ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်ဆွဲခွင့်ရရေး အုပ်ချုပ်ရေးမှူးရုံးများထံ လစဉ်ကြေးပေးနေရ၊ စစ်ကောင်စီ အလံများပါ ဘေးတွဲတွင် တပ်ဆင်ခိုင်း

Author ကိုထက်
Categories
Published on Feb 07, 2024

ရန်ကုန်က ဆင်ခြေဖုံ မြို့နယ်များတွင် ဘေးတွဲဆိုင်ကယ် ဆွဲခွင့်ရရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို့ ယခုနှစ် ဇန်နဝါရီလကုန်မှစတင်၍ လစဉ်ကြေး ပေးနေရကြောင်း ယင်းမြို့ခံ ဘေးတွဲယာဉ်မောင်းများထံမှ သိရသည်။

 

လှိုင်သာယာ၊ ရွှေပြည်သာတို့အပါအဝင် ဒဂုံမြို့သစ်လေးခုတို့တွင် တစ်လလျှင် ကျပ် ၅၀၀၀ မှ ၁၀,၀၀၀ ကြားအထိ ပေးသွင်းနေရသော်လည်း စစ်ကောင်စီတပ်သား၊ ရဲသားများ၏ ဖမ်းဆီးခံရပါက တာဝန်မယူကြောင်း ဘေးတွဲဆိုင်ကယ်မောင်းသူများက ပြောသည်။

 

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တစ်လကို ငါးထောင်နဲ့ တစ်သောင်းကြားသွင်းရတယ်။ သူတို့က ဒါကို တရားဝင်စီးနင်းခွင့်မဟုတ်ဘူး။ ပေးရမှာဆိုပြီး ပြောလို့။ မပေးရင် အရင်ဖမ်းမယ်လို့ ပြောတယ်။ စစ်သားတွေ၊ ရဲတွေဖမ်းတော့လည်း တာဝန်ယူပေးတာမျိုးလည်းမရှိဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းက ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

 

ရွှေပြည်သာမြို့နယ်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ယခုနှစ်အတွင်းမှစတင်၍ လိုင်းကြေးပေးနေရကြောင်း ဘေးတွဲဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

“ဒီမှာကတော့ ထော်လာဂျီကတော့အရှင်းမမောင်းကြရဘူး။ မောင်းမယ်ဆိုပြည်သူ့စစ်ထဲဝင်ရမယ်။ လုံခြုံရေးကိစ္စတွေ၊ ဘာတွေဆိုလိုက်ရမယ်လို့ ပြောထားတာတွေတော့ရှိတယ်။ ဘေးတွဲသမားတွေကတော့ အရင်ကပိုက်ဆံတွေ၊ ဘာတွေလိုင်းကြေးအနေနဲ့ ပေးရတာမရှိဘူး။ အခုပေးနေရတယ်။ နှစ်စတည်းက” ဟု ၎င်းက ပြောသည်။

 

သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို ပိုက်ဆံပေးရသော်လည်း မလုံခြုံဘဲ စစ်ကောင်စီတပ်သားများဖမ်းမည့်အရေးစိုးရိမ်ရ၍ ခိုးကြောင်ခိုးဝှက်မောင်းနှင်နေရကြောင်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များက ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများက ပြောသည်။

 

ထို့ပြင် စစ်ကောင်စီ၏ နိုင်ငံတော်အလံမတပ်ပါက ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဘေးတွဲဆိုင်ကယ်များတွင် ဇန်နဝါရီလအတွင်းကတည်းက မဖြုတ်ရဲဖြစ်နေကြသည်ဟု ၎င်းတို့က ဆိုသည်။

 

“အလံ‌မတပ်လည်းဖမ်းမှာ ပြောနေကြတယ်။ အဲဒါ‌ကတော့ ဖြုတ်ထားတဲ့သူက မရှိတော့ ဖမ်းတာ၊ မဖမ်းတာ မသိဘူး။ လစဉ်ကြေးကတော့ သွင်းရတယ်။ လစဉ်ကြေးသွင်းထားလည်း သူတို့က မလိုရင်မလိုသလို ဖမ်းတာပါ။ ပါသွားလို့ကတော့ အကပ်နဲ့မှ ရွေးလို့ရတာ။ ကိုယ့်ဟာကိုယ်ဆို ပြန်မရတော့ဘူး” ဟု လှိုင်သာယာမြို့နယ်က ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်ဘေးတွဲဆိုင်ကယ်မောင်းသူများကို ပြည်သူ့စစ်နဲ့ လုံခြုံရေးကိစ္စများတွင် ပါဝင်ရန် စစ်ကောင်စီဘက်က ခေါ်ယူစည်းရုံးမှုများရှိနေသည့် သတင်းများထွက်နေ‌သော်လည်း CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။