မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းတို့တွင် အချိန်ခါမဟုတ် မိုးရွာနိုင်
မြန်မာတစ်နိုင်ငံလုံးတွင် ယခုလာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းတို့တွင် အချိန်ခါမဟုတ် မိုးအနည်းငယ်ရွာနိုင်သည်ကို သတိပြုစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ဒီကနေ့ ဖေဖော်၀ါရီ ၅ ရက်မှ ၁၁ ရက်အတွင်း ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာဖြစ်ပြီး ယခုတစ်ပတ်တွင် ညအခါဆောင်းရာသီ၏ အအေးပိုလာနိုင်မှုသည် အိန္ဒိယဘက်မှ အအေးလှိုင်းအင်အား ချဲ့ထွင်မှုနှင့် အင်အားလျော့ကျမှုပေါ်မူတည်၍ မြန်မာနိုင်ငံအထက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းများ သာမက မြစ်ဝကျွန်းပေါ်ဒေသများအထိ အအေးပိုမှု အတက်အကျကို ခံစားရလာနိုင်ပြီး နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ပါကြောင်း ထုတ်ပြန်ချက်တွင်း ဖော်ပြထားသည်။
ယခု ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းတွင် အနောက် -အနောက်မြောက်လေများ တိုက်ခတ်လာနိုင်ပြီး တောင်ပိုင်းတွင် အနောက်-အနောက်တောင်လေများ တိုက်ခတ်နိုင်ကြောင်း ဖော်ပြထားသည်။
တစ်ပတ်တာအတွင်း ဆောင်းမုတ်သုံ အခြေအနေမှာ အနောက်မြောက်လေအေးများသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းသာမက မြစ်ဝကျွန်းပေါ် ဒေသအထိ လေအေးများ ၀င်ရောက်လာနိုင်သည့် အတွက်ကြောင့် ညအပူချိန်ကျဆင်းပြီး ဆက်လက်အေးလာနိုင်ကြောင်း သိရသည်။
လာမည့် ရက်များတွင် ရခိုင် ၊ ချင်း ၊ ကချင် ၊ ရှမ်း ၊ ကရင်နီ ၊ ကရင်ပြည်နယ်များနှင့် စစ်ကိုင်း ၊ မန္တလေး ၊ ပဲခူး ၊ ဧရာ၀တီ ၊ မကွေးတိုင်းတို့မှာ မြူထူများ ကျဆင်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ဖော်ဖော်၀ါရီ ၅ ၊ ၆ ၊ ၇ ၊ ၉ ၊ ၁၀ ရက်များတွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
ဖေဖော်၀ါရီလ ၁၁ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နှင့် ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်တင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်မှာ တိမ်ကင်းစင်နိုင်ကြောင်းဆိုသည်။
ဖေဖော်၀ါရီ ၅ ၊ ၆ ရက်နေ့များတွင် ကချင်ပြည်နယ် မြောက်ပိုင်းစွန်းတွင် မိုးဖွဲကျနိုင်ပြီး ဖေဖော်၀ါရီ ၇ ၊ ၈ ရက်နေ့များတွင် ကချင်ပြည်နယ်အစွန်းပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၌ နေရာနေရာကွက်ကျားမိုးဖွဲကျနိုင်ကာ ကျန်ဒေသများတွင် သာယာနိုင်ကြောင်း၊ ဖေဖော်၀ါရီ ၉ ၊ ၁၀ ရက်များတွင်မူ တစ်ပြည်လုံး ဆောင်းအအေးဓာတ်အောက်တွင် သာယာနိုင်ကြောင်း၊ ဖော်ဖော်၀ါရီ ၁၁ ရက်နေ့တွင် တနင်္သာရီတိုင်း၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း NUG က ဆိုထားသည်။
ရခိုင်ကမ်းရိုးတမ်းတွင် မြောက် – အနောက်မြောက်ဘက်မှ လေသည် တစ်နာရီ ငါးမိုင်မှ ၁၀ မိုင်အထိ တိုက်ခိုက်ပြီး လှိုင်းအသင့်အတင့် ရှိနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့နဲ့ တနင်္သာရီ ကမ်းရိုးတန်းဘက်တွင် အရှေ့-အရှေ့တောင်ဘက်မှ လေသည် ၁ နာရီ ငါးမိုင်ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။