ပျဉ်ပုံပျူစောထီးကျေးရွာကို ဒေသတွင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် ပျူစောထီး တစ်ဦးသေ

Published on Jun 09, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြိုနယ်၊ ပျဉ်ပုံ ပျူစောထီး(ပြည်သူ့စစ်) ကျေးရွာကို ဇွန်လ ၇ ရက်နေ့ မနက် ၅ နာရီ ၁၃ မိနစ်အချိန်မှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ပျူစောထီး တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ Phoneix DF တပ်ဖွဲ့ဆီက သိရပါတယ်။

 

အဲဒီရွာမှာ စစ်ကောင်စီတပ်က ဂိတ်စခန်းချထားပြီး စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားအင်အား (၁၀) ခန့်နေထိုင်နေပပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာ ပြန်ပစ်တာမျိုးမရှိဘဲ လက်နက်ကိုင်ဆောင်ထားသူ  ပျူစောထီးတွေဟာ ထွက်ပြေးကြပြီး ပျူစောထီး ကိုကျော်နိုင်ဦးကတော့ အဆိုပါတိုက်ပွဲနေရာမှာပဲ သေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါ သတင်းတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

“ အဲ့ဒီရွာမှာ ဂိတ်စခန်းရှိတယ်လို့လည်း သိရပါတယ် စစ်​ေ-ွးနဲ့ရဲ​ေ-ွး ဆယ်ကောင်လောက် နေတယ်လို့ လည်း သိရပါတယ် ကျွန်တော်တို့ တပ်ဖွဲ့တွေဝင်ပစ်တောင် တစ်ယောက်မှ ပြန်ပစ်တာမျိုးမရှိခဲ့ဘူး လက်နက်ကိုင်ထားသူ တချို့က ထွက်ပြေးတယ် သေဆုံးတာကတော့ မျက်မြင်ပါ” လို့ သူကဆိုပါတယ်။

 

ပျဉ်ပုံကျေးရွာဟာ စစ်တပ်ထောက်ခံတဲ့ရွာဖြစ်ပြီး ကိုငနိုင်၊ ကိုချမ်းအေး၊ကိုဖိုးပေါက်နဲ့ ကိုခင်မောင်ဦးတို့က ခေါင်းဆောင်တွေဖြစ်ကြကာ ရွာရှိ လူငယ်၊ လူလတ်အားလုံးနီးပါးက (ပျူစောထီး) ပြည်သူ့စစ်သင်တန်း တက်ရောက်ထားပြီး အင်အား ၉၀ အထက်မှာ ရှိတယ်လို့  Phoneix DF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျူပီတာက ဆိုပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးအလောင်းနဲ့ ဒဏ်ရာရလူနာတွေကို စစ်ကောင်စီတပ်က နတ်တလင်းမြို့ပေါ်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ပျဉ်ပုံကျေးရွာကို တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာပဲ အဝင်အထွက်ပိတ်လိုက်တယ်လို့ သိရပါတယ်။

 

တိုက်ခိုက်မှု နတ်တလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ)၊ တပ်ရင်း-၃၈၀၁၊ တပ်ခွဲ(၂) Phoenix D F၊ တပ်ခွဲ(၃) နတ်စစ်သည်၊ တပ်ခွဲ(၄) Bamar Revolution Army (BRA) နှင့် AYEYAR NYI NAUNG စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ဓာတ်ပုံ – Phoneix DF