◾ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးနှစ်သင်းဖြစ်တဲ့ စပိန်- ပြင်သစ်တို့ရဲ့ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်  ◾ဘယ်သူက ဖိုင်နယ်တက်မလဲ။ ဘယ်သူက အိမ်ပြန်ရမလဲ?

Author မောင်ရှမ်း
Categories
Published on Jul 09, 2024

ဒီကနေ့ ဇူလိုင် ၉ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေထဲက တစ်ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာတော့ စပိန်နဲ့ ပြင်သစ်တို့ ကစားသွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ်အတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်က ဘယ်လိုဖြစ်မလဲ။ ဘယ်အသင်း နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

စပိန် – ပြင်သစ်

အိမ်ရှင်ဂျာမနီကို ကျော်ဖြတ်လာတဲ့ စပိန်ကတော့ ဗိုလ်စွဲနိုင်ဖို့အတွက် ရေပန်းစားမှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ စပိန်ရဲ့ခြေစွမ်းဟာ ပြိုင်ပွဲအစကတည်းက ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းလာခဲ့တဲ့အထိ တည်ငြိမ်နေခဲ့ပြီး ဘယ်အသင်းကိုမဆို အသာစီးရရှိအောင် ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီညမှာတော့ စပိန်အသင်းအတွက် အားနည်းချက်တွေရှိလာနိုင်ပါတယ်။ စပိန်ဟာ ပြင်သစ်နဲ့ပွဲစဉ်မှာ အဓိက ကစားသမား သုံးယောက်အထိ ဆုံးရှုံးရဖို့ ရှိနေတာပါ။ အဓိက ဗဟိုနောက်ခံလူ နော်မန်ဟာ ဂျာမနီနဲ့ပွဲစဉ်က အဝါကတ်ကြောင့် ဒီနှစ်ယူရိုပြိုင်ပွဲမှာ စုစုပေါင်း အဝါကတ် နှစ်ကတ်ထိသွားခဲ့ပြီးဖြစ်လို့ တစ်ပွဲပယ်ခံရတော့မှာဖြစ်သလို ညာနောက်ခံလူ ကာဗာဂျယ်ကလည်း ပွဲပြီးခါနီးမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဒီပွဲကို လွဲချော်မှာပါ။

 

ဒါ့အပြင် ဒဏ်ရာရထားတဲ့ ပတ်ဒရီကလည်း ကစားနိုင်တော့မှာမဟုတ်လို့ အဓိက ကစားသမား သုံးယောက်မပါဝင်ဘဲ ပြင်သစ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စပိန်ဟာ ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ ကစားထားပြီးတဲ့ ၅ ပွဲဆက်တိုက်မှာ အနိုင်ရရှိထားတာဖြစ်ပြီး ယူရိုသမိုင်းမှာတော့ ၆ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ အသင်းဆိုတာ မရှိသေးပါဘူး။ တိုက်စစ်ကြယ်ပွင့် လမိုင်းယာမယ်လ်ဟာ ဒီနှစ်ယူရိုမှာ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ဒါဟာ စပိန်သားတစ်ယောက်အတွက် ယူရိုပြိုင်ပွဲတစ်ခုမှာ ဖန်တီးမှုအများဆုံးလုပ်ထားတဲ့ မှတ်တမ်းကောင်းကို လိုက်မီခဲ့တာဖြစ်လို့ နောက်ထပ်ဖန်တီးမှုတစ်ကြိမ်ရရှိရုံနဲ့ စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

 

ပြင်သစ်ကတော့ ကစားပုံအရ စပိန်ကို ယှဉ်နိုင်မှာဖြစ်ပေမဲ့ ဂိုးသွင်းမသေချာခြင်းက သူတို့ရဲ့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ ယူရိုပြိုင်ပွဲရဲ့သမိုင်းမှာ ကစားကွက်တည်ဆောက်မှုကနေ ဂိုးသွင်းနိုင်တဲ့ကစားသမားမရှိဘဲနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာနိုင်တာ ဒီနှစ်ပြင်သစ်တစ်သင်းတည်းပဲ ရှိတာပါ။ ပြင်သစ်တို့ ရရှိထားတဲ့ ၃ ဂိုးမှာ ၂ ဂိုးက OG ဖြစ်နေသလို ၁ ဂိုးက ပင်နယ်တီဖြစ်နေတာပါ။

 

ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘတ်ပေဟာ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ပြုလုပ်ထားပေမဲ့ ပင်နယ်တီသွင်းဂိုး ၁ ဂိုးသာရရှိထားပါတယ်။ ပြင်သစ်အနေနဲ့ ဗိုလ်လုပွဲတက်ခွင့်ရဖို့အတွက်ဆိုရင် အဓိကနောက်ခံလူနှစ်ယောက်ကို ဆုံးရှုံးထားတဲ့ စပိန်ခံစစ်ကို Open Play ကနေ ဂိုးရအောင်သွင်းနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ကစားသမားအင်အားနဲ့ လက်ရှိခြေစွမ်းတွေအရ အချိန်ပိုထိရောက်ဖို့ ရှိနေပြီး ဗိုလ်လုပွဲရောက်မယ့်အသင်းဆိုရင်တော့ ပြင်သစ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။

 

ခန့်မှန်းချက် – စပိန် ၁ – ၂ ပြင်သစ်

 

ဓာတ်ပုံ – Opta