အမေရိကန်တပ်များကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ကို ဘဂ္ဂဒက်မြို့တွင် အမေရိကန်က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်

Author အဂ္ဂ
Categories
Published on Feb 09, 2024

အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘဂ္ဂဒက်မြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်) ညပိုင်းတွင် အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း  အမေရိကန်တပ်များကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု အတွက် တာဝန်ရှိသည့် ဟစ်ဘိုလာ ပြည်သူ့စစ်အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု အမေရိကန်စစ်တပ်တာ ဝန်ရှိသူများ၏ ယမန်နေ့ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ဘဂ္ဂဒက်မြို့တွင်းရှိ ကားတစ်စီးကို ယမန်နေ့ ညနေပိုင်း (အီရတ်ဒေသတွင်း အချိန်) တွင် ဒရုန်းဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နှင့် အိရတ်နိုင်ငံ တာဝန်ရှိသူများက ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် အခြားထိခိုက်ပျက်စီးမှုနှင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ကြောင်းကိုလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

 

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့သူတွေကို တာဝန်ခံခိုင်းဖို့ကိစ္စတွေမှာ ကျွန်တော်တို့ဘက်က တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

 

အမေရိကန်တို့သည် ထိုတိုက်ခိုက်မှုအတွင်း အဘူဘာကာအယ်ဆေဒီ ဟု လူသိများသည့် ဝီဆမ်မိုဟာမက် ဆဘာအယ်လ်ဆေဒီ (Wisam Mohammed Saber al-Saedi) ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိ သုံးဦး၏ ပြောကြားချက်အရသိရပြီး ဟစ်ဘိုလာအဖွဲ့ဘက်ကလည်း အယ်ဆေဒီသေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

ဘဂ္ဂဒက်ရဲတပ်ဖွဲ့တာဝန်ရှိသူကလည်း ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ အယ်မက်ရှ်တယ် ရပ်ကွက်တွင် SUV ကားတစ်စီးကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု အတည်ပြုပြောဆိုခဲ့သည်။

 

ဇန်နဝါရီနှောင်းပိုင်းတွင် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းကို အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အမေရိကန်စစ်သားသုံးဦး သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရှိခဲ့ပြီး အမေရိကန်ဘက်ကလည်း  အီရတ်နိုင်ငံအတွင်း အခြေစိုက်သော အီရန်ကျောထောက်နောက်ခံပေးထားသည့် “အစ္စလာမ်မစ်ခုခံကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့”ကို ပြစ်တင်ခဲ့သည်။

 

ယခုပစ်ခတ်တိုက်ခိုက်မှုသည် ဂျော်ဒန်တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်တိုက်ခိုက်မှုလည်းဖြစ်သလို ထိုသို့ လက်တုန့်ပြန်ရန်လည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် ပြီးခဲ့သည့်အပတ်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟုလည်း အမေရိကန် စစ်တပ်အရာရှိတစ်ဦးက ဆိုသည်။

 

အီရတ်နိုင်ငံတွင်း ထိုသို့တိုက်ခိုက်ခဲ့မှုကို အမေရိကန်က အီရတ်အစိုးရကို စစ်ဆင်ရေးလုံခြုံရေး စိုးရိမ်မှုကြောင့် ကြိုတင်အသိပေး အကြောင်းထားခြင်း မရှိခဲ့ကြောင်းကို အမေရိကန်အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့ပြီး အမေရိကန်သည် အီရတ်အစိုးရနှင့် ဒရုန်းတိုက်ခိုက်မှုကို လက်တုန့်ပြန်ရန်အတွက် မိမိတို့ ရွေးချယ်ထားသည့် အချိန်နှင့်နေရာတို့တွင် လုပ်ဆောင်သွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက အလေးပေးပြောကြားခဲ့သည်။

 

အီရတ်၏ ပူးပေါင်းစစ်ဆင်ရေးအရာရှိတစ်ဦးကမူ ယခုကဲ့သို့တိုက်ခိုက်ခြင်းသည် “အမေရိကန်၏ ရန်လိုမှု အသစ်တစ်ခုသာ ဖြစ်သည်”ဟု ရှုမြင်ကြောင်းကို ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားကာ လူမှုကွန်ရက် X (ယခင် Twitter) တွင် ယမန်နေ့ညပိုင်းက တင်ခဲ့သည်။ အီရတ်ပြောရေးဆိုခွင့်ရှိသူ တက်ဟ်ဆင်း အယ်ခါဖာဂျီ (Tahseen Al Khafaji) ကလည်း ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းသည့် အမေရိကန်နှင့် အီရတ်ကြားရှိ နားလည်မှုအားလုံးကို ပျက်ပြားစေသည်ဟု ပြောဆိုခဲ့သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးကမူ ဟစ်ဘိုလာတို့၏ အဆင့်မြင့်အရာရှိတစ်ဦးကို ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် အမေရိကန် စစ်သားသုံးဦး သေဆုံးခဲ့ရမှု၏ နောက်ဆက်တွဲ လက်တုန့်ပြန်တိုက်ခိုက်မှု၏ အဆုံးသတ်ဟု မယူဆထားသင့်ပဲ လာမည့်ရက်များတွင်လည်း နောက်ထပ် လက်တုန့်ပြန်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု CNN သတင်းဌာနကို ပြောကြားခဲ့သည်။

 

အီရတ်ရှိ အစ္စလာမ်မစ် ခုခံတော်လှန်ရေးအဖွဲ့များသည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်စစ်စခန်းများကို အစ္စရေးကို အမေရိကန်က ထောက်ပံ့ကူညီပေးနေသည့်အတွက် လက်တုန့်ပြန်ခြင်ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အစ္စရေးနှင့် ဟားမက်စ်တို့၏ ဂါဇာကမ်းမြောင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အစ္စရေးတို့၏ လက်ချက်ဖြင့်  ပါလက်စတိုင်းလူမျိုး ၂၇,၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဟားမက်စ်လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာက ပြောဆိုထားပြီး အမေရိကန်သည်လည်း အစ္စရေးတို့ကို တောက်လျှေက် စစ်ရေးကူညီမှုများ ပေးလျက်ရှိသည်။

 

ဓာတ်ပုံ – ရိုက်တာ

 

ပုံစာညွှန်း – ယမန်နေ့ကပြုလုပ်ခဲ့သည့်  အဘူဘာကာအယ်ဆေဒီ၏ ဈာပနအခမ်းအနားကို တက်ရောက်လာသူတစ်ဦးက အဘူဘာကာအယ်ဆေဒီ၏ ဓာတ်ပုံကို ကိုင်ထားစဉ်

 

ကိုးကား – AP News, CNN