကောင်မျိုးစိတ်သည် လည်ပင်းတွင် အဝါရောင်အစက်လေးများ တန်းစီပါဝင်ပြီး ကျောတွင် အစိမ်းပတ်ပါရှိကာ အခြားသော နှံကောင်မျိုးစိတ်များနှင့် နှိုင်းယှဉ်ပါက ကွဲလွဲမှုများ ရှိနေကြောင်းလည်း သိရသည်။
“နှံကောင်လေးရဲ့ သိပ္ပံနာမည်က Burmorthacris subaptera ပါ၊ အင်းဆက်အတော်များများရဲ့ ထုံးစံအတိုင်း မြန်မာနာမည် မရှိသေးပါဘူး၊ ဒီနှံကောင်လေးရဲ့ ပုံစံသွင်ပြင်ကတော့ တခြားမြင်ဖူးနေကျ နှံကောင်တွေနဲ့ မတူဘဲ အတောင်လေးတွေက အရမ်းတိုပါတယ်၊ သူတို့ Pyrgomorphidae (Gaudy grasshoppers) မျိုးရင်းအုပ်စုဝင်တွေရဲ့ ပုံစံအတိုင်း ထူးခြားတောက်ပတဲ့ အရောင်စပ်လေးတွေ ရှိတယ်၊ ခန္ဓာကိုယ်တိုတုတ်မယ်၊ မြန်မာမျိုးရင်းစစ်စစ် ဖြစ်တဲ့အပြင် တွေ့ရတဲ့နေရာ ဆိုရင်လည်း စတင်တွေ့ရှိခဲ့တဲ့ ၁၉၃၇ ကနေ ခုလက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာမှ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသမှာပဲ တွေ့ရပါသေးတယ်၊ ဒါ ဒီနှံကောင်လေးရဲ့ ထူးခြားချက်ပါ။” ဟူ၍ မဇွန်ဝတ်မှုံက ဆိုသည်။
ဒေသတွင်း အင်းဆက်သုတေသနလေ့လာမှုများ ရှားပါးသည့်အတွက်ကြောင့် ယခုကဲ့သို့ အချိန်ကာလအကြာမှ ၎င်းမျိုးစိတ်နှင့် စပ်လျဉ်းသည့် မှတ်တမ်းကို ပြန်လည်ရရှိခြင်း ဖြစ်သည်ဟုလည်း ကိုဝင်းပိုင်ဦး ယခုကဲ့သို့ ဆိုသည်။
“ဒီမှာက အင်းဆက်ကို လေ့လာတဲ့သူက အတော်လေးကို ရှားတယ်။ မြင်သာအောင် ပြောရရင် အယောက်တစ်သောင်းမှာ တစ်ယောက်လောက်ပဲ အင်းဆက်တွေကို လေ့လာတာ၊ အဲဒီလောက်ထိကို ရှားတယ်။ ကျောင်းတွေမှာ မာစတာတို့ Ph.D တို့အတွက် လုပ်ကြရင်လဲ ဒီအင်းဆက်အပိုင်းကို ဘယ်သူမှ မလေ့လာကြဘူးလေ။ အကောင်ကြီးတွေနဲ့ပဲ လုပ်နေကြတာပေါ့။ ဒီတော့ ရှာရကောင်းမှန်းလဲ မသိဘူး။ တချို့ဆို ဒီနယ်ပယ်ထဲကပဲပေမဲ့ ပျောက်နေတယ်ဆိုတာ ဒီကိစ္စကျမှ သိကြတာ။”ဟု ကိုဝင်းပိုင်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် နိုင်ငံတကာ ဇီဝမျိုးစုံ မျိုးကွဲများ သုတေသနဂျာနယ်တစ်ရပ်ဖြစ်သည့် Magnolia Press ၏ Zootaxa တွင် ထုတ်ဝေထားပြီ ဖြစ်ပြီး ၎င်းသုတေသနစာတမ်းနှင့် ပတ်သက်၍ အသေးစိတ်ဖတ်ရှုလိုပါက NSCI အဖွဲ့၏ ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာတွင် သွားရောက် တောင်းယူနိုင်ကြောင်း ပြောကြားထားသည်။
သုတေသနစာတမ်းကို ထုတ်ဝေသည့် NSCI အဖွဲ့သည် ဒေသတွင်း ဇီဝမျိုးစုံ မျိုးကွဲများ လေ့လာရေးအဖွဲ့တစ်ခုဖြစ်ပြီး သက်ရှိမျိုးစိတ်များ မှတ်တမ်းတင်လေ့လာရေး၊ အမျိုးအစား သတ်မှတ်ခွဲခြားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့အစည်း၏ လူမှုကွန်ယက်ဂရုတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဒေသခံများ ပါဝင်ပြီး ဒေသတွင်း သက်ရှိမျိုးစိတ်များ၏ မှတ်တမ်းဓာတ်ပုံများ လာရောက်မျှဝေလေ့ရှိသည်။
“NSCI အဖွဲ့က ၂၀၂၃ မှာ စ,ထောင်တာပါ။ စ,ထောင်တုန်းကတော့ လူနည်းနည်းလေးပဲ။ တဖြည်းဖြည်း လုပ်ရင်းနဲ့မှ အချိတ်အဆက်တွေ ရတာပေါ့။ တခြားကျွမ်းကျင်သူတွေ၊ နိုင်ငံခြားသားပညာရှင်တွေ၊ ပြည်တွင်းကဆိုလဲ ပရော်ဖက်ဆာတွေ၊ ဘွဲ့လွန်တက်နေသူတွေနဲ့ ဒေါက်တာတွေ အဖွဲ့ထဲ ရှိလာတယ်။ အဓိကက အိုင်ဒီခွဲတာပါ။ သက်ရှိမျိုးစိတ်တွေကို အမျိုးအစားခွဲပေးတယ်။ ပြီးတော့ Citizen Science ကနေ ဒီလိုမှတ်တမ်းတွေ ရရင် စာတမ်းတွေ ပြုစုတယ်ပေါ့။ စာတမ်းရေးတာက အဓိကကျတယ်။ စာတမ်းတင်ပြီဆိုတာနဲ့ ဒီစာတမ်းကို တစ်ကမ္ဘာလုံးက ကြည့်ကြမှာပဲ။ မှတ်တမ်းပုံတွေ ယူသုံးတော့မှာပဲ၊ စာထဲပါတဲ့ အသေးစိတ်အချက်အလက်တွေကို တစ်ကမ္ဘာလုံး သုံးရတော့မှာပဲ။” ဟု ကိုဝင်းပိုင်ဦးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း တစ်ကမ္ဘာလုံးတွင် ကရင်ပြည်နယ်၌သာ တွေ့ရနိုင်သော မြန်မာ့ဌာနေရင်း ကြွေပန်းမျိုးစိတ်သစ်ကို NSCI အဖွဲ့ရှိ လူငယ်အမျိုးသမီးသုတေသနပညာရှင် မမြဘုန်းမော် ဦးဆောင်သည့် အဖွဲ့မှ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး သုတေသနစာတမ်း ထုတ်ဝေနိုင်ခဲ့သည်။
ယခုအကြိမ် သုတေသနစာတမ်းအဖြစ် ထုတ်ဝေသည့် ရှားပါးနှံကောင်မျိုးစိတ်သည်လည်း ဒေသခံများ၏ ပူးပေါင်းပါဝင်မှုနှင့် မှတ်တမ်းအချက်အလက်များ ပေးပို့သည့်အတွက်ကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နမူနာ ရေနံချောင်းမှာရှိတဲ့အကောင်ကို ကျွန်တော်တို့ သွားရှာရင် တွေ့ချင်မှ တွေ့မှာ။ ဒါပေမဲ့ ရေနံချောင်းမှာ နေတဲ့သူကတော့ ကိုယ်တွေထက် တွေ့နိုင်ခြေပိုများတာပေါ့။ ဒါမျိုး ဒေသပေါင်းစုံက လူတွေနဲ့ မှတ်တမ်းတင်တဲ့ ကိစ္စတွေ လုပ်တော့ ပိုအဆင်ပြေလာတယ်။ ခုနက နှံကောင်ဆိုရင် အရင်တုန်းက ရေနံချောင်းမှာပဲ ရခဲ့တာ၊ အခု ကျွန်တော်တို့က အသေးစိတ်တွေ ပြန်ကောက်တယ်၊ မှတ်တမ်းတွေ လိုက်ယူတဲ့အခါ ညောင်ဦးမှာပါ ထပ်တွေ့တယ်။ ရေနံချောင်းနဲ့ ညောင်ဦးမှာ တွေ့ပြီဆို အဲဒီမျိုးစိတ်က ကြားထဲက ချောက်တို့၊ ပုပ္ပါးတို့ ကျောက်ပန်းတောင်းတို့မှာလည်း ရှိနေနိုင်ပြီဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ မှတ်တမ်း မရသေးဘူး။ အဲဒီဒေသတွေက မှတ်တမ်းတွေသာ ရပြီဆို အဲဒီမြို့တွေမှာ ရှိနေတဲ့အကြောင်း သက်သေပြလို့ ရပြီပေါ့။”ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
ဒေသတွင်း သတ္တဝါများအာ သုတေသန လုပ်ဆောင်မှုသည် နိုင်ငံ၏ ပညာရေးရေချိန်အရ အားနည်းခဲ့ပြီး နိုင်ငံရပ်ခြား ဒေသများတွင် သုတေသနလုပ်ဆောင်သူများ ပိုမိုများပြားကြောင်း၊ သုတေသနလုပ်ဆောင်ရန်အတွက် လိုက်လံရှာဖွေသော်လည်း ရှေ့စီနီယာသုတေသီများမှ လုပ်ဆောင်ပြီးသွားသည့် လုပ်ငန်းစဉ်များသာ များပြားခဲ့ပြီး မြန်မာနိုင်ငံသည် ရှားပါး သတ္တဝါများ များစွာ သုတေသနပြုရန် ကျန်ရှိနေသေးသည့် နိုင်ငံဖြစ်ခြင်းကြောင့် နိုင်ငံတကာ ပညာရှင်များမှ များစွာ စိတ်ဝင်စားမှု ရှိနေသည်ဟုလည်း သိရသည်။
“တချို့နိုင်ငံခြားသားတွေဆို ဘယ်လိုပြောလဲဆိုတော့ မင်းတို့နိုင်ငံက ငါတို့ Ph.D ယူလို့ အကောင်းဆုံးပဲတဲ့။ သူတို့ Ph.D လုပ်ပြီဆို စာတမ်းတွေက အများကြီး ရေးရတယ်လေ၊ မျိုးစိတ်သစ်တွေ လိုက်ရှာရတယ်။ သုတေသနဆောင်းပါးလောက် မဟုတ်ဘဲ သုတေသနစာတမ်း အဆင့်လောက်ထိကို ရေးရတာ။ ဒါပေမဲ့ သူတို့ဆီမှာက ရေးစရာကုန်နေပြီ။ ရေးပြီးသားတွေကိုပဲ ထပ်တလဲလဲ ရေးနေရတာ။ တအားလုပ်မှကို စာတမ်းအသစ် ရေးနိုင်တာ။ ဒီမှာကတော့ အဲ့လိုမဟုတ်ဘူး။ အရမ်းကို ရေးစရာများတယ်။ အခုလို အင်းဆက်ဆိုလဲ ဒါမျိုးပျောက်နေတဲ့ အင်းဆက်တွေလဲ အများကြီး ရှိတယ်။ အင်းဆက်မှ မဟုတ် တခြားအကောင်တွေလဲ အများကြီးပဲ။ ဒါပေမဲ့ လိုက်ရှာ ရေးမဲ့သူက မရှိဘူး”ဟု ကိုဝင်းပိုင်ဦးက ဆက်လက်ပြောသည်။
ပညာရေးစနစ် အဆင့်မြင့်လာပြီးနောက် Zoology နှင့် ပတ်သက်သည့် ဒေါက်တာဘွဲ့၊ မဟာဘွဲ့များပေးအပ်ရာတွင် သုတေသနစာတမ်းများ များစွာ ထည့်သွင်းရေးသားပြီးမှ ပေးအပ်ခြင်းမျိုး လုပ်ဆောင်လာပါက သုတေသနလုပ်ငန်းစဉ်များ များစွာ တိုးတက်သွားနိုင်ကြောင်း ကိုဝင်းပိုင်ဦးက မှတ်ချက်ပြုသည်။
“အင်းဆက်ပိုင်းအနေနဲ့ကတော့ ကြိုးစားဖို့ အများကြီး လိုပါသေးတယ်၊ အင်းဆက်ပိုင်းက လေ့လာဖို့ field အရမ်းကျယ်ပြန့်တာမို့ စိတ်ဝင်တစားနဲ့ သေသေချာချာ စနစ်တကျ လေ့လာချင်တဲ့သူတွေ အများကြီးလိုပါတယ်၊ မြန်မာနိုင်ငံက ဒီလို Biodiversity ပိုင်းတွေမှာ လေ့လာအားအရမ်းနည်းတော့ မဖော်ထုတ်နိုင်သေးတဲ့ မျိုးစိတ်သစ်တွေ၊ ခုလိုပဲ ပုန်းကွယ်နေတဲ့ ရှားပါးမျိုးရင်းမျိုးစိတ်တွေ အများကြီး ကျန်ရှိနေနိုင်တာမို့ ဘာအကောင်လေး ဘာအပင်လေးပဲ တွေ့တွေ့ အမှုမဲ့အမှတ်မဲ့ မနေဘဲ ပုံလေးတွေ မှတ်တမ်းယူပြီး NSCI ဂရုထဲ လာတင်ပေးကြဖို့ တောင်းဆိုချင်ပါတယ် ” ဟူ၍လည်း မဇွန်ဝတ်မှုံက တိုက်တွန်းပြောသည်။