တင်မြှောက်ခံလွှတ်တော် ဥက္ကဌသစ်ကို တရုတ် လိုလားသူအဖြစ် ထိုင်ဝမ် အာဏာရ DPP ပါတီ ရှုမြင်

Author လင်းနွေဦး
Categories
Published on Feb 03, 2024

ထိုင်ဝမ်နိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ကြာသပတေးနေ့က ကျင်းပခဲ့သည့် လွှတ်တော်ဥက္ကဌ ရွေးကောက်ပွဲအပြီး၌ တင်မြောက်ခံရသည့် ဥက္ကဌ ကို တရုတ်လိုလားသူ အဖြစ် လက်ရှိ အာဏာရ ပါတီ ဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ ရှုမြင်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများမှ ဖော်ပြသည်။

 

မဲဆန္ဒပေးခြင်းဖြင့် ရွေးကောက်ခံရသည့် ထိုင်ဝမ် လွှတ်တော် ဥက္ကဌ မှာ လေးနှစ် တစ်ကြိမ် ပြုလုပ်သည့် ထိုင်ဝမ်သမ္မတ ရွေးချယ်ပွဲအတွင်း ကူမင်တန် (KMT) ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ  ဟန်ကျိုးယု (Han Kuo-yu) ဆိုသူ ဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် ၂၀၂၀ သမ္မတလောင်းရွေးကောက် ပွဲအတွင်း DPP ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်သည့် သမ္မတဟောင်း ဆိုင်အင်ဝမ် (Tsai Ing-wen)အား အပြတ်အသတ်ရှုံးနိမ့်ဖူးသူ ဖြစ်သည်။

 

လက်ရှိ အာဏာရပါတီ ဖြစ်လာသည့် အနိုင်ရ သမ္မတသစ် လိုင်ချင်းတီ (Laid Ching-te)၏ DPP ပါတီ မှာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်တွင်း အမတ်နေရာ အများစုအား ရှုံးနိမ့်ခဲ့ကာ ပြည်မ တရုတ်နိုင်ငံမှလည်း DPP ပါတီအား ခွဲထွက်ရေးသမားများ အဖြစ် မှတ်ယူခြင်း ခံနေရသည်။

 

ထိုင်ဝမ် သမ္မတ အုပ်ချုပ်ရေး စနစ်အရ ဝန်ကြီးချုပ်ကို သမ္မတမှ  ခန့်အပ်ရမည်ဖြစ်သော်လည်း လွှတ်တော်တွင်း အမတ်နေရာ အများစုအား ဆုံးရှုံးခဲ့ရသဖြင့် ဥပဒေသစ်အဆိုပြုရေး ဆောင်ရွက်ရန် DPP ပါတီ မှာ လွှတ်တော်တွင်း အမတ်နေရာအများစု ရရှိထားသည့်  အတိုက်အခံပါတီများ ဖြင့် လက်တွဲရမည် ဖြစ်သည်ဟု ရိုက်တာ(Reuters) သတင်းဌာန မှ ဖော်ပြသည်။

 

ယခုတင်မြောက်ခံရသည့် လွှတ်တော် ဥက္ကဌ၏ အဓိက တာဝန်သည် ထိုင်ဝမ်သို့ အလည်အပတ်လာရောက်သည့် နိုင်ငံခြားလွှတ်တော်အမတ်များ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံရေးများ တာဝန်ယူရမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (Nancy Pelosi)မှ ထိုင်ဝမ်သို့ အလည်အပတ် လာရောက်မှု အတွင်း ထိုင်ဝမ်ကျွန်းဆွယ် တလျောက် စစ်ရေးဆိုင်ရာ နိုင်ငံရေးကစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် ပြည်မတရုတ်နိုင်ငံကို အမျက်ဒေါသထွက်စေခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

 

သို့ရာတွင် ယခု ထိုင်ဝမ် လွှတ်တော်ဥက္ကဌ ဖြစ်လာသူ ဟန်ကျိုးယု မှာ ထိုင်ဝမ်စစ်တပ်တွင် စစ်မှုထမ်းဆောင်ခဲ့ပြီးနောက် အရာရှိ ဖြစ်လာချိန်တွင် စစ်တပ်မှ အနားယူကာ နိုင်ငံရေးလောကထဲ သို့ ဝင်ရောက်လာသူဖြစ်ပြီး ပြည်မတရုတ် နှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသူ ဖြစ်သည်။

 

ထို့ကြောင့် အာဏာရ ပါတီ မှ သမ္မတသစ် ဖြစ်လာသည့် လိုင်ချင်းတီမှာ “ အကယ်၍ ဟန်ကျိုးယုသာ ဥက္ကဌ ဖြစ်လာခဲ့ရင် သူ့ရဲ့ ကူမင်တန်ပါတီက အကြီးအကဲတွေကို တရုတ် ကိုစေလွှတ် ပြီး တရုတ် အာဏာပိုင်တွေ နဲ့ တွေ့ဆုံ ညှိနှိုင်းစေတာမျိုးတွေ လုပ်ဆောင်လိမ့်မယ်”ဟု ဥက္ကဌ ရွေးကောက်ပွဲမတိုင်ခင် ပြောကြားခဲ့သလို ဟန်ကျိုးယုအား တရုတ်လိုလားသူအဖြစ် စွပ်စွဲပြောဆိုသည့် ရုပ်သံကြော်ငြာများလည်း ထုတ်လွှတ်စေမှုများ ပြုလုပ်ခဲ့သည်။

 

သမ္မတသစ်လိုင်ချင်းတီ၏ ပြောကြားမှုအပေါ် တင်မြှောက်ခံ ဥက္ကဌသစ် ဟန်ကျိုးယု မှ “သမ္မတ အနေနဲ့ အရမ်းစိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်မှုကြီးတွေ ဖြစ်နေဖို့ မလိုပါဘူး”ဟု ၎င်းအနေဖြင့်တရုတ်သို့ သွားရောက်ရန် ရှိမရှိ နှင့်ပတ်သတ်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ်  တစ်ဖက်လှည့် ပြန်လည် ဖြေကြားခဲ့ကြောင်း CNN မီဒီယာ မှ ဖော်ပြသည်။

 

လွှတ်တော် ဥက္ကဌသစ် အဖြစ် ကျမ်းကျိန်ဆိုပြီးနောက် ဟန်ကျိုးယု မှ အထက်ပါ အတိုင်း ပြောကြားခဲ့သည့်အပြင် “ကူမင်တန် အနေဖြင့် ရှေးယခင်ကတည်းက တရုတ်နှင့် ဆက်ဆံရေးကောင်းရှိသည် မှန်သော်လည်း ဘေဂျင်းလိုလားသူ မဟုတ်ကြောင်း ခိုင်မာစွာ ပြောလိုပါတယ်။ DPP ရဲ့ စွပ်စွဲချက်တွေဟာ အမုန်းတရားကို အခြေခံပြီး တရားမျှတမှု မရှိနေပါဘူး”ဟု ၎င်းမှ ထပ်မံပြောကြားသည်။

 

သို့ရာတွင် ရိုက်တာ သတင်းဌာန အပြင် CNN ကဲ့သို့သော သတင်းဌာန များ၏ ဖော်ပြချက် အရ ဟန်ကျိုးယုအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် သမ္မတလောင်း ဝင်ရောက်ယှဉ်ပြုင်ချိန် မတိုင်မီ တွင် ဟောင်ကောင်ရှိ တရုတ်အစိုးရရုံးသို့ သွားရောက်ဖူးရုံသာမက ထိုနှစ်တွင်ပင် ပြည်မတရုတ်နိုင်ငံ သို့သွားရောက်ကာ တရုတ် အကြီးတန်း အာဏာပိုင်များနှင့် တွေ့ဆုံပြီးနောက် “one China” (ထိုင်ဝမ်နှင့်တရုတ် တသားတည်းဖြစ်စေရေး) အကောင်အထည်ဖော်မည်ဟု ကတိပေးပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။

 

ယခုလက်ရှိ တွင် စီးပွားရေးတိုးတက်မှုကို လိုလားသော ထိုင်ဝမ်ပြည်သူများ အနေဖြင့် မိတ်ဖက် အမေရိကန် အကူအညီဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် စီးပွားရေးဇုန်များကဲ့သို့ အခွင့်အလမ်းကြီးများကို လုပ်ဆောင်စေရန် သမ္မတသစ်အား တိုက်တွန်းလျက်ရှိကာ တစ်ဖက်တွင် လည်း လွှတ်တော်တွင်း အမတ်နေရာများ ဆုံးရှုံးမှုကြောင့် ပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒအား အကောင်အထည်ဖော်ရန် အတိုက်အခံပါတီများဖြင့် ပတ်သက် လက်တွဲရမည် ဖြစ်သဖြင့် ထိုင်ဝမ်နိုင်ငံအရေးအား နိုင်ငံတကာ ပညာရှင်များနှင့် အင်အားကြီးနှစ်နိုင်ငံ ဖြစ်သည့် တရုတ် နှင့် အမေရိကန် နိုင်ငံတို့မှ အထူးစိတ်ဝင်စား စောင့်ကြည့်နေကြသည်။