ချင်းပြည်ကောင်စီ(Chinland Council)အတွင်းရေးမှူး ဆလိုင်းပေါလ်နှင့်ဆုံခြင်း

Author မယ်ဘယ်ကိုး
Categories
Published on Feb 03, 2024

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)-Chinland Council(CC) ဆိုပြီး ချင်းပြည်မှာ နှစ်ဖွဲ့ကွဲနေတာပါ။ အဲဒီလိုရှုပ်ထွေးနေစဉ်မှာပဲ CC ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစိုးရဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီလို အစိုးရဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ရှေ့ဆက်ဖြစ်လာနိုင်မယ့်အဖြစ်အပျက်တွေ၊ တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းပေါ်သွားဖို့ရှိမရှိ၊ အစိုးရနှစ်ရပ်ကွဲသွားလို့ ချင်းပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ CJ Platform သတင်းဌာနက Chinland Council ရဲ့ အတွင်းရေးမှူး ဆလိုင်းပေါ်လ်ကို ဆက်သွယ်မေးခဲ့ပါတယ်။

 

CJ – ချင်းပြည်နယ်မှာလည်း အားလုံးပါဝင်နိုင်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်ဖို့ တောင်းဆိုလာတာတွေလည်း ကျယ်ကျယ်လောင်လောင်ကြားသိရပါတယ်။ ဆိုတော့ ဆရာတို့အနေနဲ့ ဒီလိုအသံတွေအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်ခဲ့ပြီး အခုလို အစိုးရတစ်ရပ်ဖွဲ့စည်းဖြစ်ခဲ့တာလဲ။

 

ဆလိုင်းပေါလ် – ကျွန်တော်တို့ Chinland Council အနေနဲ့ ပထမအကြိမ် အစည်းအဝေးထုတ်ပြန်ချက်မှာ ကြေညာထားတဲ့အတိုင်း ချင်းပြည်ကောင်စီဖွဲ့ပြီးကတည်းကစပြီး ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည်အစိုးရအဖွဲ့၊ ဥပဒေပြုရေးနှင့် တရားလွှတ်တော်ချုပ် စတဲ့မဏ္ဍိုင်ကြီး သုံးရပ်ကို ဖွဲ့စည်းထူထောင်သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ အခု ဒုတိယအကြိမ် ချင်းပြည်ကောင်စီထဲကနေပြီးမှ ကျွန်တော်တို့ရဲ့တော်လှန်ရေး ကာလမှာ လိုအပ်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်၊ ချင်းပြည်တရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းထူထောင်လိုက်တာဖြစ်ပါတယ်။

 

ဆိုတော့ အဲဒီလိုဖွဲ့စည်းလိုက်တာက ကျွန်တော်တို့ ပြည်သူတွေရဲ့အသံတွေကို လစ်လျူရှုလိုက်တာမျိုးမဟုတ်ဘဲနဲ့ လက်ရှိချင်းပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလမှာ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို စီမံဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ထားတာလည်းဖြစ်သလို တစ်ဖက်မှာ အားလုံးပါဝင်လာနိုင်ရေး ချင်းပြည်သူ အားလုံးစုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်သွားနိုင်ရေးကိုလည်း ချင်းပြည်ချင်းလဲန်းကောင်စီက မူဝါဒ‌တွေချမှတ်ပြီးတော့ တစ်ဆင့်ချင်းစီ သွားဖို့လည်း ဆောင်ရွက်နေတာလည်းရှိပါတယ်။ အစိုးရဖွဲ့စည်းလိုက်တာဟာ ချင်းပြည်သူလူထုတွေအတွက် ဆောင်ရွက်နိုင်ဖို့အတွက် တော်လှန်‌ရေးကာလမှာ အရေးကြီးတဲ့စီမံချက်တွေကို ဆောင်ရွက်နိုင်ဖို့ ဦးထိပ်ထားတယ်ဆိုတာကို ဖော်ပြတာလည်းဖြစ်ပါတယ်။

 

CJ – ချင်းလူထုလှုပ်ရှားမှု Chin Civic Movement ကနေ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုထားတာတွေအပေါ်မှာရော ဘယ်လိုမျိုးဆောင်ရွက်ခဲ့တာတွေရှိခဲ့လဲ။

 

ဆလိုင်းပေါလ် – Chin Civic Movement က ကျွန်တော်တို့ ချင်းပြည် ချင်းလဲန်းကောင်စီနဲ့ ဆက်သွယ်‌ဆောင်ရွက်တဲ့ ကွန်ရက်တော့မရှိသေးဘူးလို့ ပြောလို့ရတယ်။ သို့သော် Chin Civic Movement အနေနဲ့ ချင်းအမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီးတော့ ချင်းလဲန်းကောင်စီမှာ မပါဝင်လာနိုင်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်နေတဲ့အဖွဲ့အစည်းတွေကြားထဲမှာ ပဋိပက္ခ‌လေးတွေမဖြစ်ရလေအောင် ဥပမာ မြို့နယ်အဖွဲ့အနေပဲဖြစ်ဖြစ်၊ ဒေသအဖွဲ့အနေနဲ့ပဲဖြစ်ဖြစ် တော်လှန်ရေးကာလမှာ ကိုယ့်ရဲ့မြို့နယ်၊ ဒေသအသီးသီးကနေ အုပ်ချုပ်ရေးတွေရော၊ ကာကွယ်‌ရေးတွေရော ထူထောင်ပြီးတော့ စစ်အာဏာရှင်ကို ဘုံရန်သူတစ်ခုအနေနဲ့ တိုက်ပွဲဝင်နေတဲ့ ချင်းလူမျိုးအချင်းချင်းကြားထဲမှာ အကွဲအပြဲတွေမဖြစ်ရအောင် Chin Civic Movement ကနေပြီးတော့ ကြိုးပမ်းဆောင်နေတာကိုတော့ ကျွန်တော်တို့လည်း သိရတဲ့အတွက် ဝမ်းသာတယ်။ ဂုဏ်လည်း ယူတယ်။ သို့သော်လည်း ခုနပြောသလို Chin Civic Movement ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက ကျွန်တော်တို့ ချင်းပြည်ချင်းလဲန်းကောင်စီကို ဆက်သွယ်ဆောင်ရွက်တဲ့ Network တော့မရှိသေးဘူးလို့ ပြောလို့ရပါတယ်။

 

CJ – မတူမျိုးနွယ်စုတွေအနေနဲ့ ချင်းပြည်အစိုးရကို အလျင်စလိုဖွဲ့စည်းခြင်းမပြုဘဲ အားလုံးပါဝင်တဲ့ အစိုးရမျိုးဖွဲ့စည်းဖို့ တောင်းဆိုထားတာရှိပါတယ်။ ချင်းပြည်အစိုးရကို အဓမ္မဖွဲ့စည်းပါက မတူမျိုးနွယ်စုအနေနဲ့ အသိအမှတ်မပြုဘူးလို့ ဆိုထားတဲ့အပေါ်မှာရော ဘာများပြောချင်လဲ။

 

ဆလိုင်းပေါလ် – ကျွန်တော်တို့ချင်းလူမျိုးတွေက မျိုးနွယ်စုများစွာရှိတယ်ဆိုတာကိုလည်း အားလုံးသိထားပြီးဖြစ်တယ်။ ချင်းပြည်ချင်းလဲန်းကောင်စီက မျိုးနွယ်စုတွေကို အခြေခံပြီး ဖွဲ့စည်းတယ်ဆိုတဲ့ အခန်းကဏ္ဍတော့မရှိဘူး။ သို့သော်လည်းပဲ ချင်းလဲန်းကောင်စီမှာ ပါဝင်လာတဲ့အဖွဲ့တွေကိုကြည့်ရင် မျိုးနွယ်စုဒေသတွေ ပါဝင်လာတာလည်း တွေ့ရတယ်။ တချို့ကတော့ မြို့နယ်အနေနဲ့ ပါဝင်တာလည်း တွေ့ရတယ်။ ကျွန်တော်တို့ ချင်းပြည်ချင်းလဲန်းကောင်စီမှာ ပါဝင်ဖို့ဆိုရင် မြို့နယ် သို့မဟုတ် ဒေသအဖွဲ့အစည်းဆိုင်ရာဆိုတဲ့ စံချိန်စံနှုန်းနဲ့ပဲသတ်မှတ်တာဖြစ်လို့ ချင်းပြည်ချင်းလဲန်းကောင်စီဟာ မျိုးနွယ်စုကိုအခြေခံပြီး တည်ဆောက်တာမဟုတ်ဘူးဆိုတဲ့ဟာတော့ ထင်ဟပ်စေတာပေါ့။ တစ်ဆက်တည်းမှာပဲ မတူမြို့နယ်စုတွေက ချင်းပြည်ချင်းလဲန်းဖွဲ့စည်းလိုက်တာဟာ အလျင်စလိုဖြစ်တယ်။ အားလုံးညီညွတ်မှ ဖွဲ့စည်းကြမယ်ဆိုတာ ထုတ်ပြန်ချက်တွေ့ရတဲ့အတွက်လည်း ဝမ်းသာစရာတော့ဖြစ်တယ်။

 

သို့သော် ချင်းပြည်အတွင်းမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ကတည်းက အခု ၂၀၂၄ သုံးနှစ်တိုင်တိုင်ကြားထဲမှာ ချင်းပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စံမံဆောင်ရွက်တဲ့နေရာမှာ ကိုယ့်ရဲ့ ဒေသအဆင့်၊ မြို့နယ်အဆင့်မှာပဲ ဖြေရှင်းတဲ့အတိုင်းအတာလိုမျိုးတွေ့ရတာ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းတဲ့အချိန်မှာ အခက်ခဲပေါင်းများစွာ ပြည်သူလူထုကရော၊ မြို့နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေကရော စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့နေရတာ ဖြစ်တဲ့အတွက်ကြောင့် ချင်းလဲန်းကောင်စီလိုမျိုးကို ချင်းပြည်အဆင့်အနေနဲ့ စုစည်းကြတယ်။ ပြီးတော့မှ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။

 

ကျွန်တော်တို့က တော်လှန်ရေးကာလအတွင်းပဲ အသုံးပြုမယ့် ဖွဲ့စည်းပုံအခြေခ်ဥပဒေအရ တော်လှန်ရေးကာလ အတွက်၊ အသုံးပြုမယ့် စီမံဆောင်ရွက်ချက်တွေကို ဆောင်ရွက်ဖို့အတွက် အစိုးရကို ဖွဲ့စည်းတာဖြစ်တယ်။ မတူမျိုးနွယ်စုရဲ့ စိုးရိမ်စိတ်က ချင်းပြည်သူလူထုတွေ စည်းစည်းလုံးလုံးရှိဖို့ဆိုတာက အမျိုးသား တည်ဆောက်ရေးဖြစ်တယ်။ အမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့ပြီးတော့မှ ချင်းပြည်သူလူထုတွေအတွက် စီမံဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနဲ့တော့ နည်းနည်းခွဲစေချင်တယ်။ အမျိုးသားတည်ဆောက်တယ်ဆိုတာ လုပ်ငန်းစဉ်တစ်ခုချင်းစီ ဆောင်ရွက်သွားရ တာဖြစ်တယ်။ ညှိနှိုင်းရမှာဖြစ်တယ်။

 

မျိုးနွယ်စုတစ်ခုနဲ့ တစ်ခုကြားထဲမှာ ကျွန်‌တော်တို့ ပဋိပက္ခအနည်းနိုင်ဆုံးဖြစ်အောင် ထိန်းပြီးတော့ တစ်ဆင့်ချင်းစီသွားရမယ့် Process တွေဖြစ်တယ်။ အခု အစိုးရဖွဲ့စည်းတယ်ဆိုတာက ကျွန်တော်တို့ အမျိုးသားကို အကွဲအပြဲဖြစ်ဖို့ ချင်းလူမျိုးတွေ စည်းလုံးညီညွတ်မှုမရှိအောင် လုပ်တာမဟုတ်ဘဲနဲ့ တော်လှန်ရေးမှာ အခက်အခဲကြုံနေရတဲ့ ချင်းပြည်သူတွေအတွက် ဝန်ဆောင်မှုတွေ၊ အာဏာရှင်ကိုတိုက်ထုတ်တဲ့နေရာမှာ ကာကွယ်ရေးလမ်းစဉ်တွေမှာ အင်အားတောင့်တင့်အောင် ကျွန်တော်တို့တည်ဆောက် ဖို့အတွက်ပဲ ဆောင်ရွက်တယ်ဆိုတာကို ဖော်ပြရင်းနဲ့ မတူမျိုးနွယ်စုတွေရဲ့ စည်းလုံးညီညွတ်ဖို့ နိုးဆော်တဲ့စာကိုလည်း ဝမ်းသာပါတယ် ဆိုတဲ့ဟာကို ဖော်ပြလိုပါတယ်။

 

CJ – Chinland Council နဲ့ သဘောထားကွဲလွဲနေတဲ့ တပ်ဖွဲ့တွေအနေနဲ့ ချင်းညီနောင်မဟာမိတ်အဖြစ် စုစည်းမှုတွေလည်းတွေ့ရပါတယ်။ ဒါဟာ အနာဂတ်ချင်းပြည်အတွက် ဘယ်လိုဖြစ်လာနိုင်မလဲ။

 

ဆလိုင်းပေါ်လ် – စစ်အာဏာရှင်ကို ကျယ်ကျယ်ပြန့်ပြန့်အရှိန်အဟုန်မြှင့်ပြီး တော်လှန်ကြတဲ့ ၂၀၂၁ ကစပြီး  သုံးနှစ်တိုင်တိုင် ချင်းပြည်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း များစွာထွက်ပေါ်လာတာတွေ့ရတယ်။ နဂို ကျွန်တော်တို့ ချင်းဖြစ်တည်မှုကိုလည်း ပြန်လည်ရောက်ရှိသွားတယ်လို့ မှတ်ယူလို့ရတယ်။ အဲဒီလိုပြောတဲ့နေရာမှာ ချင်းပြည်သူလူထုတွေကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တစ်သွေးတစ်သံတစ်မိန့်ပုံစံနဲ့ အုပ်ချုပ်တဲ့ စနစ်တွေအလွန်မှာ အဲဒီမတိုင်မီ ချင်းလူမျိုးတွေက ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ပိုင်နက်ထဲမှာရှိတဲ့ မျိုးနွယ်စုဒေသအကြီးအကဲတွေက အုပ်ချုပ်စီမံခဲ့ဖူးတဲ့ခေတ်ကို ပြန်ရောက်သွားတဲ့ အနေအထားကိုလည်း ကျွန်တော်တို့ တွေ့ရှိရတာဖြစ်ပါတယ်။ အဲဒီဟာတွေကို စုစည်းဖို့ဆိုတာက အင်မတန်မှခက်ခဲတယ်။ အဲဒီအခြေခံကိုရောက်သွားပြီလို့ ကျွန်တော်တို့ မှတ်ယူတဲ့အခါမှာ ပြန်လည်ပြီးတော့ ချင်းအမျိုးသားဆိုတဲ့အဆင့်ကို ရောက်ရှိဖို့အတွက် ဘယ်လိုစုစည်းကြမလဲ ဆိုတာက မေးခွန်းဖြစ်တယ်။

 

အဲဒီလို စုစည်းချက်တွေကို ပြန်ချဉ်းကပ်ကြည့်မယ်ဆိုရင် အခု ချင်းညီနောင်လို့ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ကိုကြည့်ရင်လည်း CNO ၊ CNDF ၊ ချင်းအမျိုးသားကောင်စီမင်းတပ်၊ Zomi Federal Union ဆိုပြီးလုပ်လာတာတွေ့ရတယ်။ နောက်ထပ်ပူးပေါင်းလာတဲ့ MDF ဆိုတာတွေ့ရတယ်။

 

ကျွန်တော်တို့ အခြေခံစဉ်းစားရမှာက ချင်းအမျိုးသားတွေစုစည်းဖို့ စည်းလုံးဖို့ဆို ဘယ်ဟာကို Base လုပ်ကြမလဲပေါ့။ အခုနပြောသလို ဇိုမီးဆိုတဲ့ မျိုးနွယ်စုကနေပြီးတော့မှ ချင်းအမျိုးသားကိုတည်ဆောက်ဖို့ ကြိုးပမ်းကြတာလား။ CNO ဆိုရင် National Organization ဖြစ်ပြီးသား။ ချင်းဆိုတဲ့အဖွဲ့ချုပ်ဖြစ်ပြီးသား။ အခြေခံက ဘယ်ဟာကိုအခြေခံပြီးတော့ အမျိုးသားအဆင့်ကို စုစည်းသလဲဆိုတာက မေးစရာမေးခွန်းတွေ လည်းရှိပါတယ်။ ဖလမ်း Base ဆိုရင်လည်း ဖလမ်း Base ဖြစ်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ချင်းအမျိုးသားအား လုံးကို ကိုယ်စားပြုတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်ဆိုရင် ဘယ်ဟာကိုအခြေခံပြီးတော့ ချင်းအမျိုးသားအဖွဲ့ချုပ် ဆိုတာကို စုစည်းသလဲဆိုတာ ပြန်လည်ကြားထဲမှာ မေးခွန်းထုတ်စရာရှိမှာဖြစ်သလို တစ်ဖက်မှာ မင်းတပ်ဆိုရင် မင်းတပ်မြို့နယ်ကို အခြေခံတယ်။

 

ကျွန်တော် ရှေ့မှာပြောသလို စစ်အာဏာရှင်ကို တော်လှန်တဲ့အချိန်မှာ အားကောင်းဖို့အတွက် စုစည်းကြတာတော့မှန်တယ်။ ချင်းရဲ့ ဘိုးဘွားတွေရဲ့ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် အုပ်ချုပ်စီမံခဲ့တဲ့ အချိန်ကာလကို ပြန်ရောက်လာပြီလို့မှတ်တယ်ဆိုရင် လူမျိုး၊ မျိုးနွယ်စုအသီးသီးရဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်စနစ်တွေကို အသိမှတ်ပြုရမှာဖြစ်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အလျင်စလိုတော့ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ချင်းလဲန်းကောင်စီရဲ့ ဖွဲ့စည်းပုံကိကြည့်ရင် တစ်ဆင့်ချင်းစီ ကျွန်တော်တို့သွားနေတယ်။ အခုတော့ ချင်းလဲန်းကောင်စီကိုဖွဲ့လိုက်တယ်။ ချင်းလဲန်းကောင်စီထဲပါတဲ့သူတွေရဲ့ အုပ်ချုပ်တဲ့ ဒေသကာကွယ်ရေးတပ်၊ မြို့နယ်ဒေသဖွဲ့စည်းမှုဆိုင်ရာ စံချိန်စံညွှန်းနဲ့အညီ တော်လှန်ရေးကာလမှာ အသုံးပြုမယ့် ဥပဒေတွေကို ရည်ညွှန်းပြီးတော့၊ နောက် Transition အသွင်ကူးပြောင်းရေးကာလရောက်သွားရင် ကျွန်တော်တို့ ဥပဒေတွေက အသုံးပြုလို့ရတာတော့မဟုတ်ဘူး Permanent ဥပဒေတွေ ပြန်လည်ရေးဆွဲဖို့အတွက် ချင်းပြည်သူလူထုကနေ ညီလာခံတစ်ရပ်ခေါ်ယူသွားမှာဆိုတာက ချင်းပြည်ချင်းလဲန်းရဲ့သွားနေတဲ့ ပုံစံတွေဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့သုံးသပ်ကြတဲ့ ချင်းညီနောင်အဖွဲ့တွေရဲ့ နိုင်ငံရေးဦးတည်ချက် ချင်းအမျိုးသား စည်းလုံးညီညွတ်ဖို့အတွက် သူတို့ရဲ့ Road Map က ဘယ်လိုတွေလဲ။ ဘယ်လိုစုစည်းကြမလဲပေါ့။

 

ကျွန်တော်တို့ အနာဂတ်ကိုတည်ဆောက်ဖို့အတွက် ချမှတ်တဲ့မူဝါဒတွေမရှိဘဲနဲ့ ချင်းပြည် ချင်းလဲန်းကောင်စီနဲ့ ပြိုင်တူလုပ်ဖို့အတွက် အားပြိုင်မှုတစ်ခုကို ဖန်တီးဖို့သက်သက်ဆိုရင် ချင်းပြည်ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တွေဟာ တွေ့ဆုံဆွေးနွေးရမှာပေါ့။ တွေ့ဆုံပြီးတော့ လမ်းလည်းတူတယ်။ ရည်မှန်းချက်တူတယ်။ ဆိုရင်တော့ ကျွန်တော်တို့ပေါင်းစည်းရမှာဖြစ်တယ်။ ဒါပေမဲ့ တွေ့ဆုံတဲ့နေရာမှာ ကျွန်တော်တို့ ချင်းလဲန်းကောင်စီကတော့ ဖွဲ့စည်းပုံဥပဒေရှိတယ်။ ချင်းအမျိုးသားတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိနိုင်တဲ့ အပြည့်အဝရှိတဲ့ ချင်းပြည်ကိုတည်ဆောက်ဖို့အတွက် ရည်မှန်းချက်ရှိတယ်။ တစ်ဖက်မှာ ချင်းညီနောင်လို့ ဖွဲ့စည်းတဲ့ အဖွဲ့ဝင်တွေရဲ့ ရည်မှန်းချက်ရပ်တည်ချက်က အမျိုးသားစည်းလုံးညီညွတ်‌ရေးဆိုတာကတော့ စည်းလုံးဖို့အတွက် တည်ဆောက်ရတာပေါ့။ အဲဒီလိုစည်းလုံးဖို့အတွက် ပန်းတိုင်ကဘယ်နေရာမှာလဲဆိုတာ ချိန် ထိုးပြီးတော့ ရည်မှန်းချက်တူတယ်ဆိုရင် တွေ့ဆုံကြမယ်။ ညှိနှိုင်းကြမယ်။

 

အဲဒီဟာတွေကို ချင်းပြည်ချင်းလဲန်းက စတင်အကောင်ထည်ဖော်တာကို တွေ့ရတယ်။ တကယ်လို့ ချင်းပြည်ချင်းလဲန်းကောင်စီရဲ့ ချမှတ်ထားတဲ့ ဗျူဟာနဲ့ ပန်းတိုင်တွေက သူတို့နဲ့ မတူဘူးဆိုရင်တော့ ဒါ ကျွန်တော်တို့ ချင်းပြည်အနာဂတ်က အဖွဲ့အစည်းတွေထဲ ပါဝင်ပတ်သက်တဲ့ သူတွေနဲ့ အဲဒီဒေသမှာ ရှိသူတွေရဲ့ သဘောထားကွဲလွဲမှုတွေ လမ်းစဉ်တွေကတော့ ကွဲသွားကြမှာပေါ့။ သို့သော် ကျွန်တော်တို့ရဲ့ဆုံမှတ်ကို ရှာဖို့တော့ လိုမယ်။ ဆုံမှတ်ကိုရှာတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ စားပွဲပေါ်ကနေ အတတ်နိုင်ဆုံး ရှာကြပြီးတော့မှ ချင်းလူမျိုးတွေအချင်းချင်းကြားထဲမှာ သွေးထွက်သံယိုမှုတွေ မရှိရလေအောင် ဖြေရှင်းတဲ့ပုံစံနဲ့ အားလုံးဝိုင်းပြီးတော့ ချဉ်းကပ်သင့်တယ်ဆိုတာမျိုးကို ပြောလိုပါတယ်။

 

CJ – တစ်ဖက်မှာလည်း ICNCC အနေနဲ့ ချင်းပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းလိုက်တယ်လို့ဆိုထားပါတယ်။ ချင်းပြည်သူလူထုအတွက် အုပ်ချုပ်ရေး နှစ်ဖွဲ့ဖြစ်နေတော့ မြေပြင်မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်တဲ့အခါ ချင်းပြည်သူလူထုအတွက် ဘယ်လိုဖြစ်လာနိုင်မလဲ။

 

ဆလိုင်းပေါလ် – အဓိကကတော့ ပြည်တစ်ခုမှာ အစိုးရနှစ်ရပ်ပေါ်ပေါက်တာ အုပ်ချုပ်ရေးနှစ်ခြမ်းကွဲတဲ့ဟာမျိုးကတော့ ဖြစ်လည်းမဖြစ်သင့်ဘူးပေါ့လေ။ ပထမအနေနဲ့ ဒုတိယအနေနဲ့ အဲဒီလို နှစ်ခုဖြစ်လာမယ်ဆိုရင် ပြည်သူလူထုက ဝေဝါးမယ်ဆိုတာက ကျွန်တော့်အနေနဲ့ကတော့ ဝေဝါးမယ်။ ပြည်သူတွေက နှစ်ခုဖြစ်မယ်။ ပြောတဲ့ဟာက ပြည်သူက ပြောတာမျိုးမဟုတ်ဘဲနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပြောတယ်လို့ သုံးသပ်ရင် သုံးသပ်ချက်တစ်မျိုးပေါ့။ ကျွန်တော်တို့ ချင်းလဲန်းကောင်စီရဲ့ ဖွဲ့စည်းလိုက်တဲ့အစိုးရက ကျွန်‌တော်တို့ ပြည်သူက တောင်းဆိုလို့ဖွဲ့လိုက်တာဖြစ်တဲ့အတွက် ကြောင့် ချင်းပြည်ချင်းလဲန်းအဖွဲ့အစည်းမှာ ပါဝင်နေတဲ့ပြည်သူလူတွေကတော့ အစိုးရနှစ်ခုလို့ရှိမှာမဟုတ်ဘူး။ တစ်ခုပဲရှိမှာပေါ့နော်။ တစ်ဖက်မှာ ICNCC က ပြည်သူ့အုပ်ချုပ်ရေးလုပ်မယ်၊ ဖော်ဆောင်မယ်လို့ ဒေသမှာရှိတဲ့ပြည်သူတွေလည်း သူတို့အတွက် တစ်ရပ်ပဲရှိမှာပေါ့။ ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်ချင်းလဲန်းအဖွဲ့ကို လက်ခံပြီးတော့ လက်ခံကြိုဆိုတဲ့ အဖွဲ့ရှိမှာပေါ့။ တစ်ဖက်မှာလည်း သဘောမကျတဲ့ ပြည်သူတွေလည်းရှိနိုင်တယ်။

 

ICNCC ကိုသဘောကျလက်ခံတဲ့ပြည်သူတွေလည်းရှိတယ်ဆိုတော့ ကျွန်တော်ဖြေကြားလိုတာကတော့ ဒေသတစ်ခုမှာ အုပ်ချုပ်ရေးနှစ်ဖွဲ့ အကောင်အထည်ဖော်တာမျိုးတော့ ကျေးရွာတစ်ခုမှာ အုပ်ချုပ်ရေးနှစ်ဖွဲ့လုပ်တာက မသင့်လျော်ဘူး။ သို့သော် အဲဒါတွေကို မရှိတဲ့နေရာလိုမျိုး ဥပမာ ချင်းပြည်ချင်း လဲန်းကောင်စီထဲပါတဲ့အဖွဲ့ဆိုရင် အဲဒီနေရာမှာ ချင်းပြည်ချင်းလဲန်းအဖွဲ့တစ်ခုတည်းပဲ ရှိတယ်။ ဆိုတော့ အစိုးရအဖွဲ့နှစ်ခုမရှိဘူး။ အဲဒီလို မရှိတဲ့နေရာတွေကို ပြည်သူလူထုက ရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့က အမြဲသွားပြီးတော့မှ စဉ်းစားချက် ဟာမျိုးလည်း တစ်နည်းအနေနဲ့ မဖြစ်သင့်ဘူးလားလို့ ပြောချင်တယ်။

 

နောက်ဆုံးအနေနဲ့ အတတ်နိုင်ဆုံး ချင်းပြည်သူတွေကြားထဲမှာ ဝေဝါးနိုင်မယ့် ချင်းပြည်ချင်းလဲန်းအဖွဲ့ အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အုပ်ချုပ်စံမံဖို့လည်းရှိမယ်။ တစ်ဖက်မှာလည်း ICNCC က ဆောင်ရွက်မယ့် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြုလုပ်ကြပြီးတော့ အဓိက ပြည်သူလူထုတွေကို ဦးထိပ်ထားပြီးတော့မှ အကောင်အထည်ဖော်‌ဆောင်ရွက်သွားရင် တော်လှန်ရေးကာလကို ကျော်လွှားနိုင်မယ်လို့ဖြေကြားလိုပါတယ်။

 

CJ – အခုဆိုရင် Chinland Council ကနေပြီးတော့ ဦးစွာအစိုးရဖွဲ့စည်းနိုင်ခဲ့ပြီပေါ့။ ICNCC ကလည်း ချင်းပြည်အစိုးရဖွဲ့စည်းမယ်လို့ဆိုထားတယ်။ ချင်းပြည်နယ်မှာ ချင်းအစိုးရက တစ်ခုပဲဖြစ်ရမှာဖြစ်တဲ့အတွက် ICNCC နဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာတွေ ဆောင်ရွက်ဖို့ရှိနိုင်မလား။ ဘယ်လိုမျိုး ဆောင်ရွက်ဖို့ရှိမလဲ။

 

ဆလိုင်းပေါလ် – ပြောရရင် အကျယ်တဝင့်ရှင်းရင်ရှည်မယ်။ ကျွန်တော်ချုပ်ပြီးဖြေကြားလိုတာက ချင်းပြည်ချင်းလဲန်းကောင်စီဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က ချင်းပြည်ချင်းလဲန်းကောင်စီမှာ မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်းတွေကို အားပြိုင်ဖို့အတွက် ဖွဲ့စည်းတာမဟုတ်သလို တစ်ခြားအဖွဲ့အစည်းတွေနဲ့ Power balance လုပ်ဖို့အတွက် ဖွဲ့စည်းလိုက်တာတော့မဟုတ်ဘူး။ အလားတူဘဲ ချင်းပြည်ချင်းလဲန်းအစိုးရအဖွဲ့ မဏ္ဍိုင်ကြီး သုံးရပ်က တခြားသောအဖွဲ့တွေပေါ်လာရင် အားပြိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာမဟုတ်ဘူး။ အဓိကကတော့ ဖွဲ့စည်းပုံဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ဖွဲ့စည်းဖို့အတွက် ပြဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။ သို့သော် ICNCC က ဖွဲ့စည်းရင် ကျွန်တော်တို့ ချင်းပြည်ချင်းလဲန်းအဖွဲ့က ဘာလုပ်မလဲဆိုရင် ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထက်မကျော်လွန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းတဲ့ လမ်းစဉ်တွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။

 

ICNCC က အစိုးရအဖွဲ့ဖွဲ့စည်းလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့က စဉ်းစားပြီးတော့ ကျွန်တော်တို့ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်တဲ့စဉ်းစားချက်မျိုးတော့ ကျွန်တော်တို့မှာမရှိဘူး။ ချင်းပြည်ချင်းလဲန်းအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မယ့် နေရာတွေကိုပဲ ဦးစားပေးပြီးတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်နိုင်ရေးကို ပထမဦးစားပေးပါတယ်။ နောက်ထပ်ချင်းပြည်အစိုးရပေါ်ပေါက်လာတယ် ဆိုရင်လည်း သက်ဆိုင်ရာ သူတို့ရဲ့ Control Area သက်ဆိုင်ရာလူထုကနေပြီးမှ ဆုံးဖြတ်ပါစေပေါ့။ ပြည်သူတွေကနေပြီး ကျွန်တော်တို့ အစိုးရနှစ်ရပ်ပေါ်ပေါက်လာတယ်ဆိုရင် ချင်းပြည်သူအများစုက လက်ခံနိုင်တဲ့ အစိုးရကို လွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိပါစေပေါ့။ နောက်ဆုံးပြောလိုတာက အစိုးရဘယ်လိုပဲဖွဲ့ဖွဲ့ ဦးထိပ်ထားရမှာက ပြည်သူဖြစ်တယ်။ ပြည်သူလူထုတွေက လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတဲ့အချိန်မှာ ကျွန်တော်တို့အစိုးရကိုပဲ ခင်ဗျားတို့ လက်ခံပါ။ ကျွန်တော်တို့အစိုးရက ဒီလိုဒီလိုပါဆိုတဲ့ သွေးဆောင်ဖြားယောင်းတာမျိုးမဟုတ်ဘဲနဲ့ လက်တွေ့ ချင်းပြည် ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုရှိပြီးတော့မှ အကောင်ထည်ဖော်ဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းယန္တရားတွေကို လည်ပတ်‌ပေးနိုင်ဖို့အတွက် အစိုးရယန္တရားတစ်ခုနဲ့တူ‌အောင် ဆောင်ရွက်ပေးဖို့က ချင်းပြည်ချင်းလဲန်းအစိုးရက တာဝန်ရှိတယ်ဆိုတာကို ခံယူထားပါတယ်။ ICNCC က ဖွဲ့စည်းတဲ့ အစိုးရထွက်လာရင် ကျွန်‌တော်တို့တွေ့ဆုံမယ်။ ညှိနှိုင်းမယ်ဆိုတဲ့ဟာတော့မရှိဘူး။ ကျွန်တော်တို့ရဲ့ အစိုးရရှိပြီးတဲ့အတိုင်းပဲ လုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

CJ – ချင်းပြည်အစိုးရကို စည်းလုံးညီညွတ်စွာနဲ့ တစ်ခုထဲဖြစ်ဖို့အတွက် ဘယ်လိုမျိုးဆောင်ရွက်သွား ဖို့ရှိမလဲ။

 

ဆလိုင်းပေါလ် – အစိုးတစ်ရပ်စည်းလုံးဖို့ဆိုတာထက် ကျွန်တော်တို့ချင်းပြည်အတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံး စည်းလုံးဖို့လိုအပ်မှာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ချင်းပြည်မှာ ကောင်စီတစ်ခုပဲ ရှိသင့်တာပေါ့။ အခြေအနေအရပ်ရပ်ကြောင့် ကောင်စီနှစ်ရပ်လိုဖြစ်ပေါ်လာတဲ့အနေအထားမှာလည်း ပြည်သူလူထုတွေကလည်း မြင်နေရတယ်ပေါ့နော်။ အဲဒီပေါ်မှာ အစိုးရအနေနဲ့ ချဉ်းကပ်တာမျိုး မဟုတ်ဘဲနဲ့ ချင်းပြည်ချင်းလဲန်းကောင်စီရဲ့ မူဝါဒနဲ့ ချဉ်းကပ်ရမှာဖြစ်တယ်။ ပထမဦးဆုံး အစိုးရတစ်ရပ်လုံးကို တစ်ခုတည်းဖြစ်အောင် ဆောင်ရွက်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ချင်းပြည်ချင်းလဲန်းထဲမှာရှိတဲ့အဖွဲ့အစည်းတွေ အားလုံး မြို့နယ်အနေနဲ့ပဲဖြစ်ဖြစ်၊ ဒေသအနေနဲ့ပဲဖြစ်ဖြစ် ချင်းအားလုံးရဲ့ပန်းတိုင်ဟာ ချင်းအားလုံးစည်းလုံးဖို့ဆိုတာ တူကြတယ်လို့ ကျွန်တော့်အမြင်က မှတ်ယူတဲ့အတွက်ကြောင့် ဆက်လက်တွေ့ဆုံဖို့လိုပါလိမ့်မယ်။

 

ဥပမာအားဖြင့် ချင်းလဲန်းကောင်စီမှာ အများစုတော့ပါနေတယ်။ သို့သော် အပါဝင်လာနိုင်သေးတဲ့ ညီအကိုတွေရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ကတော့ ချင်းပြည်ချင်းလဲန်းကောင်စီမှာ ပါဝင်လာနိုင်ရေး ဆိုတဲ့မူကိုကျွန်တော်တို့ ကိုင်စွဲတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ့ဆုံတဲ့နေရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ အစိုးရတစ်ရပ်ပေါ်ပေါက်ဖို့၊ တရားရေးမဏ္ဍိုင်ပေါ်ပေါက်ဖို့၊ ဥပဒေပြုရေးပေါ်ပေါက်ဖို့ဆိုတာ ကျွန်တော်တို့ ချင်းပြည်အတွင်းမှာရှိတဲ့ အားလုံးအရင်ဆုံး တစ်စုတည်းရှိဖို့လိုတယ်။ အဲဒီလိုမှပဲ ချင်းပြည်သူလူထုက ကျင့်သုံးလိုက်နာမယ့် မဏ္ဍိုင်ကြီး သုံးရပ်ဟာ တစ်စုတည်းဖြစ်သွားမယ်ဆိုတာကို ပြောလိုပါတယ်။

 

CJ – အခု Chinland Council ကဖွဲ့လိုက်တဲ့ ချင်းပြည်အစိုးရမှာပေါ့။ ပြန်ကြားရေးဝန်ကြီးဌာနပါဝင်တာ မတွေ့ရဘူးပေါ့နော်။ ဆိုတော့ ချင်းပြည်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထုတ်ပြန်ပြောဆိုဖို့ ဘယ်လိုမျိုး ဆောင်ရွက်ထားတာရှိပါလဲ။

 

ဆလိုင်းပေါလ် – အစိုးရအဖွဲ့ရဲ့ ပထမအကြိမ် သူတို့ချင်းပြည်ချင်းလဲန်းအစိုးရအဖွဲ့ခေါ်ပါလိမ့်မယ်။ အဲဒီအစိုးရအဖွဲ့ရဲ့ သူတို့ဆွေးနွေးဆုံးဖြတ်ချက်တဲ့အစိုးရအဖွဲ့ပြော‌ရေးဆိုခွင့်ရှိသူတွေကိုလည်း သူတို့ဘက်က ရွေးချယ်ပါလိမ့်မယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ကောင်စီအစည်းအဝေးထုတ်ပြန်ချက်ဖြစ်တဲ့အတွက် ကောင်စီအစည်းအဝေးက လုပ်ပေးရမှာက မဏ္ဏိုင်ကြီး သုံးရပ် ဖွဲ့စည်းပေးရမှာဖြစ်တယ်ဆိုတော့ ကျန်တဲ့အပိုင်းတွေကိုတော့ အစိုးရအဖွဲ့ကနေပြီးတော့မှ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေပဲဖြစ်ပါလိမ့်မယ်။

 

CJ – ပြီးတော့ ပလက်ဝဒေသမှာ ရက္ခိုင့်တပ်တော် AA နဲ့ပူးပေါင်းဆောင်ရွက်ပြီး မြို့သိမ်း/စခန်း သိမ်းထားတာတွေရှိတယ်ပေါ့။ အဲဒီမှာ နယ်မြေပိုင်းခြားမှုအတွက် ULA/AA နဲ့ ညှိနှိုင်းမှုတွေရှိထားသေးလား။ ရှိခဲ့ရင် ဘယ်လိုမျိုးညှိနှိုင်းမှုတွေ လုပ်ဆောင်ထားပါလဲ။ ပလက်ဝဒေသရဲ့ အုပ်ချုပ်ရေးအတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါလဲ။

 

ဆလိုင်းပေါလ် – ပလက်ဝက ချင်းပြည်ရဲ့ မြို့ဖြစ်တယ်။ ဘိုးဘွားစဉ်ဆက်ကနေပြီးတော့ ချင်းဆိုတဲ့ဟာကို ခံယူပြီး ချင်းပြည်နဲ့ ပူးပေါင်းတဲ့နေရာလည်းဖြစ်တယ်။ ချင်းပြည်ချင်းလဲန်းကောင်စီအနေနဲ့ကတော့ ပလက်ဝကို အထူးတလည် ဖော်ပြစရာမလိုအပ်တဲ့မြို့နယ်ဖြစ်တယ်ဆိုတာကိုပြောလိုတယ်။ ချင်းလဲန်းထဲမှာပါပြီးတဲ့ ချင်းနယ်မြေကို ကျွန်တော်တို့ကာကွယ်ဖို့၊ တည်ဆောက်ဖို့ဆိုတာ ချင်းပြည်ချင်းလဲန်းဥပဒေမှာ ပါပါတယ်။ ကျွန်တော်တို့ရဲ့ပိုင်နက်ကို ဆက်လက်ပြီးတော့မှ ချင်းပြည်ချင်းလဲန်းပိုင်နက်အတွင်း ပြည်သူလူထုတွေရဲ့ အခြေခံလိုအပ်တဲ့ အရာတွေကိုတော့ ချင်းပြည်ချင်းလဲန်းကောင်စီကနေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိမယ်။

 

တစ်ဖက်မှာ ရခိုင့်တပ်တော်က ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အလုံးစုံသိမ်းပိုက် နေတာကိုလည်း ကျွန်တော်တို့တွေ့ရတယ်။ ULA က လက်ရှိ ချင်းပြည်ပလက်ဝကို ထိန်းချုပ် ထားတယ်ဆိုလည်း မမှားဘူးပေါ့။ အဲဒီအနေထားတစ်ခုရောက်တဲ့အချိန်မှာ ULA နဲ့ ချင်းပြည်ချင်းလဲန်းကောင်စီအနေနဲ့ကတော့ တရားဝင်တွေ့ဆုံဆွေးနွေးညှိနှိုင်းတာ တစ်စုံတရာမှ မရှိသေးဘူးတော့ ပြောလိုတယ်။ ဆက်လက်ပြီးတော့ ပလက်ဝပြည်သူလူထုတွေအတွက် လိုအပ်တဲ့စီမံဆောင်ရွက်ချက်တွေကို ချင်းပြည်ချင်းလဲန်းကောင်စီကနေ လိုအပ်သလို စီမံပေးဖို့အတွက်တော့ လုပ်ငန်းစဉ်တွေရှိတယ်ဆိုတဲ့ဟာကို ဖြေကြားလိုတယ်။

 

CJ – ချင်းပြည်သူလူထုအကျိုးကိုရှေးရှုပြီး အခုလို အဖွဲ့နှစ်ဖွဲ့ဖြစ်ပေါ်နေတဲ့အပေါ် ညှိနှိုင်းဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတစ်ခုခုက ကမ်းလှမ်းထားတာမျိုးတွေရှိပါသလား။ မရှိခဲ့ရင် ရှိဖို့လိုနိုင်မလား။ ရှိခဲ့ရင် လက်ခံညှိနှိုင်း သွားဖို့ရှိမလား။ အဲဒီအပေါ် ဘယ်လိုမှတ်ချက်ပေးလိုပါသလဲ။

 

ဖြေ – ကျွန်တော်တို့က ဒီ ညှိနှိုင်း‌ရေးလုပ်ငန်းစဉ်တစ်ခုကို သွားတဲ့နေရာမှာ နည်းဗျူဟာ အများကြီးသုံးလို့တော့ ရတာပေါ့။ ဒါပေမဲ့ နည်းဗျူဟာအများကြီးကိုသုံးတဲ့ တွေ့ဆုံမှုက အလုပ်ဖြစ်ဖို့လိုအပ်တယ်။ တကယ်ရော အလုပ်ဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ဖို့လည်းလိုတယ်။ အခု ချင်းပြည်ချင်းလဲန်းကောင်စီကို မပါဝင်လာနိုင် သေးတဲ့သူတွေကို ပါဝင်လာနိုင်ဖို့ ကျွန်တော်တို့‌တွေ့ဆုံတဲ့အခါမှာ တိုက်ရိုက်လည်းရှိလာနိုင်တယ်။ သွယ်ဝိုက်ပြီးလည်း ရှိလာနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ တစ်ထည်ရာတည်း နည်းလမ်းတစ်ခုတည်းသုံးမယ် ဆိုတာကတော့ ချင်းပြည်ချင်းလဲန်းကောင်စီက မရှိပါဘူး။ သို့သော် ကျွန်တော်တို့လုပ်ငန်းစဉ်အရ မပါဝင်နိုင်သေး တဲ့အဖွဲ့တွေကို ပါဝင်လာနိုင်ဖို့ တွေ့ဆုံသွားမယ်ဆိုတဲ့‌ ခေါင်းစဉ်ကိုကြည့်မယ်ဆိုရင် မပါဝင်နိုင်သေးတဲ့သူတွေကို တိုက်ရိုက်တွေ့ဆုံမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်ဆိုတာကို ပြောလိုပါတယ်။

 

CJ – ဖြည့်စွက်ပြောလိုတာရှိပါက ပြောပေးစေလိုပါတယ်။

 

ဆလိုင်းပေါလ် – အခုလိုဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ချင်းပြည်ချင်းလဲန်းအစိုးရအဖွဲ့၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်တွေကို မဏ္ဍိုင်ကြီး သုံးရပ်ကို ဖွဲ့စည်းလိုက်တာဟာ ကျွန်တော်တို့ ချင်းပြည်သူတွေကြားထဲမှာ အမြင်အမျိုးမျိုးနဲ့ စဉ်းစားဖို့၊ ချင်းလူမျိုးတွေ စည်းလုံးညီညွတ်မှုတွေပျက်ပြားဖို့အတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာမဟုတ်ဘူးဆိုတဲ့ဟာတော့ ပြောလိုတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးကာလမှာ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဆိုသော်ငြားလည်း တော်လှန်ရေးကာလအတွက် လိုအပ်တဲ့၊ ချင်းပြည်သူလူထုတွေခံစားရတဲ့ အခက်အခဲတွေကို ဝိုင်းပြီးဖြေရှင်းနိုင်ရေးကိုဦးစားပေးပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ပြည်သူတွေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်နိုင်ပြီလဲ။ တစ်သားတည်းရှိရေးကို ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ပြောလိုတယ်။

 

ကဏ္ဍအသီးသီးမှာ ပြည်သူလူထုရဲ့ သဘောထားတွေကို လစ်လျူရှုတဲ့ပုံစံမျိုး ချင်းပြည်ချင်းလဲန်းက သွားမှာမဟုတ်ဘူး။ တော်လှန်ရေးကာလမှာ ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်မှန်သမျှချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးရှိတယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမှာ ကျွန်တော်တို့နဲ့ရည်ရွယ်ချက်တူတဲ့ ညီနောင်တိုင်းရင်းသားတွေ၊ အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ အတူတူလက်တွဲပူးပေါင်းပြီးတော့ ချင်းလဲန်းအတွင်းမှာရှိတဲ့ ချင်းပြည်သူလူထုတွေကနေလဲည်း ကျွန်တော်တို့ ချင်းအမျိုးသားရေးလှုပ်ရှားမှုလုပ်နေတယ်။ ဒီနေရာမှာ စတင်ပြီးတော့ အခုတည်းကနေ အရှိန်မြင့်မြင့်နဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ မကြာတော့တဲ့ကာလတစ်ခုမှာ ချင်းပြည်သူတွေမျှော်လင့်တဲ့ ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ အိပ်မက်မက်ခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ချင်းပြည်ထောင်တစ်ခုကိုလည်း တည်ဆောက်နိုင်မယ် လို့ ကျွန်တော်အနေနဲ့ပြောလိုပါတယ်။ အားလုံးကလည်း ကူညီဖို့ ပူးပေါင်းဖို့လိုအပ်တယ်ဆိုတာကိုလည်း တစ်ဆက်တည်းမှာ တိုက်တွန်းလိုပါတယ်။