“သတ္တိရှိရင် လာတိုက်” လို့ စိန်ခေါ်ထားတဲ့ ပုလော စစ်စခန်းက စစ်သားနဲ့ ပျူတွေ လာတိုက်ချိန် ထွက်ပြေး

Author မင်းထက်
Categories
Published on Aug 09, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာ စာသင်ကျောင်းအတွင်း နှစ်ရှည်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ယမန်နေ့ ဩဂုတ် ၈ ရက်၊ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံမှ သိရပါတယ်။

 

ဒရုန်းနဲ့အကြိမ်ကြိမ်တိုက်ခံနေရတဲ့ အဲဒီတပ်စခန်းက စစ်သားနဲ့ ပျူတွေကနေ လူကိုယ်တိုင်လာရောက်တိုက်ခိုက်ဖို့ စိန်ခေါ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပထမအကြိမ်တိုက်ခိုက်ပြီးတော့ အခုတစ်ကြိမ် ဝင်မစီးခင် စပ်ကြားမှာ ကျွန်တော်တို့ဘက်ကနေ ဒရုန်းနဲ့ ဗုံးသီး မကြာခဏ ချတာမျိုးရှိတယ်။ အဲဒီအခါ သတ္တိရှိရင် ဒရုန်းနဲ့ မလာနဲ့။ ကိုယ်တိုင်တက်လာခဲ့ကြဆိုပြီး စိန်ခေါ်တာမျိုးတွေရှိတယ်။ ဒါကြောင့် မနေ့က ၀င်စီးတာ။ မဇာ ကာကင်းကုန်းကလွဲရင် ကျန်နေရာအားလုံး ဝင်စီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စစ်ရေးပစ်မှတ်မှာလည်း ကာကင်းကုန်းမပါခဲ့ဘူး” လို့ ၎င်းက ပြောပါတယ်။

 

ယမန်နေ့တိုက်ခိုက်မှုအတွင်း ထိတွေ့မှု ၂ နာရီခန့်ကြာမြင့်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်သားတွေ အထိအခိုက်များစွာနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ မီးလောင်ချောင်းကျေးရွာမှ ဒေသခံ ဆယ်ဦးထက်မနည်းကိုလည်း ဘေးလွတ်ရာသို့ တော်လှန်ရေးတပ်တွေက ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

အဲဒီ မီးလောင်ချောင်းကျေးရွာ၊ စာသင်ကျောင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်သားတွေ စခန်းချထားတာဖြစ်ပါတယ်။

 

ယမန်နေ့က မီးလောင်ချောင်းရွာထဲမှ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးသွားပြီးနောက် အဲဒီကျေးရွာအတွင်းရှိ စစ်ကောင်စီရဲ့ ခံစစ်နေရာတွေနဲ့ စာသင်ကျောင်းအတွင်း တည်ဆောက်ထားတဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

“အခုစခန်းက သူတို့ ပြန်လည်ပြင်ဆင်တည်ဆောက်ထားတဲ့ စခန်းပါဗျ။ ပထမအကြိမ်တုန်းကတော့ လက်ရှိစာသင်ကျောင်းအပြင် အဲဒီအနောက်ဘက်မှာရှိတဲ့ စကစကာကင်းကုန်းကိုပါ တိုက်ခိုက်ခဲ့တယ်” လို့ အထက်ပါ တာ၀န်ရှိသူက ပြောပါတယ်။

 

ယမန်နေ့ စီးနင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာပြီးနောက် အဲဒီမီးလောင်ချောင်းရွာသို့ ခလရ ၁၇ မှ အင်အား ၃၀ ခန့်နဲ့ ပြန်လည်တပ်စွဲထားတဲ့အပြင် ကင်းထောက်လေယာဉ်ဝဲပြီး စုံစမ်းခြင်းများပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က အဲဒီရွာထဲက လက်ရှိစာသင်ကျောင်းအပြင် အနောက်ဘက်ရှိ စကစကာကင်းကုန်းကိုပါ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးအင်အားစုဘက်က မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တပ်ခွဲမှူးအပါအ၀င် ငါးဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲအတွင်း လက်နက်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ကူပေးရတဲ့အထိ ပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ကူကြားကပင် ကာကင်းကုန်းကိုပါ သိမ်းနိုင်ခဲ့ပြီးနောက် စခန်းကို မီးရှို့ပြီး ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ပလမြို့ရဲစခန်းနဲ့ အရှေ့မှာရှိတဲ့ စစ်ဆေးရေးဂိတ်တို့ကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)တပ်ခွဲ(၂)တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကာင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံမှ သိရပါတယ်။

 

 

ရုပ်သံ – မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း