ဂါဇာ စစ်ဘေးသင့် ဒေသက ခေတ်သစ် နယူတန်

Author ဇက်
Categories
Published on Feb 11, 2024

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတဲ့ အစ္စရေး-ဂါဇာ စစ်ရေးပဋိပက္ခက လေးလတာဆိုတဲ့ အချိန်ပမာဏကို ကျော်လာပါပြီ။ Oxfam အဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ အစ္စရေးတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် တစ်နေ့ကို ပျမ်းမျှ ပါလက်စတိုင်း ပြည်သူ အယောက် ၂၀၀ ဝန်းကျင် ပုံမှန်သေဆုံးနေရပြီး ပဋိပက္ခကာလ လေးလအတွင်းမှာတင် ပါလက်စတိုင်းပြည်သူ သုံးသောင်းနီးပါး သေဆုံးခဲ့ပါတယ်။ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အစ္စရေးပြည်သူ အယောက် ၁၀၀၀ ကျော်နဲ့ ယှဉ်ရင် အတော်လေးကို များပြားတဲ့ ပမာဏပါ။

 

ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ ပါလက်စတိုင်းပြည်သူ ၂ဒဿမ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အဲဒီလို အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေထဲမှာ အယ်လ်-အက်တာ မိသားစုလည်း အပါအဝင်ပါ။ သူတို့ရဲ့ နေအိမ်ကို စွန့်ခွာပြီး မိသားစုလိုက် ရာဖာကို စစ်ဘေးရှောင်လာတဲ့ အယ်လ်-အက်တာတို့ မိသားစုဟာ ဘေးဒုက္ခပေါင်းစုံကို ကြုံတွေ့နေရပါတယ်။ သူတို့မှ မဟုတ်ပါဘူး။ နေရပ်ကို စွန့်ခွာထွက်ပြေးသူအများစုဟာ ဂါဇာကမ်းမြှောင်ရဲ့ တောင်ဘက်ပိုင်းမှာ ရှိတဲ့ အီဂျစ်နယ်စပ် ရာဖာဒေသမှာ စုပြုံပြီး စစ်ဘေးခိုလှုံနေရတာ ဖြစ်သလို အခက်အခဲ အကျပ်အတည်းပေါင်း မြောက်မြားစွာကိုလည်း ကြုံတွေ့နေကြရပါတယ်။

 

လျှပ်စစ်မီးမရတာ၊ သောက်သုံးရေ မလုံလောက်တာ၊ စားနပ်ရိက္ခာရှားပါးတာလို ပြဿနာတွေကစလို့ နေထိုင်စရာ နေရာမရှိ၊ ခိုလှုံစရာ အမိုးအကာမရှိတာတွေ အလယ်၊ ဝမ်းရောဂါ၊ ငှက်ဖျားရောဂါလို ရောဂါဘယတွေ အဆုံး ဘေးဒုက္ခအသွယ်သွယ်ကို ပါလက်စတိုင်းပြည်သူ သန်းချီဟာ နေ့စဉ် ကြုံတွေ့နေရတာပါ။

 

အယ်လ်-အက်တာမိသားစုက ဟက်ဆန်-အက်တာဆိုတာ ဂါဇာဒေသမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ နာမည်ပါ။ အသက် ၁၅ အရွယ် ဟက်ဆန်-အက်တာကို ရာဖာဒေသက လူတွေကတော့ ခေတ်သစ်နယူတန်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

 

နယူတန်ဆိုတာကို လူတော်တော်များများက လက်ရှိအချိန်ထိ ရူပဗေဒနယ်ပယ်မှာ ဂန္ထဝင်မြောက်နေဆဲဖြစ်တဲ့ လောကနိယာမတွေကို ရှာဖွေဖော်ထုတ်ခဲ့သူ ဆရာတစ်ဆူအဖြစ် သိထားကြပါတယ်။ ပန်းသီးပင်အောက်မှာ ထိုင်နေရင်း ခေါင်းပေါ် ပန်းသီးကြွေကျတာကို ကြည့်ပြီး ဒြပ်ဆွဲနိယာမကို ရှာဖွေတွေ့ရှိခဲ့သူပေါ့။

 

ဂါဇာရဲ့ နယူတန် ဟက်ဆန်လေးကတော့ ပစ္စည်းအအပုံအပျက်တွေကြားထဲက ပန်ကာအစုတ်နှစ်လုံးလောက်ကို ယူ၊ ဝါယာကြိုးသွယ်ပြီး သူတို့မိသားစုရဲ့ ယာယီတဲအိမ်ကို လျှပ်စစ်မီးရအောင် လုပ်နိုင်ခဲ့ပါတယ်။

 

ဘယ်လိုအထောက်အပံ့ ပစ္စည်းမှ ပေါပေါများများ မရှိဘဲ အုတ်ပုံကြိုကြားကနေ လျှပ်စစ်မီးရအောင် လုပ်နိုင်ခဲ့တဲ့ ဟက်ဆန်လေးရဲ့ စွမ်းပကားက မသေးပါဘူး။ ဟက်ဆန်လေးရဲ့ အကြံဉာဏ်က အတော်လေး ရိုးရှင်းသလို အတော်လေးလည်း ဆန်းသစ်ပါတယ်။ သူက လေအားကို သုံးပြီး လျှပ်စစ်ထွင်ချင်တာပါ။

 

အဲဒီလို လုပ်နိုင်ဖို့အတွက် သူနေတဲ့ တဲပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းလေးတွေကို အရင်လိုက်စုတယ်လို့ ပြောပါတယ်။ စွန့်ပစ်ထားတဲ့ အီလက်ထရောနစ် ကိရိယာလေးတွေကို လိုက်စုတယ်။ ပြီးရင် အဲဒီအထဲမှာရှိတဲ့ ကွိုင်တွေ၊ ဝါယာတွေနဲ့ သံလိုက်လို အရာတွေ၊ ကောင်းနိုးရာရာ ပစ္စည်းလေးတွေကို ယူတာပါ။ ပြီးတော့ ဟက်ဆန်က အနားက ဆိုင်ငယ်လေးတစ်ခုမှာ ဒိုင်နမိုကို သွားဝယ်တယ် ဆိုပါတယ်။ ပြီးတော့ အဲဒီဒိုင်နမိုကို သုံးပြီး သူရှာတွေ့ထားတဲ့ ပန်ကာအပျက်နှစ်လုံးက ဒလက်တွေကို သုံးပြီး လျှပ်စစ်ရအောင် လုပ်ခဲ့တာမျိုးပါ။

 

အဲဒီလို လုပ်နိုင်ဖို့အတွက် သူပေါင်းစပ်ဖန်တီးထားတဲ့ ကိရိယာတွေကို သူတို့နေတဲ့ တဲရဲ့ ခေါင်မိုးပေါ်ကို အရင်တက်ပြီး တပ်ဆင်ရတယ် ဆိုပါတယ်။ အဲဒီပန်ကာနှစ်လုံးကို တစ်လုံးပေါ် တစ်လုံးဆင့် ထပ်တင်ပြီး လေစွမ်းအင်သုံး တာဘိုင်ငယ်သဖွယ် ဖန်တီးခဲ့တာပါ။ အဲဒီပန်ကာတွေအတွင်းက ဒလက်တွေ လေအားကြောင့် လည်တဲ့အခါမှာ သူ့ရဲ့ ဒိုင်နမိုငယ်လေးက စလည်ပတ်ပြီး လျှပ်စစ်ကို ထုတ်ပေးပါတယ်။ အဲဒီထွက်လာတဲ့ လျှပ်စစ်ကို သူစုပေါင်း စပ်ပေါင်း လုပ်ထားတဲ့ ဝါယာကြိုးတွေနဲ့ အိမ်ထဲက မီးလုံးတွေဆီ သွယ်ပြီး အလင်းရောင်ရအောင် လုပ်ခဲ့တာပါ။

 

ဟက်ဆန်က ဒီ့မတိုင်ခင်မှာ နှစ်ကြိမ်တိုင်တိုင် အရင် ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့တာကြောင့် တတိယအကြိမ်မြောက်ကို လုပ်ဖို့ အတော်လေး အချိန်ယူခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

 

“ကျွန်တော် အဲဒီလို လုပ်နိုင်တဲ့တာကို အတော်လေး ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို လုပ်နိုင်တာကြောင့် ကျွန်တော့် အမေ၊ နေသိပ်မကောင်းတဲ့ အဖေနဲ့ ကျွန်တော့်တူလေးတို့ အပါအဝင် စစ်ပွဲဒဏ်ကို ခါးစည်းလှိမ့်ခံနေရတဲ့ ဒီကသူတွေအကုန်လုံးရဲ့ ဒုက္ခဘယတွေကို ကူညီဖယ်ဖျောက်ပေးနိုင်တော့မှာကိုး” လို့ သူက ပြောပါတယ်။

 

“ဒီစစ်ရှောင်စခန်းတစ်ခုလုံးက ကျွန်တော့်ကို ဂါဇာက နယူတန်လို့ တင်စားခေါ်တာကို အတော်လေး ပျော်မိတယ်။ ဘာလို့ဆိုတော့ ကျွန်တော်က နယူတန်လိုမျိုး သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီး ဂါဇာကမ်းမြှောင်မှာ ရှိတဲ့ လူတွေတင်မက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတွေအတွက် အကျိုးရှိစေမဲ့ အရာတွေကို တီထွင်ချင်လို့ပါ” လို့ ဆိုပါတယ်။

 

သန်းနဲ့ချီတဲ့ ပြည်သူတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကို ကိုယ်စားပြုနေတဲ့ ဂါဇာရဲ့ အမှောင်ထုထဲက အလင်းရောင်၊ စစ်ဘေးသင့်ဒေသရဲ့ ဘေးဒုက္ခတွေ ချုပ်ငြိမ်းဖို့ရာအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ ၁၅ နှစ်အရွယ် ကောင်လေး၊ ကြီးလာရင် နယူတန်လို သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာပါဆိုတဲ့ ဉာဏ်ကြီးရှင်ကလေး ဟက်ဆန်နဲ့ နယူတန်တို့ကြား ကွာခြားတာက ဟက်ဆန်တို့က မှောင်အတိပြီးနေတဲ့ နေရာမှာ ဒုက္ခသုက္ခပေါင်းစုံနဲ့ ရှင်သန်နေထိုင်နေရပြီး ဒုံးကျည်တွေ ခေါင်းပေါ် ဘယ်တော့ကျလာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ အကြောက်တရားလွှမ်းမိုးပြီး နေနေရတဲ့ အခြေအနေမဟုတ်လား။