အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ကုန်တင်ယာဉ်မောင်းသမားတွေ ဘာတွေကြုံတွေ့နေရသလဲ

Author သီရိ ၊ လဂွန်းအိမ်
Categories
Published on Feb 11, 2024

အာဏာသိမ်း စစ်ကောင်စီဟာ နေရာအနှံမှာ လုံခြုံရေးလို့ အကြောင်းပြပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားပါတယ်။ ဒီစစ်ဆေးရေးဂိတ်တွေဟာ တကယ်တော့ ငွေတောင်းခံတဲ့ ဂိတ်တွေပါပဲ။ ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ စက်သုံးဆီစျေးတွေ မြင့်တက်လာတာ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်တာကြောင့် ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးမှာ အဓိကနေရာက ပါဝင်နေတဲ့ ကုန်တင်ယာဉ်မောင်းတွေဟာ အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ် သူတို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရပါသလဲ CJ Platform ရဲ့ အပတ်စဉ်ကဏ္ဍတစ်ခုဖြစ်တဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ကားတွေက ဒီထက်ပိုပြီး ဈေးတက်သွားမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းတွေ ဈေးတက်သွားဖို့ရှိတယ်လေ။”

 

မြဝတီ-သာမည မောင်းနှင်နေသည့် ခြောက်ဘီးယာဉ်မောင်းတစ်ဦးရဲ့ တီးတိုးသံ

 

မြဝတီကနေစထွက်ရင် ကားဝင်းဟောင်းနေရာမှာ ဂျူတီစစ်တယ်။ စစ်ပြီးရင် နဒီလင်းမြိုင်တံတား ကနေဖြတ်လာတယ်။ မဲ့ပလဲ့ထိပေါ့။ မဲ့ပလဲ့လမ်းဆုံရောက်မှ မဲ့ပလဲ့ကနေ ထို့ကော်ကိုးတောင်ခြေ ဘက်ကို လမ်းပြန်ခွဲတယ်။ အဲဒီက လမ်းခွဲပြီးတော့ တောက်လျှေက်လာရင် ဂိတ် ၂၀ လောက်ရှိတယ်။ တောင်ခြေရောက်ဖို့အတွက်က တောင်ခြေနဲ့ ဒီဘက်လောက်နဲ့ကို ၂၀ နီးပါးလောက်ရှိတယ်။ ဂိတ်အာလုံးပေါင်း ၄၀ လောက်ရှိတယ်။ သာမညလောက်ဘက်ထိကို မြဝတီကနေ သာမညထိဆင်းတာဆိုတော့လေ။ ကုန်ကျစရိတ်ကတော့ အရင်က ငါးသိန်းလောက်ပဲကုန်တယ်။ အခုက ခုနစ်သိန်းကျော်တယ်။ ခုနစ်သိန်းကျော်ကျော်လောက် ကုန်သွားတာပေါ့။ ဂိတ်တွေက တစ်ခေါက်နဲ့ တစ်ခေါက်နဲ့မတူဘူး။ ပိုလာတယ်။ လမ်းကြေးတွေကလည်း တောင်းတာတွေ တအားများတယ်။ တချို့ဂိတ်တွေဆို အရင်လက်ဖက်ရည်ဖိုး နှစ်ထောင်၊ သုံးထောင်ပေးရတဲ့ဂိတ်တွေက အခုဆိုရင် တစ်သောင်းခွဲတို့၊ နှစ်သောင်းတို့၊ အဲဒီလိုမျိုး တောင်းတာတွေလည်း ရှိတယ်။

 

ကားတွေက သွားနေတာ အရမ်းများတဲ့အတွက် ကားတွေက နေ့တိုင်းတော့ပိတ်နေတာပဲ။ အတက်ရော၊ အဆင်းရော ကားပိတ်တယ်။ နောက်ပြီး ကားခဈေးတွေကလည်း ကျသွားပြီ။ ကားများလာတော့ ကားခဈေးကျလာတယ်။ လမ်းကြေးက များလာတော့ သိပ်ပြီးတော့ မကိုက်တော့ဘူးပေါ့။ နည်းသွားတာပေါ့။ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ တန်ချိန်နဲ့ပေးတာလေ။ အရင်က တစ်တန်ကို သုံးသိန်းလောက်ပေးတယ်။ အဲဒီကနေမှ နှစ်သိန်းရှစ်သောင်း၊ အဲဒီကနေမှ နှစ်သိန်းခွဲ၊ အခု နှစ်သိန်းသုံးသောင်း၊ နှစ်သိန်းလေးသောင်း။ အဲဒီလိုတွေ ဖြစ်ကုန်တယ်။ အဲဒီလို ကျသွားတယ်။

 

လမ်းကြေးတွေကလည်းများလာတော့ ကျန်တာနည်းသွားတာပေါ့။ ကားတွေက ဒီထက်ပိုပြီး ဈေးတက်သွားမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းတွေ ဈေးတက်သွားဖို့ရှိတယ်လေ။ ဖြစ်သင့်တာကတော့ ဒီလမ်းရဲ့ လမ်းကြေးတွေ၊ ဂိတ်ကြေးတွေနည်းနည်း သက်သက်သာသာနဲ့ လျော့လျော့ပေါ့ပေါ့ ကောက်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့နော်။ တခြားအလုပ်ကလည်း ဘာမှမရှိဘူးလေ။ ခက်တော့ခက်ခဲတာပေါ့။ ဒါပဲလုပ်ရမှာပဲလေ။ အလုပ်ကတော့ လောလောဆယ်လက်ရှိအလုပ်က ဒီအလုပ်တွေပဲရှိတယ်ဆိုတော့လေ။

****************************************

 

“တိုက်ပွဲတွေကတော့ ရိုးနေပြီ။ ကိုယ်တောင် စစ်တိုက်လို့ရနေပြီ။ ကျည်ရှောင်တတ်နေလို့လေ။”

 

နယ်စုံ ကုန်တင်ယာဉ်မောင်းတစ်ဦးရဲ့ တီးတိုးသံ

 

အခက်အခဲတွေကတော့ ဂိတ်တွေများလို့ ခရီးမတွင်တာက အခက်အခဲဆုံးပဲ။ အရင်တစ်လ လေးခေါက်လောက်ရတော့ အဆင်ပြေတယ်။ အခုက ဂိတ်တွေတန်းစီနေရတာများလို့ တစ်လကို နှစ်ခေါက်၊  သုံးခေါက်က အများဆုံးပဲ။ အဝင်နည်း သွားတာပေါ့။ အုံနာတွေလည်း ဂိတ်တွေပေးရတာများလာတော့ အကျန်နည်းသွားပြီပေါ့။ အဆင်မပြေရင်တော့ ပြေတဲ့ဆီကို ပြောင်းရတာပေါ့။ ဘာပဲဖြစ်ဖြစ် အပွင့်လင်းဆုံးပြောရရင်တော့ လမ်းပေါ်ထွက်ပြီး ပိုက်ဆံကောက်နေတာကိုတော့ ဘယ်အဖွဲ့ကိုမှ မကြိုက်တော့တာအမှန်ပဲ။ နည်းတာဖြစ်ဖြစ်၊ များတာဖြစ်ဖြစ် ပြည်သူကောင်းစားဖို့ဆိုလည်း ပြည်သူတွေဆီက ပိုက်ဆံတောင်းတာပဲ။

 

အခုနောက်ပိုင်းတိုက်ပွဲတွေနဲ့ တွေ့တာတော့ နည်းသွားတယ်။ အရင်မြစ်ကြီးနားတက်တုန်းကတော့ အခေါက် တိုင်းပဲ ဆိုပါတော့။ တိုက်ပွဲတွေကတော့ ရိုးနေပြီ။ ကိုယ်တောင် စစ်တိုက်လို့ရနေပြီ။ ကျည်ရှောင်တတ်နေလို့လေ။ တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ရွာတွေက ထွက်တားတယ်။ မကြာဘူး။ ကားတွေနား ရောက်လာတာပဲ။ အဲဒီတော့ လမ်းဘေးမြောင်းထဲ ခုန်ချဝမ်းလျားမှောက်နေလိုက်ရတာပဲ။ တိုက်ပွဲဖြစ်တော့ ကုန်ပစ္စည်းပျက်ရင် လျော်ပေးရတာပေါ့။ တချို့ကျတော့လည်း ကုန်သည်တွေက နားလည်ပေးတယ်။ တချို့ကျတော့လည်း လျော်ရတယ်။ လျော်ရဝာာက အများဆုံးပဲပေါ့။ အုံနာမကောင်းရင် ယာဉ်မောင်းက ခေါက်ကြေးပြုတ်ပေါ့။ တိုက်ပွဲတွေဖြစ်ရင် ပင်ပန်းတော့ အချိုရည်ကားဆို တောင်းလည်းတောင်း၊ တက်လည်းယူကြပေါ့။ တောင်းတာတော့ တောင်းတယ်။ ပေးမပေး မမေးကြတော့ဘူး။ ယူကြတာပဲ။ ကိုယ်တွေလည်း ကုသိုလ်ရတာပေါ့ လျော်ရတာက တစ်ပိုင်းလေ။

****************************************

 

“မအလ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ခဲ့တဲ့ ဒုက္ခက ဆိုးပြီးရင်းဆိုးရင်းပဲ”

 

ဧရာဝတီတိုင်းအတွင်း စီးလုံးငှါးမော်တော်ယာဉ်မောင်းတစ်ဦးရဲ့ တီးတိုးသံ

 

တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် ရတာနဲ့ ကုန်တာ အလျင်မမှီပါဘူးဗျာ၊ ရတဲ့ကားမောင်းခနဲ့ မြင့်လာတဲ့ ကုန်ဈေးနှုန်းက အဆမတန်ဆိုတော့ မိသားစု စားလောက်ယုံပဲ အရင်လို အပိုမရှိတော့ဘူး ကျန်းမာရေးဘာညာ အပိုထွက်ရမယ်ဆို မလွယ်ကို မလွယ်တော့တာ၊ သာရေး နာရေးတောင် စဉ်းစားနေရတဲ့ အခြေအနေမျိုးပဲ၊ အခက်အခဲကတော့ ရှိတာပေါ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နဲ့ပတ်သက်ပြီးပြောရရင် အခုနောက်ပိုင်းတွေမှာ မော်တော်ပီကယ်တွေ များလာတယ် အဖမ်းအဆီးများလာတယ် ကိုယ့်မှာ(လိုင်စင် ဝိတတ် စသည်) ပြည့်ပြည့်စုံစုံရှိရင်တောင် လက်ဖက်ရည်ဖိုး ၅၀၀၀ လောက်ပေးရသေးတာ တစ်ခုမဟုတ်တစ်ခုနဲ့ ရစ်ပြီး တောင်းယူတာလေ ကိုယ်မှာလိုအပ်ချက်တစ်ခုရှိနေလို့ကတော့ အနဲဆုံး ၃ သောင်း ၅ သောင်းပဲ အဲ့ဒီလိုငြိပြီဆိုရင် ရေသောက် ဗိုက်မှောက်ပဲ။

 

လမ်းကြေး တံတားကြေး ဆိုတာကတော့ပုံမှန်ပါပဲ စစ်ဆေးရေးဂိတ်တွေ ပိုသွားတာပဲရှိတာ အိမ်စီးကားဆိုလွတ်ပေမယ့် ကျန်ကားတွေကတော့ အနည်းနဲ့အများ သင့်သလို့ ပေးရတာပဲ၊ စစ်ဆေးရေးဂိတ်ဆိုတာက တံတားတွေမှာ လမ်းတွေမှာ လုံခြုံရေးဆိုပြီး ချထားတဲ့ စခတွေပေါ့ တနည်းပြောရရင် ဆက်ကြေးကောက်တဲ့သဘောပဲ ဘာဝန်ဆောင်မှုမှ မပေးပဲ သက်သက်ကြီး ပိုက်ဆံပေးရတာလေ။

 

အာဏာမသိမ်းခင် ဒရိုင်ဘာဘဝနဲ့ ဘာကွာလဲဆိုရင် အခုအချိန်နဲ့က တခြားဆီပဲလေ ကျွန်တော်တို့က ခရီးသွားတွေများလေ အဆင်ပြေလေပဲလေ အာဏာမသိမ်းခင်ကဆိုရင် ဆီဈေးလဲပေါ သွားတဲ့သူကလည်းများတော့ ကားပိုင်ရှိဖို့အထိ မျှော်လင့်ခဲ့တာ အခုတော့ ကိုဗစ်ကာလကနေစပြီး မအလ အာဏာသိမ်းတဲ့ တစ်လျောက်လုံး ဒုက္ခတွေနဲ့ကြီးပဲ ကိုဗစ်တုန်းက ရောက်တဲ့ဒုက္ခက မျှော်လင့်ချက်ရှိသေးတယ် အခု မအလ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ခဲ့တဲ့ ဒုက္ခက ဆိုးပြီးရင်းဆိုးရင်းပဲ ဘာမျှော်လင့်ချက်မှမရှိတော့တာ ကားဈေးလည်းကြည့်လေ အနားမကပ်နိုင်ဘူး ရတဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့က ပိပြီးရင်းပိရင်းကိုဖြစ်နေရတာ။