ယူကရိန်းကို ယူရို ၅၀ ဘီလီယံ ထောက်ပံ့မည့်အစီအစဉ်အား EU ခေါင်းဆောင်များ ပြန်လည်ခွင့်ပြု

Author လင်းနွေဦး
Categories
Published on Feb 02, 2024

ယူကရိန်းအား ထောက်ပံ့မည့် ယူရို ၅၀ ဘီလီယံ အစီအစဉ်အား ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကြာသပတေးနေ့တွင် ဘလ်ဂျီယံ နိုင်ငံ ဘရူးဆဲလ်မြို့၌ ကျင်းပပြုလုပ်သော European Union(EU) နိုင်ငံများမှ ခေါင်းဆောင် ၂၇ ဦးပါ အစည်းအဝေးပြီးနောက် ပြန်လည် ခွင့်ပြုမည် ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရုရှားနိုင်ငံ၏ ကျူးကျော်စစ်အား ခံစားနေရသည့် ယူကရိန်းအပေါ်  စီးပွားရေးနှင့် နိုင်ငံ့ အခြေအနေ မယိမ်းယိုင်စေရန် အမေရိကန်မှ ဦးဆောင်၍ EU Commesion (ဥရောပ ကော်မရှင်)အား တင်ပြခဲ့သည့် ယူရို ဘီလီယံ ၅၀ အစီအစဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် EU အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဟန်ဂေရီနိုင်ငံမှ ဗီတို အာဏာသုံးကာ ပယ်ချခြင်း ခံခဲ့ရသည်။

 

ထိုစဉ်အချိန်က ဟန်ဂေရီ ဝန်ကြီးချုပ် ဖြစ်သူ ဗစ်တာ အော်ဘန်(Viktor Orban)မှ ဟန်ဂေရီနိုင်ငံမှာ ယူကရိန်းအား ကူညီမည့် အစီအစဉ်တွင် မပါဝင်လိုသေးကြောင်း၊ ကျန် EU အဖွဲ့ဝင် ၂၆ နိုင်ငံမှ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ယူကရိန်အား စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

 

၎င်း၏ ပြောကြားမှုကို ထိုအချိန် က EU အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ် (Donald Tusk) မှ “သူ့(ဟန်ဂေရီဝန်ကြီးချုပ်)ရဲ့ ထူးဆန်းပြီး တကိုယ်ကောင်းဆန်လွန်းတဲ့ ကစားမှုကို လက်မခံနိုင်ပါဘူး၊ အကယ်၍သာ EUရဲ့ ပေါ်လစီတွေကို ဟန်ဂေရီက လွှမ်းမိုးမယ် ဆိုရင် ယူကရိန်းဟာ ကျဆုံးမှာပါ”လို့ ပြောကြားခဲ့ကြောင်း BBC တွင် ဖော်ပြသည် ။

 

သို့ရာတွင် ယခုအကြိမ် ပြုလုပ်ခဲ့သည့် EU ကော်မရှင်မတိုင်ခင် အချိန်ကပင် ဘရူးဆဲလ်ရှိ လမ်းမများ၌ လယ်သမားထောင်ချီမှ ၎င်းတို့၏ လယ်ယာတွင် သုံးသည့် ထရပ်ကား ထောင်ချီ ဖြင့်ပိတ်ဆို့ကာ EU ပါလီမန် အဆောက်အအုံအား ကြက်ဥများဖြင့် ပစ်ပေါက်၍ ကုန်ဈေနှုန်းများ မြင့်မားခြင်းနှင့် အခွန်အခများ လျော့ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

 

ထိုဆန္ဒပြမှုထဲတွင် ဟန်ဂေရီနိုင်ငံ အတွင်းဖြစ်ပွားနေသော လူ့အခွင့်အရေးများနှင့် အကျင့်ပျက်ခြစားမှု များ အတွက်လည်း ပါဝင်နေပြီး EU ခေါင်းဆောင်များမှ ဟန်ဂေရီနိုင်ငံအား ထောက်ပံ့မည့် ယူရို ၂၀ ဘီလီယံအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်မှုနှင့်အတူ ယူကရိန်းအား ထောက်ပံ့မည့် အစီအစဉ်အား ဟန်ဂေရီ၏ဆုံးဖြတ်ချက် ပါဝင်လာစေရန် စည်းရုံးနိုင်ခဲ့ကြောင်း CNN မီဒီယာမှ ဖော်ပြသည်။

 

ရရှိလာခဲ့သော သဘောတူညီမှုအတွင်းတွင် EU မှ ထောက်ပံ့ပေးမည့် ယူရို ၅၀ ဘီလီယံအား လေးနှစ်အတွင်း တွင် အကြိမ်များခွဲ၍ ယူကရိန်းအား ပေးပို့မည်ဖြစ်ပြီး ယူကရိန်း နိုင်ငံတွင်းရှိ ပင်စင်လစာများ၊ ဝန်ထမ်းလစာများအပြင် တခြားသော ကုန်ကျစရိတ်များအား ပေးဆောင်နိုင်ရန်ဟု ရည်ရွယ်ကြောင်း နိုင်ငံတကာမီဒီယာများမှ ဖော်ပြသည်။

 

ယခုကဲ့သို့  EU ၂၇ နိုင်ငံ မှ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချနှင့်အတူ ရရှိလာမည့် ထောက်ပံ့ငွေများအပေါ် ယူကရိန်းသမ္မတ ဇလန်စကီး(Zelensky) မှ “ထောက်ပံ့ငွေရရှိတဲ့အပေါ်  ကြိုဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးနဲ့ စီးပွားရေးတည်ငြိမ်ရေးကို ရေရှည် ထိန်းသိမ်းတဲ့ အပေါ် အကျိုးပြုပါလိမ့်မယ်”ဟု ၎င်း၏ လူမူကွန်ရက် X(ယခင် Twitter) တွင် ရေးသားခဲ့သည်။

 

ယူကရိန်း နိုင်ငံခြားရေးရာဝန်ကြီး မှလည်း ထောက်ပံငွေရရှိခြင်းမှာ EU အနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံသည်ဟု ယူဆနိုင်ကြောင်း၊ ယူကရိန်း အနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ်သို့  ရုရှား၏ အင်အားသုံး ခြိမ်းခြောက်မှုအား ဦးစွာ ပဏာမ ခုခံကာကွယ်နေရခြင်းလည်း ဖြစ်သည် ဟု အလေးပေးပြောကြားခဲ့သည့်အပြင် ပိုလန် ဝန်ကြီးချုပ်မှလည်း “မစ္စတာ အိုဘင်(ဟန်ဂေရီ ဝန်ကြီးချုပ်အား) ဆွဲဆောင်နိုင်ခဲ့ပြီ ရှေ့ဆက်ကြစို့”ဟု ၎င်း၏ လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

 

ရုရှား၏ ကျူးကျော်စစ်ကို နှစ်နှစ်နီးပါးကြာမြင့်သည်အထိ  ခုခံနေရသော ယူကရိန်းနိုင်ငံအား ယခုကဲ့သို့ EU မှ ထောက်ပံမှု အပြင် အမေရိကန်နိုင်ငံမှလည်း လိုအပ်သည့် နိုင်ငံများသို့ ကူညီရန် ခေါင်းစဉ်ဖြင့် စစ်ရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လုပ်ဆောင်လျက်ရှိပြီး ကနဦး ထောက်ပံ့ရန် အမေရိကန် ဘီလီယံ ၁၀၀ ကျော် အစီအစဉ်မှာ အထက်လွှတ်တော် တွင် ရပ်ဆိုင်းခံထားရမှုကြောင့် ကြန့်ကြာလျက်ရှိသည်။

 

ဓာတ်ပုံ – BBC News

 

ပုံစာညွှန်း- ဘယ်ဂျီယံ နိုင်ငံ ဘရူဆဲလ်မြို့ရှိ EU ဆွေးနွေးပွဲ အတွင်း အနောက်နိုင်ငံခေါင်းဆောင် အချို့အား မြင်တွေ့ရစဉ်