မလေးရှားမှာ ဖမ်းခံရတဲ့ မြန်မာအမျိုးသမီး ၇၀ နီးပါး ထောင်သုံးလကျပြီးနောက် ပြန်ပို့ခံရမယ်

Author ဆလိုင်း
Categories
Published on Aug 09, 2024

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကလန်ဘသန်မြို့ရှိ အီလစ်ထရောနစ်စက်ရုံတစ်ခုကို မလေးရှားအာဏာပိုင်အဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၈၇ ဦးဖမ်းဆီးခံရတယ်လို့ မလေးရောက်မြန်မာများထံမှ သိရပါတယ်။

 

ယမန်နေ့ သြဂုတ်လ ၈ ရက် မနက် ၉ နာရီဝန်းကျင်က မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ ဂျိုဟိုးက အီလစ်ထရောနစ်စက်ရုံကို ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

 

တိုင်ကြားချက်နဲ့ လာဖမ်းသွားတာဖြစ်တယ်။ အထောက်အထားရှိတဲ့သူတွေနဲ့ အထောက်ထားမရှိတဲ့သူတွေပါ အကုန်လုံးဖမ်းသွားတယ်။ အခု ဂျိုဟိုးက ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်။

 

စာရွက်စာတမ်းအပြည့်စုံရှိတဲ့သူတွေက ပြန်လွတ်လာကြပါပြီ လို့ ဂျိုဟိုးရောက် မြန်မာနိုင်ငံသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံ ၁၈၇ ဦးထဲက အထောက်ထားအပြည့်အစုံရှိတဲ့ ၁၀၈ ဦးဟာ သူဌေး အာမခံချက်ဖြင့် ပြန်လွတ်မြောက်ပေမဲ့ အထောက်ထား အပြည့်စုံမရှိတဲ့ ၇၉ ဦးကတော့ ပြန်မလွတ်သေးဘဲ ဂျိုဟိုးက ထိန်းသိမ်းရေးစခန်းမှာ ဆက်လက်ဖမ်းဆီးခံရဆဲလို့ သိရပါတယ်။

 

အဲဒီထဲ မြန်မာအမျိုးသမီး ၆၈ ဦးအပါအဝင် မြန်မာအမျိုးသမီး ၆၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦး၊ တရုတ် အမျိုးသမီး ၂ ဦး၊ နီပေါ အမျိုးသား ၁ ဦး၊ အင်ဒိုနီးရှား အမျိုးသမီး ၁ ဦးနဲ့ စက်ရုံမန်နေဂျာတို့ဖြစ်တယ်လို့ သိရပါတယ်။

 

၎င်းတို့ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ်သုံးလကျခံရမှာဖြစ်ပြီး ပြစ်ဒဏ်စေ့ပါက သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွာလမ်လာပူမြို့၊ ဂျာလန်အလော့က အနှိပ်ခန်းတစ်ခုကို မလေးရှားအာဏာပိုင်အဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံသား ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမူကွန်ရက်