စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာက နေအိမ် ၃၀ ခန့်ကို စစ်တပ်က ဖျက်ဆီး

Author မင်းထက်
Categories
Published on Feb 07, 2024

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာရှိ နေအိမ် ၃၀ ခန့်ကို စစ်တပ်က အကြောင်းမဲ့ ၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက CJ Platform သို့ ပြောသည်။

 

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၆ နာရီခွဲခန့်က ကြွယ်ပုံကျေးရွာ ဒေသခံ ပျူ ( ပြည်သူ့စစ်)  နှင့် စစ်သား ပူးပေါင်းအဖွဲ့ အင်အား ၈၀ ခန့် သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးကြရာ နေအိမ် ၃၀ ခန့်ကို  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

” ရွာထဲအကုန်နီးပါးကတော့ တောထဲမှာ တချို့က ရွာထဲ၀င်နေတာမျိုးရှိတယ် ၊ အဲ့နေ့က ရွာထဲနေတဲ့လူတွေထဲက ၁၁ ယောက်လောက်တော့ ဓားစားခံ ဖမ်းခံရတယ် စစ်ကြောင်းထွက်တော့ ရွာထိပ် ကဘောလုံးကွင်းမှာ ထားခဲ့တယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 

စစ်ကောင်စီနှင့် ပျူ (ပြည်သူ့စစ်) ပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသား တစ်ဦးအားလည်း ပစ်သတ်သွားကြောင်း သိရသည်။

 

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ကြွယ်ပုံ (ပျူကျေးရွာ) ကို ပြန်လည် ၀င်ရောက်သွားကြောင်း သိရသည်။

 

ထို့နောက် ယင်းနေ့ ဖေဖော်ဝါရီ ၄ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်က စတင်ပြီး ညနေ ၅ နာရီ ခန့် ထိ စစ်ကောင်စီတပ်သားများနှင့် ပျူများ အထိုင်ချ တပ်ဆွဲထားရာ ကြွယ်ပုံ (ပြည်သူ့စစ် ပျူကျေးရွာ ) အတွင်းကို PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများ ၊  ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် က ပြောသည်။

 

“ဒီပဲယင်းကွဲကျေးရွာ အိမ်ခြေသုံးဆယ်ကျော်ကို မီးရှို့ပြီးအောင်ပွဲခံနေတဲ့ အချိန်ပါ၊ စိတ်မနှံ့တဲ့သူတစ်ဦးကို သတ်ပြီး သီးချင်းတွေ ဖွင့်ပြီး အောင်ပွဲခံနေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် က ပြောသည်။

 

PDF ပူးပေါင်းတပ်များက  ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့စဥ် ပျူကျေးရွာ အတွင်းမှ ၆၀ မမ လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိခိုက်မရှိကြောင်း သိရသည်။

 

“သူတို့ဘက် ထိခိုက် မှုတော့ များတယ်ဗျ ၊ သူတို့ ‌ေ-ွးသတင်း တွေမှာကိုက တစ်ယောက်ထိပြီး တိရစ္ဆာန်တွေ သေတယ်ဆိုပြီး တင်ထားတယ်။ ကျွန်တော်တို့ သတင်းပေး ပြောတာတော့ တော်တော်လေး အထိနာတယ် ပြောတယ်” ဟု Phoenis -SGG တာ၀န်ခံက ပြောသည်။

 

စစ်ကောင်စီလော်ဘီ များက PDF များ၏ တိုက်ခိုက်မှုကြောင့် ကြွယ်ပုံကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီးကာ ဘုန်းကြီးကျောင်းသား တစ်ဦးဒဏ်ရာရပြီး နွားသုံးကောင် သေဆုံးကြောင်း ဖော်ပြထားသည်။

 

၄င်းကျေးရွာ၏ ပျူ (ပြည်သူ့စစ် ) နှင့် စစ်သားများက ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် အခြေချတပ်စွဲ နေထိုင်ခြင်းကြောင့်သာ ထိုနေရာများသို့ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်များထံက သိရသည်။

 

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေး နှင့် ကြွယ်ပုံကျေးရွာမှာ ၅ ဖာလုံခန့်ကွာဝေးပြီး ကျေးရွာကို ကြွယ်ပုံကျေးရွာဒေသခံ ပျူ ( ပြည်သူ့စစ်)  နှင့် စစ်သားများ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့်  ယနေ့ထိ ကျေးရွာရှိအိမ်ခြေ ၂၀၀  ကျော် ဆုံးရှုံးထားကြောင်း ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ က ဝင်ရောက်စီးနင်းသတ်ဖြတ်မှု​ကြောင့် ပျံ့လွန်တော်မူခဲ့ရသည့် ဝါတော် ၂၂ ဝါရှိသည့် သီတဂူ နာယက ၁၀ ပါး စာရင်းဝင် ဆရာတော်တစ်ပါးအ၀င် ယနေ့အထိ အရပ်သားပြည်သူ ၈ ဦးခန့် ဆုံရှုံးထားကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့