ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်သွားရတဲ့ တောင်ပြို လက်ဝဲ စစ်စခန်းက ရဲတပ်သားတစ်ဦး၏ ဇနီးဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်

Author နေညို
Categories
Published on Feb 07, 2024

ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည် မောင်းတောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို လက်ဝဲ စစ်စခန်းကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စခန်းသိမ်း တိုက်ပွဲမတိုင်မီမှာ စစ်ကောင်စီဟာ သူရဲ့စစ်သားတွေကို ပြန်လည်ခေါ်ယူထားခဲ့ပြီးတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေကိုပဲ ထားရစ်ခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လိုဖြစ်သွားသလဲ သူတို့ကို စစ်ကောင်စီက ကူညီပေးရဲ့လား၊ သူတို့ မိသားစုဝင်တွေကိုရော စစ်ကောင်စီက ကူညီပေးရဲ့လား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်သူနဲ့ CJ Platform က ဆက်သွယ်မေးမြန်းချက်မှာ ဖတ်ရှုနိုင်ပါတယ်။

 

CJ ။     ။ အမျိုးသားဖြစ်သူနဲ့ နောက်ဆုံး ဘယ်အချိန်မှာ အဆက်သွယ်ရခဲ့ပါသလဲ။

ဖြေ ။    ။       ။ ဖေဖေါ်ဝါရီ (၃)ရက်နေ့၊ ညနေ(၄)နာရီခွဲလောက် ဖုန်းဆက်ရင်း တိုက်ပွဲဖြစ်ပါတယ်၊ သေနတ်သံတွေ အပြန်အလှန် ပစ်ခတ်သံတွေ ဖုန်းထဲက ကြားရပါတယ်၊ (၂)နာရီလောက်ကြာတော့ ဖုန်းအဆက်အသွယ်ပြန်ရပြီး တိုက်ပွဲကတော့ ပြီးသွားပါတယ်၊ အဲနေ့က အဆက်အသွယ်ရပြီး (၄)ရက်နေ့တစ်နေ့လုံး တစ်ညလုံး အဆက်အသွယ်ပြတ်သွားပါတယ်၊ စိတ်ပူလို့ ဟိုမေးဒီမေး လိုက်မေးကြည့်တော့ အသိတစ်ချို့ကြောင့် သူတို့စခန်း အတိုက်ခံရတယ်ဆိုတာ သိခဲ့ရပါတယ်။

 

CJ ။     ။ တိုက်ပွဲအပြီး အမျိုးသားဖြစ်သူက ဘယ်ရောက်သွားလဲ။

ဖြေ ။    ။ သူတို့စခန်းက အင်အားတစ်ရာကျော်ရှိတယ်လို့ပြောဖူးပါတယ်၊သူတို့ခြောက်ဆယ်ကျော်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုကူးပြေးလို့ လွတ်မြောက်သွားပါတယ်၊အဲတာကတော့ဘေးစခန်းက အသိတွေပြောလို့ သိရတာပါ။

 

CJ ။     ။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဘယ်သွားကြတာလဲ။

ဖြေ ။    ။ ခြေလျင်ပဲသွားကျတာပါ၊ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်၊အားလုံးကိုထမ်းပိုးပြီးသွားကြတာ။

 

CJ ။     ။ စခန်းအသိမ်းမခံရခင်က အခြေအနေလေး သိသမျှ ပြောပြပေးပါ။

ဖြေ ။    ။ တိုက်ပွဲမဖြစ်ခင်က စစ်သားကော၊ရဲရော အဲဒီစခန်းမှာ အင်အားနှစ်ရာကျော်  သုံးရာရှိတယ်တဲ့၊တိုက်ပွဲမဖြစ်ခင် ၁ပတ်၁၀ရက်အလိုမှာ စစ်သားတွေအားလုံးကို ရဟတ်ယာဥ်နဲ့ လာခေါ်သွားပါတယ်၊ ရဲတွေကြီး ကျန်ခဲ့ပါတယ်၊ ရဲတွေက လက်နက်မကောင်းတော့ ဟိုဘက်ကပစ်တော့ ပုန်းလိုက် ခံပစ်လိုက် လုပ်နေရပါတယ်၊ နခခ(၂)ရဲတွေအကုန်ဆိုနေတော့ စုနေရင် အန္တရာယ်များလို့ လက်ဝဲ၊ လက်ယာ တစ်ရာကျော် ခွဲနေတယ် ပြောပါတယ်၊အဲအချိန်မှာ လက်ယာစခန်းက ပထမအဦးဆုံး အတိုက်ခံရတာပါ။

 

CJ ။     ။ စစ်ကောင်စီက သူ့စစ်သားတွေကို ဘယ်လိုခေါ်ထုတ်သွားတာလဲ။

ဖြေ ။    ။ တစ်ခေါက်တည်းနဲ့ ရဟတ်ယာဥ်(၆)စီးနဲ့ ခေါ်သွားတာလို့ ဖုန်းဆက်တော့ ပြောပါတယ်၊ စစ်သားတစ်ရာကျော်၊ နှစ်ရာလောက်ကို မင်းပြားဘက်ကို ခေါ်သွားတယ်လို့ ကြားပါတယ်၊ ရဟတ်ယာဥ်တွေကို ဟိုဘက်ကတောင်လှ မ်းပစ်သေးတယ်​တဲ့ ၊ တိုက်ပွဲမဖြစ်ခင် ဖုန်းအဆက်အသွယ်ရလို့ပြောပြတာပါ။

 

CJ ။     ။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတဲ့ ရဲတပ်သားတွေကို စစ်ကောင်စီက ဘာတွေကူညီပေးသလဲ။

ဖြေ ။    ။ လက်ရှိတော့ ဘာမှကူညီဆောင်ရွက်ပေးတာ မရှိပါဘူး၊ မိသားစုဝင်တွေလည်း မသိတဲ့သူတွေကများတယ်၊ ကျွန်မတို့က အစတည်းက အဆက်အသွယ်မပြတ်အောင် ရခိုင်မှာရှိတဲ့အသိတွေကို အကုန်ချိတ်ထားတာမို့လို့ပါ။

 

CJ ။     ။ ဘင်္ဂလားဒေ့ရှ်ရောက်သွားတဲ့ ရဲတပ်သားတွေကို စစ်ကောင်စီက ပြန်လည်ခေါ်ယူဖို့ လုပ်နေပြီလား။

ဖြေ ။    ။ ဘာမှ မကြားသေးပါဘူး။

 

CJ ။     ။ ဘင်္ဂလားဒေ့ရှ်အစိုးရက ထွက်ပြေးလာတဲ့ ရဲတပ်သားတွေကို ဘာတွေလုပ်ပေးတယ်လို့ သိရလဲ။

ဖြေ ။    ။ ကူညီပေးကြပါတယ်၊ ဒဏ်ရာတွေနဲ့ ထမ်းပိုးလာကို နေရာတွေပေး သုံးဘီးတွေငှားပြီး ဆေးရုံကို ပို့ပေးခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ်သတင်း အကောင့်တွေကနေ တွေ့ရပါတယ်၊ အဲမှာ ကျွန်မတို့ မိသားစုဝင်တွေ မသေတာ အဲသတင်းတွေကနေတွေ့လို့ သိရတာပါ။

 

CJ ။     ။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဘယ်လောက်များ ထွက်ပြေးခဲ့ကြသလဲ။

ဖြေ ။    ။ အင်အားတစ်ရာကျော်မှာ ခြောက်ဆယ်ကျော် လွတ်သွားတယ်တဲ့၊ ကျန်တာကတော့ ကျကျန်ခဲ့တယ်လို့ ပြောပါတယ်။

 

CJ ။     ။ ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေအခြေအနေရော သိရလား။

ဖြေ ။    ။ AAမှ မဟုတ်ပါဘူး ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ EAOတွေအနေနဲ့ စစ်သုံ့ပန်းတွေအပေါ် မသတ်ပဲ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ပေးပြီးရင် မိသားစုနဲ့ ပြည်လည်ဆုံစည်းပေးပါလို့ အားလုံးကို တောင်းဆိုပါတယ်။

 

CJ ။     ။ အခုချိန်ထိ အမျိုးသားဖြစ်သူက စစ်ကောင်စီလက်အောက်မှာ ဘာလို့ တာဝန်ထမ်းဆောင်နေတာလဲ။

ဖြေ ။    ။ ကျွန်မတို့အနေနဲ့ ဒီဘဝကနေ ရုန်းထွက်ချင်နေပါပြီ၊ ရတဲ့လစာနဲ့ နေရတဲ့ဘဝက မတန်ပါဘူး၊ ဒီကြားထဲ လစာထုတ်ရင် ဆီသွတ်ဗူး မကောင်းမကန်းတွေကို လတိုင်း မတန်မတရာစျေးတွေနဲ့ ဖြတ်ပါတယ်၊ မိသားစုဘဝ အခက်အခဲတွေနဲ့ မလွှဲသာလို့တာ ဒီအလုပ်တွေ ဆက်လုပ်နေရတာပါ၊ ရခိုင်ရောက်တော့ ပိုဆိုးပါတယ်၊ နောက်တန်းလည်း မပြန်ရနဲ့၊ နောက်တန်းက မိသားစုတွေလည်း အကောင်းမနေရပါဘူး၊ ကင်းစောင့်ဘာစောင့်ရနဲ့၊ ဖြစ်နိုင်ရင် ဒီအလုပ်က ရုန်းထွက်ချင်နေပါပြီ ၊ဘယ်လိုမှ နောက်ဆုတ်လို့မရလို့ စုတ်လည်းစူး စားလည်းရူး ဘဝနဲ့နေရတာပါရှင့်၊ အစတည်းကလည်း CDMလုပ်ဖို့ပြောတယ် အဆက်အသွယ်မရတာနဲ့ပဲ ဒီအခြေအနေထိ ဖြစ်သွားတာပါရှင်။

 

CJ ။     ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

ဖြေ ။    ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီကနေ ပြောချင်ပါတယ်။ အာဏာရူးတာတွေ ရပ်ပါတော့လို့ သူ့ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ ၊မိသားစုတွေ သေကွဲ ကွဲရတာတွေ ဖြစ်နေပါပြီ၊ မနိုင်မှန်းသိရက်နဲ့ ဆက်ပြီး အာဏာမရူးနဲ့တော့လို့၊ အောက်က ငယ်သားတွေမှာလည်း အသက်နဲ့ မိသားစုနဲ့ပါလို့၊ စစ်ကောင်စီ လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်း မြန်မြန်CDMလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

CJ ။     ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဖြေ ။    ။ ဟုတ်ကဲ့ရှင့်၊ အခုလို ဖြေကြားခွင့်ရတဲ့အတွက် CJ Platform ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။