လူမဆန်စွာ ကျူးလွန်ခဲ့တဲ့ မြောက်ခင်ရန်း အကြမ်းဖက်ဖြစ်စဉ်ကို ဗြောင်လိမ်ချင်တဲ့ စစ်ကောင်စီ

Author မင်းထက်
Categories
Published on Feb 08, 2024

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်သားတွေရဲ့ အကြမ်းဖက်မှု မြောက်များစွာထဲမှ လွန်ခဲ့သော လပိုင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က  ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးရဲဘော် နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံဖိုင်ဟာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။  ရုပ်သံဖိုင်က ဖေဖော်ဝါရီ  ၆ ရက်နေ့က  လူမှုကွန်ရက်မှတဆင့် ပျံ့နှံ့လာခဲ့ပါတယ်။

 

ဖြစ်စဥ်

 

ဂန့်ဂေါမြို့နယ်၊  မြောက်ခင်ရန်းရွာကို ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ မကွေးနဲ့ ချင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကြောင်း ၃ ခုခွဲကာ နေရာခွဲပြီး စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။

 

ဒီလိုတိုက်ခိုက်ရာမှာ ရွာအနောက်ဘက်ကနေ ဝင်တဲ့စစ်ကြောင်းကတော့ ပျူ(ပြည်သူ့စစ်)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အသင့်ရှိနေတဲ့ နေရာမှာ ပိတ်မိသွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာ နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၅ဦး ကျဆုံးခဲ့ရပြီး ရွာအနောက်ဘက်ကနေ ဝင်သွားတဲ့ စစ်ကြောင်းက ရဲဘော်နှစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ(ပြည်သူ့စစ်)တွေရဲ့ အရှင်ဖမ်းတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေကိုတော့ CJ Platform က ယောကာကွယ်ရေးတပ် YDF ရဲ့ ထုတ်ပြန်ချက်တွေနဲ့ CJ Platform က ဆက်သွယ်မေးမြန်းချက်တွေအရ သိရတာပါ။

 

ဖမ်းဆီးခံရဲဘော်တွေ ဘာဖြစ်သွားလဲ

 

စစ်ကောင်စီတပ်နဲ့ ပျူ(ပြည်သူ့စစ်)တွေဟာ ဖမ်းဆီးထားတဲ့ ရဲဘော်တွေကို ကြိုးနဲ့တုတ်ပြီး တိုက်ပွဲအတွင်းမှာ ကျဆုံးသွားရတဲ့ ရဲဘော်တွေရဲ့ အလောင်းကိုပြကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၇ရက်နေ့မှာပဲ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Burma VJ သတင်းဌာနမှာ သတင်းဖော်ပြထားခဲ့ပါတယ်။

 

ဖတ်ရှုရန် >>> https://bitly.ws/3cIFL

 

ထိုအချိန်က စစ်ကောင်စီရဲ့ လော်ဘီသတင်းဌာနတွေ ဝါဒဖြန့်ချိရေး တယ်လီဂရန် ချန်နယ်တွေမှာလည်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဖမ်းဆီးထားတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့အကြောင်းကို အောင်ပွဲခံ ဖော်ပြခဲ့ပြီးနောက်မှာမှ သက်သေတွေကို ပြန်လည် ဖျက်ချခဲ့တာပါ။

 

၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ ၆ရက်နေ့မှာတော့ မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူ(ပြည်သူ့စစ်)တွေဟာ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

 

မီးရှို့သတ်ဖြတ်ခံရတဲ့ ရဲဘော်နှစ်ဦးကတော့ ဖိုးတေနဲ့ သားထောင်လို့ အမည်ရတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦး ဖြစ်တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

 

ဘယ်နေရာမှာ ဖြစ်တာလဲ

 

အခင်းဖြစ်စဉ်နေရာကို CJ Platform က သတင်းဌာနတွေမှာ ဖော်ပြချက်တွေအရရော YDF က ထုတ်ပြန်ချက်တွေကို ကိုးကားပြီးတော့ အတည်ပြုရှာဖွေရာမှာ မြောက်ခင်ရန်းကျေးရွာ မြောက်ဘက်မှာရှိတဲ့ တိုက်နယ်ဆေးရုံရဲ့ အဝင်ဝအနီး ကုက္ကိုလ်ပင်မှာ ဖြစ်ပွားခဲ့တာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ မြောက်ခင်ရန်းကျေးရွာ တိုက်နယ်ဆေးရုံမှာရှိတဲ့ အမျိုးသမီးဆောင်ရဲ့ အမိုးဟာ ၂၀၂၀ ခုနှစ် မေ ၁၈ရက်နေ့မှာ ပြိုကျပျက်စီးခဲ့ပါသေးတယ်။ ထိုအချိန်က သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဆေးရုံမြင်ကွင်း သတင်းဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မီးရှို့သတ်ဖြတ်တဲ့ ရုပ်သံမှတ်တမ်းမှာ ပါဝင်တဲ့ ပတ်ဝန်းကျင်ဒေသ အခြေအနေမြင်ကွင်းတွေ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူတစ်ဦးက မြောက်ခင်ရန်းကျေးရွာဟာ ပျူ(ပြည်သူ့စစ်)အားကောင်းကြောင်း ပျူ(ပြည်သူ့စစ်) တွေ စစ်ရေးလေ့ကျင့်နေတာကို ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှ မီးရှို့သတ်ဖြတ်ခဲ့တဲ့ သစ်ပင်ပါ ပါဝင်နေတာကြောင့် အကြောင်းချင်းရာတွေကို စုစည်ပြီး CJ Platform က တိုက်ဆိုင် စစ်ဆေးခဲ့ရာမှာ အခင်းဖြစ်ပွားတဲ့ နေရာဟာ ဂြိုလ်တုမြေပုံတွေအရ ကိုဩဒိနိတ်အညွှန်း ( 22.661443, 94.097411 ) မှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

 

မြောက်ခင်ရန်းကျေးရွာက ပျူ(ပြည်သူ့စစ်)တွေ စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းကိုတော့ ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

 

ကြည့်ရှုရန် >>> https://archive.ph/3KkjJ

 

“ဖြစ်စဉ်ကတော့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ အကြမ်းဖက် စစ်အုပ်စု အထိုင်ချထားတဲ့  ရွာမြောက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ အရှင်လတ်လတ် ရှို့သတ်ဖြတ်ခြင်းခံခဲ့ရတယ်”လို့​ YDF စစ်ကြောင်းမှူးကလည်း CJ Platform ကို အတည်ပြု ပြောပါတယ်။

 

ဒါ့အပြင် ရဲဘော်နှစ်ဦးကို မသတ်ဖြတ်ခင်မှာ မျိုးစုံနှိပ်စက်ကြသေးပြီး ရွာသူရွာသားတွေကိုလည်း တစ်အိမ်တစ်ယောက်နဲ့ အကြမ်းဖက်မှုကို လာကြည့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

 

ခေတ်သစ်သတင်းဌာနရဲ့ ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ(ပြည်သူ့စစ်)တွေ အောင်ပွဲခံ မူးရူးသောက်စားနေတာကိုလည်း မြင်တွေ့ခဲ့ကြရမှာပါ။ ဒီလို အောင်ပွဲခံတာကတော့ ဘူတာတိုက်က ဒေါ်ခင်အေးရဲ့ နေအိမ်မှာ အောင်ပွဲခံနေတာဖြစ်တယ်လို့ Burma VJ သတင်းဌာနရဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၇ရက်နေ့မှာ ဖော်ပြထားတဲ့သတင်းမှာ တွေ့ရပါတယ်။

 

ဗြောင်လိမ်ချင်ပြန်တဲ့ စစ်ကောင်စီ

 

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးကတော့ ဒီဖြစ်စဉ်ဟာ မဟုတ်မှန်ပါဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။ သူတို့ ရဲ့ ငြင်းဆိုချက်မှာ “၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် ( စစ်သားနှင့်ပျူများကိုဆိုလိုသည် ) များအား PDF များက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အရှင်ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း” လိုဆိုပါတယ်။

 

ဒါ့အပြင် ရုပ်သံပါအကြောင်းရာတွေက ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် ( စစ်သား ၊ပြည်သူ့စစ် ) များ က လုပ်ဆောင်ခဲ့သည့် အသွင်ဖြင့် လုပ်ကြံဖန်တီးရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း လို့ ငြင်းဆိုပါတယ်။

 

ဒီသတင်းအပေါ်ကိုလဲ စစ်ကောင်စီလော်ဘီတွေက သူတို့ သမရိုးကျလုပ်စဥ်အတိုင်း အကြောင်းပြချက်မျိုးစုံနဲ့ တပ်မတော်ထုတ်ယူနီဖောင်းကို ၀တ်ပြထားရုံနဲ့ တပ်ကသတ်တယ်  ၊ပြည်သူ့စစ်က သတ်တယ်ဆိုတာဟာ တလွဲဖြစ်ကြောင်း အချက်သုံးချက်နဲ့ ငြင်းဆိုပြီး သတင်းမှားဖြန့်ထားကြပါတယ်။ ရုပ်သံပျံ့နှံ့ခဲ့သည့်နေ့ ၆ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး  ယနေ့အထိ viewer ၇ သောင်းကျော်နဲ့ like&react ၆၀၀အထိရှိခဲ့သည်။

 

ကြည့်ရှုရန် – https://archive.ph/lOSLX

 

သူတို့ရဲ့ ငြင်းဆိုချက်မှာ ယူနီဖောင်း၀တ်ထားတဲ့သူမှာ ပြည်သူ့စစ် ဘက်တံဆိပ် မပါ၀င်သလို ပြည်သူ့စစ်တပ်ဖွဲ့၀င်တွေဟာ ယူနီဖောင်း ဘတ်အစုံအလင် ချုပ်ပြီးသားနဲ့  တပ်မတော်ထုတ် သေနတ်တွေကိုသာ ပေးအပ်ထားတယ်၊ လူတွေအများကြီးရှေ့မှာ လူနှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာမျိုး ဘယ် ပျူ(ပြည်သူ့စစ်)မှ မလုပ်ပါဘူးလို့ ခံငြင်းထားပါတယ်။ ဒီလို စစ်ကောင်စီက ဗြောင်ငြင်းတာကို နိုင်ငံတကာ မီဒီယာကြီးတစ်ခုအပါအဝင် လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ နေ့စဉ်သတင်းစာတွေ ထုတ်ဝေနေတဲ့ သတင်းဌာနကြီးတွေကအစ အလုအယက်ကို ဖော်ပြခဲ့ကြပါတယ်။

 

ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံမှတ်တမ်းကို စိစစ်ချက်

 

အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာကို မှတ်တမ်းတင်ထားတဲ့ ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းကို စိစစ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ အကြောင်းပြချက်တွေက ခိုင်လုံတဲ့အနေထားတစ်ခုတော့ မဟုတ်လှပါဘူး။ ၉ မိနစ်ကျော်ရှိတဲ့ သက်သေ ဗွီဒီယိုမှာ ပါ၀င်တဲ့ စစ်၀တ် အင်္ကျီ၀တ်ထားတဲ့ နှစ်ဦးမှာ လက်လုပ်သေနတ်ကို လွယ်ထားတဲ့ သူရဲ့စစ်၀တ်အင်္ကျီမှာ စစ်ကောင်စီ လက်အောက်ခံ တပ်သား ဘတ်တံဆိပ်ပါ၀င်ပြီး  ဒါကိုရုပ်သံအစ ၁၅ စက္ကန့်၀န်းကျင်မှာ တွေ့ရပါတယ်။

 

ကြည့်ရှုရန် >>> https://archive.ph/Qts49

 

ဒါ့အပြင် ပျူ ( ပြည်သူ့စစ်) တွေ လက်လုပ်သေနတ် အသုံးပြုတဲ့ သက်သေ သာဓကတွေကလဲ များစွာ ရှိနေပါတယ်။

 

ကြည့်ရှုရန် –

 

ခေတ်သစ်မီဒီယာ >>> https://archive.ph/uq52X

 

CJ Platform >>> https://archive.ph/eiOl3

 

“ပျူစောထီးတွေမှာဆို လက်လုပ်သေနတ်တွေ ကိုင်ပါတယ်ဗျ။  ယောဒေသမှာဆိုရင် အရင်တစ်ချိန်က အမဲလိုက် သားကောင်လိုက်တွေမှာ သုံးခဲ့တဲ့ လက်လုပ်သေနတ်တွေ ပျူစောထီးတွေမှာ ကိုင်နေတာရှိပါတယ်” လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဘက်က ဖြန့်ဝေလာတဲ့ သတင်းကို Fact-Check အရ ကြည့်ရင် သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ်မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားပြီး ၄င်းတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမှုကို ဖုံးကွယ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။

 

စစ်ကောင်စီဟာ သူတို့ရဲ့ဝါဒဖြန့်ချိရေး ယန္တရားတွေနဲ့ အမှန်တရားကို ဘယ်လိုပဲ ဖုံးကွယ်ပါစေ ပစ္စည်းသက်သေတွေကိုတော့ ဖျောက်ဖျက်လို့ မရပါဘူး။ ဒါဟာ ဆိုးဝါးတဲ့ လူမဆန်သော ရာဇဝတ်မှုပါ ဝိုင်းပြီး ဖုံးကွယ်သူတွေမှာလည်း တာဝန်ရှိနေပါတယ်။

 

 

Related News

Depend on news