စစ်ရိပ်စစ်ငွေ့ကြောင့် မန္တလေး မြို့ခံအများအပြား နေရပ်စွန့်ခွာနေကြ

Author မင်းဇက်
Categories
Published on Aug 09, 2024

လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်အပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အပါအဝင် မန္တလေးမြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းကြောင့် မြို့ခံတွေ နေရပ်စွန့်ခွာမှုများပြားလာတယ်လို့ CJ Platform ရဲ့ မန်းဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

 

“ပြင်ဦးလွင်ဘက်ကို ဝင်ဖို့ သတင်းသဲ့သဲ့ထွက်တော့ အဲဒီက မြို့ခံတွေက မန္တလေးကို ဆင်းလာတယ်။ ဒါပေမဲ့ မန္တလေးမှာလည်း အဲဒီလို နေရပ်စွန့်ခွာပြီး ရန်ကုန်ဘက် တတိတိနဲ့ ထွက်နေတာ အများကြီးပဲ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မန္တလေးမြို့တွင်းမှာ နေထိုင်တဲ့ ဒေသခံတွေ မြို့ကို တိတ်တဆိတ် စွန့်ခွာလာကြတာနဲ့ ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

 

“ပြေးတယ်ရယ်လို့လည်း မဟုတ်ဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်တာမဟုတ်ဘဲ ဒီတိုင်းအသံတိတ် ပြောင်းကြတာ” လို့ အဲဒီဒေသခံက ဖြည့်စွက်ပြောပါတယ်။

 

ပြင်ဦးလွင်မြို့နဲ့ ၃၅ မိုင်အကွာက နောင်ချိုမြို့ကို တအာင်းတပ် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ ဝက်ဝံရွာစစ်ဆေးရေးဂိတ်ကနေ အဝင်အထွက်တွေကို ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

 

ဒေသခံတချို့ရဲ့ ပြောကြားချက်အရ ပြင်ဦးလွင်မြို့နဲ့ မိုင်အနည်းငယ်ပဲ ကွာဝေးတဲ့ ဝက်ဝံဂိတ်ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

“သတင်းတွေကတော့ အမျိုးမျိုးပဲ။ ဝက်ဝံကြောကို အင်အားအများကြီးနဲ့ ဖောက်ဖို့ လုပ်နေတယ်လို့လည်း ကြားတယ်။ ဝက်ဝံစည်းပေါက်ရင် ပြင်ဦးလွင်က ပါလောက်တယ်” လို့ နောင်ချိုမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ ပြင်ဦးလွင်မြို့ထဲက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းမိသားစုတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ မြို့ခံတွေကတော့ မြို့ကို စွန့်ခွာပြီး မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန် စတဲ့ မြို့ကြီးတွေဆီ အလျှိုလျှို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

လုံခြုံရေးစိုးရိမ်ရလို့ နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေရဲ့ ယာဉ်တန်းတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် မြင်တွေ့နေရပါတယ်။ အဲဒီလို စစ်ကို ကြိုတင်ရှောင်တဲ့ထဲ မန္တလေးမြို့ခံတွေလည်းပါတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

 

“တပ်တွင်း အဆက်အသွယ်တချို့ဆီက သိရတာတော့ အဲဒီလိုပဲ။ မန္တလေးမြို့ခံတွေကတော့ အုံလိုက်ကျင်းလိုက်တွေ မပြောင်းကြသေးဘူး။ ဒါပေမဲ့ နည်းနည်းချင်းစီတော့ မြို့ကနေ ထွက်သွားကြပြီ။ နေရပ်စွန့်တာကလည်း ပိုဆိုးဖို့ ရှိမယ်” လို့ ၎င်းက ပြောပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ ဟန်ချက်ညီ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တစ်စတစ်စ ရေချိန်မြင့်တက်လာနေပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(လားရှိုး) အပါအဝင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကိုပါ တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်ထားနိုင်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ပြင်ဦးလွင်မှ မန္တလေးသို့ ဦးတည်နေကြတဲ့ မန္တလေး-ပြင်ဦးလွင်လမ်းပေါ်က ကားတန်းကြီးကိုတွေ့ရစဉ်