တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး

Author ကိုထားဝယ်
Categories
Published on Aug 09, 2024

နေပြည်တော်ကို ယမန်နေ့က ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။

 

မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က လက်နက်အင်အားထောက်ပံ့နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၅ ရက်မိန့်ခွန်းထဲ ထည့်ပြောပြီး သုံးရက်အကြာ ဩဂုတ် ၈ ရက်မှာ တရုတ်အထူးကိုယ်စားလှယ်က နေပြည်တော်ကို လာရောက်ခဲ့တာပါ။

 

ဒါ့အပြင် စစ်ကောင်စီ ဩဇာခံထားပြီး ဝါဒဖြန့်ပေးနေသူတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ တရုတ်ကို အပြင်းအထန်ဝေဖန်နေချိန် မစ္စတာ ဒန် ဇီဂျန်ရောက်ရှိလာတာဖြစ်ပါတယ်။

 

အဲဒီတွေ့ဆုံမှုအတွင်း တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်ဒေသအပါအဝင် စစ်မျက်နှာပြင်တိုင်း တော်လှန်ရေးအင်အားစုတွေကို ရှုံးနိမ့်နေတဲ့ စစ်ခေါင်းဆောင်က ပြည်တွင်းငြိမ်းချမ်းရေးအကြောင်း တရုတ်အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

 

ဒါ့အပြင် ၂၀၂၅ မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲပြင်ဆင်နေပုံ၊ ကျားဖြန့်ပပျောက်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ ဩဂုတ် ၅ ရက် လားရှိုးရမခကျပြီးပြောတဲ့မိန့်ခွန်းထဲ တရုတ်-မြန်မာ နယ်စပ်မှာ လက်နက်စက်ရုံတည်ဆောက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ခဲယမ်းဖြန့်ဝေပေးနေတာလို့ စွပ်စွဲပြောကြားထားပါတယ်။ ဒါပေမဲ့ နေရာနဲ့ ဘယ်အဖွဲ့တွေကို ထောက်ပံ့နေတာလဲဆိုတာတော့ မပြောနိုင်ခဲ့ပါဘူး။

 

ဒါ့အပြင် အရင်မိန့်ခွန်းတိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလို့ အားကိုးတကြီး သုံးနှုန်းခဲ့ပေမဲ့ ဩဂုတ် ၅ ရက် မိန့်ခွန်းထဲမှာတော့ ‘တရုတ်’ လို့ စစ်ခေါင်းဆောင်က ပြောဆိုသုံးနှုန်းမှုအတော်များများပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

 

ဩဂုတ် ၃ ရက်နေ့မှာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်လွှတ်ခဲ့ရလို့ သူ့ဩဇာခံနဲ့ ထောက်ခံသူတွေစိတ်ဓာတ်မြှင့်တင်ရေး မိန့်ခွန်းထွက်ပြောချိန်မှာပဲ ကျောက်မဲမြို့လည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျောက်မဲမြို့သိမ်းတိုက်ပွဲအကြောင်း တအာင်းတပ်ဘက်က တရားဝင်ထုတ်ပြန်လာတာမျိုးတော့ ဒီကနေ့ ဩဂုတ် ၉ ရက် မနက်ပိုင်းအထိ မရှိသေးပါဘူး။

 

ဇွန်လ ၂၅ ရက်နေ့ကပြန်လည်စတင်ခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ရှမ်းမြောက်က ရမခရှိရာ လားရှိုးတစ်မြို့လုံးအပါအဝင်၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မြို့နယ်တို့အပြင် မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူးမြို့နယ်တို့ကိုပါ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တို့အပါအဝင် မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC