တောင်ပြို လက်ဝဲ၊ လက်ယာ စစ်ကောင်စီစခန်းများမှ တပ်မှူးများသည် စခန်းစွန့်ခွာရချိန်တွင် စစ်လက်နက်များကို ARAနှင့် RSO အဖွဲ့များထံ တာကာဆယ်သန်းဖြင့် ရောင်းချခဲ့ဟု သုံ့ပန်းများပြော

Author အဂ္ဂ
Categories
Published on Feb 08, 2024

ရခိုင်ပြည်၊ မောင်တောမြို့ ရှိ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်ခြားစောင့်တပ်စခန်းနှစ်ခုဖြစ်သည့် တောင်ပြို လက်ဝဲနှင့် လက်ယာစခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်စဉ်တွင် အာရကန်ရိုဟင်ဂျာ တပ်မတော် (ARA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွှတ်ရေးအဖွဲ့ (RSO) မှ တပ်ဖွဲ့ဝင်များက စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်သဖြင့် တောင်ပြိုလက်ဝဲစခန်းအနီးရှိ ARA၏ တပ်စခန်းကိုပါ ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ည ထုတ်ပြန်ချက်အရသိရသည်။

ရက္ခိုင့်တပ်တော်သည် တောင်ပြို လက်ယာစခန်းကို ဖေဖော်ဝါရီလ(၄) ရက်နေ့တွင်လည်းကောင်း၊ လက်ဝဲစခန်းကို ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်လည်းကောင်း အသီးသီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို ရှင်းလင်းရေးလုပ်စဉ်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲများနှင့် ARA၊ RSO တပ်ဖွဲ့ဝင်များက အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကာ စခန်းသိမ်းပြီးနောက်တွင်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအမြောက်အမြားနှင့်၊ ARA၊ RSO တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအချို့အပြင် လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

 

ဖမ်းဆီးရမိသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံ့ပန်းများ၏ ပြောကြားချက်အရ တောင်ပြို(လက်ယာ) စခန်းကို အမှတ်(၂) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၂) မှ ရဲမှူးအောင်စည်သူအေးကဦးစီးပြီး တောင်ပြို (လက်ဝဲ) စခန်းကို ဒု- ရဲမှူးကြီး ကျော်နိုင်စိုး က ဦးစီးကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ်မှူးနှစ်ဦးတို့သည် ARA၊ RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ညှိနှိုင်းမှုပြုလုပ်ကာ နားလည်မှု ယူထားခဲ့ပြီး ထွက်ပြေးရန် ကြုံလာပါက စစ်ကောင်စီတပ်စခန်းများအတွင်းရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ် တာကာ (Taka) ဆယ်သန်း (မြန်မာကျပ်ငွေ သိန်းပေါင်း ၁၉၀၀ ကျော်ခန့်) ဖြင့် ရောင်းချထားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်နိုင်ရန်လည်း ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း တို့ကို သိရှိရသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။

 

ထို့အပြင် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် (ARA) တပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များသည် ရင်းနှီးသော ဆက်ဆံရေးအပြင် အပေးအယူများနှင့်အတူ နားလည်မှုရှိရှိဖြင့် အတူတွဲနေကြသည့်အပြင် ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းတစ်ခုဖြစ်ပြီး တောင်ပြို(လက်ဝဲ) စခန်းနှင့် အဖြောင့်အတိုင်း တိုင်းလျင် မီတာ (၁၀၀၀) ကျော်သာဝေးပြီး အင်္ဂတေ လူသွားလမ်းများဖြင့်လည်း စခန်းနှစ်ခုကို ချိတ်ဆက်ထားသည်ကိုလည်း တွေ့ရသည်ဟု ဖော်ပြထားသည်။

 

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းနှင့် ထိုမျှနီးကပ်သည့်နေရာတွင် ARA ၏ စခန်းတစ်ခုရှိနေခြင်းသည် အဖွဲ့နှစ်ခုကြား အပေးအယူနှင့် နားလည်မှု မည်ရွေ့မည်မျှရှိသည်ကို ခန့်မှန်းတွက်ချက်နိုင်ပြီး ARA ၏ စခန်းမှနေ၍ တစ်ဖက်ခြမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ပုံမှန်ဝင်ထွက်သွားလာထားသည့် လက္ခဏာများကိုလည်း တွေ့ရကြောင်း၊ ထို့အပြင် တစ်ဖက်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်စခန်းတစ်ခုလည်းရှိနေကြောင်းကို ဆက်လက်ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော် သိမ်းပိုက်ခဲ့သည့် ARA စခန်းတွင်းတွင်လည်း တာကာဆယ်သန်းဖြင့် ရောင်းချခဲ့သည့် လက်နက်ခဲယမ်းများအပြင် တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်းတွင် ARA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူရှိနေသဖြင့် အဆိုပါ စခန်းလက်နက်တိုက်များမှ လက်နက်များကို ရသလောက် လုယူသွားသည့် လက်နက်ခဲယမ်းများ၊ ပလတ်စတစ် လက်နက်များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ မူးယစ်ဆေး (၂၈) ထုပ်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ၏ လက်နက်တိုက်အတွင်းမှ ARA တပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်နေစဉ်အတွင်းတွင် လက်နက်များ ခိုးယူနိုင်ခြင်းမှာ အတူတူရှိနေခြင်းကြောင့်ဖြစ်ပြီး ရသလောက်လည်း သိမ်းကြုံးယူဆောင်သွားခဲ့ကြောင်း၊ ARA အဖွဲ့သည် အဆိုပါ လက်နက်ခဲယမ်းအချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာ၍ ကားတစ်စီးဖြင့်လည်း သယ်ဆောင်သွားခဲ့သေးသည်ဟု  ရက္ခိုင့်တပ်တော်က ဆိုသည်။

 

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ဖမ်းဆီးရမိသည့် သုံ့ပန်းများကို စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး သိရှိလာရသည့်အချက်အလက်များကို ထပ်မံတင်ပြပေးသွားမည်ဟု ဆိုသည်။

 

ရက္ခိုင့်တပ်တော်၏ တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲ (၂၆၀) ကျော်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက လက်ခံထားကာ ဆေးကုသ စောင့်ရှောက်မှုများပေးထားပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ရန် စစ်ကောင်စီတာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟု သိရသည်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာညွှန်း – စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ၊ လက်ယာ) နယ်ခြားစောင့်တပ်စခန်း၊ ARA၊ RSO စခန်းများမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ