“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇွန် ၂ ရက်မှ ၈ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jun 09, 2024

ဒီတစ်ပတ်(ဇွန် ၂ ရက်မှ ၈ ရက်အထိ)အတွင်း ကမ္ဘာကြီးထဲ ထူးခြားသတင်းတွေ များခဲ့ပြီး အထူးခြားဆုံးအနေနဲ့ ဒုတိယကမ္ဘာစစ် D-Day နေ့ နှစ် ၈၀ ပြည့်ခဲ့သလို တီယန်နန်မင် အရေးအခင်းလည်း ၃၅ နှစ်ပြည့်ခဲ့တဲ့သတင်းတွေ ထူးခဲ့သလို “ကမ္ဘာကြီး ကပ်ကြီးသုံးပါးလုံး စိုက်နေပြီလော” ဆိုတဲ့ UNICEF ရဲ့ ငတ်မွတ်ခေါင်းပါးခြင်းတွေ့ရှိချက်အစီရင်ခံစာသတင်း၊ မြောက်ကိုရီးယားခေါင်းဆောင်ကို သွားတွေမယ့် ပူတင်သတင်း၊ ထရမ့်ရဲ့ ၃၄ မှုအပြစ်ရှိတယ်လို့ဆုံးဖြတ်မှုအပြီး ပထမဆုံးမဲဆွယ်ပွဲ၊ အိန္ဒိယမှာ မိုဒီ မင်းသား၊ မင်းသား မိုဒီ ဆက်ဖြစ်တဲ့သတင်း၊ မက္ကဆီကိုမှာ ပထမဆုံး အမျိုးသမီး သမ္မတ တက်လာတဲ့သတင်းတွေအပြင် ကမ္ဘာ့ထိပ်တန်းရောက် သတင်းတွေကို CJ Platform ရဲ့ တစ်ပတ်အတွင်းသတင်းကဏ္ဍကနေ ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“ကမ္ဘာကြီး ကပ်ကြီးသုံးပါးလုံး စိုက်နေပြီလော”

 

ကမ္ဘာ့လူထုဟာ ၂၀၁၉ နှစ်ကုန်ပိုင်းကစလို့ ကိုဗစ် ၁၉ ဆိုတဲ့ ရောဂန္တရကပ်ကိုရင်ဆိုင်ခဲ့ရတာအခုထိပါပဲ။ နောက် ရုရှား-ယူကရိန်း စစ်၊ အစ္စရေး-ဟားမက်စ် စစ်တို့နဲ့အတူ တောင်-မြောက် ကိုရီးယားတင်းမာမှု၊ မြန်မာမှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်တဲ့ စစ်ပွဲတွေနဲ့အတူ သတ္တန္တရကပ်ဘေး ဆိုက်နေရတာပါ။

 

အခုအခါမှာလည်း ကမ္ဘာ့နိုင်ငံအတော်များများမှာ အစာရေစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေကြရပါပြီ။

 

အခုလည်း UNICEF ရဲ့ နောက်ထပ် တွေ့ရှိမှုအနေနဲ့ ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၄ ယောက်မှာ တစ်ယောက်က နွမ်းပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အလူးအလဲ ခံစားနေရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ အလွန်အမင်း အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးငယ်မျာ်ဆိုင်ရာရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ပါတယ်။

 

ကမ္ဘာတဝန်း အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ၂၇ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ကလေးငယ် ၁၈၁ သန်းဟာ UNICEF က သတ်မှတ်ထားတဲ့ နေ့စဉ်စားသင့်တဲ့ အစာအမျိုးအစား ၈ မျိုးထဲမှာ၊ ၂ မျိုးထက် ပို မစားနိုင်ကြဘူးလို့ ကြာသပတေးနေ့ ဇွန် ၆ ရက်က ထုတ်ပြန်တဲ့ UNICEF က အစီရင်ခံစာထဲကနေ ထောက်ပြခဲ့ပါတယ်။

 

ဒီလို လိုအပ်တဲ့ အစားအစာ မရဘဲ အာဟာရချို့တဲ့နေတဲ့ ကလေးတွေရဲ့ သုံးပုံ နှစ်ပုံဟာ တောင်အာရှနဲ့ အာဖရိက ဆာဟာရ သဲကန္တာရ တောင်ပိုင်းနိုင်ငံတွေက ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ ပါဝင်တယ်လို့ UNICEF က ဆိုပါတယ်။

 

ဒါကြောင့် အစိုးရတွေ၊ လူသားချင်းစာနာ အကူအညီပေးရေး အဖွဲ့တွေ၊ အစားအသောက် လုပ်ငန်းတွေနဲ့ သတင်းမီဒီယာတွေ အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူ အားလုံးက ဒီပြဿနာကို ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းကိုင်တွယ်ကြဖို့လည်း UNICEF က တိုက်တွန်းထားပါတယ်။

 

အဲဒီလိုပဲ အစ္စရေးရဲ့ ဟားမက်စ်အမြစ်ပြတ်ရေး စစ်ဆင်ရေးတွေဆင်နွှဲခံနေရတဲ့ ဂါဇာဒေသက ကလေးငယ် ဆယ်ဦးမှာ ကိုးဦးဟာ အစာအာဟာရ ပြည့်ပြည့်ဝဝမရဘူးလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့(UNICEF)က ကြာသာပတေးနေ့ ဇွန် ၆ ရက်မှာ ပြောကြား လိုက်ပါတယ်။

 

အဲဒီကကလေးတွေဟာ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးလာဖို့ လုံလောက်တဲ့ အာဟာရဖြစ်စေမယ့် အစားအစာတွေ မစားနိုင်ကြဘူးလို့ ထုတ်ပြောလာတာပါ။

 

“ဂါဇာဒေသမှာ လနဲ့ချီပြီး ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အစားအသောက်နဲ့ ကျန်းမာရေးစနစ်တွေအားလုံး ပြိုလဲ ပျက်စီးခဲ့ရပြီး အဲဒီဒေသက ကလေးသူငယ်တွေနဲ့ သူတို့တွေရဲ့ မိသားစုတွေအတွက် ကပ်ဘေးဆိုးကြီး ဖြစ်ပွားခဲ့ရပါတယ်” လို့ UNICEF က ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ဂါဇာကို အထောက်အပံ့ ပို့နိုင်ဖို့ ဆိပ်ခံတံတားတွေ တပ်ဆင်ပြီးစီးလို့ အမေရိကန်ဘက်က သောကြာနေ့ ဇွန် ၇ ရက်က ဆိုလာပါတယ်။

 

မေလကုန်ပိုင်းမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ဂါဇာမှာ အမေရိကန်တည်ဆောက်နေတဲ့ ဆိပ်ကမ်းကနေ ရေလမ်းကလာတဲ့ အထောက်အကူပစ္စည်းတွေ ပြန်တင်ပို့နိုင်အောင် ယာယီဆိပ်ကမ်းကို အသုံးပြုဖို့ လုပ်ပေးထားပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

 

လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စားသောက်ကုန်နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ဂါဇာထဲကို စပြီး တင်ပို့ပေးနိုင်တော့မှာဖြစ်ပါတယ်။

****************************************

 

“မသူတော်ချင်းချင်း မြောက်ကိုရီးယားမှာ သတင်းလွေ့ကြဦးမလား”

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ပူတင်-ကင်ဂျုံအန် အတွဲ ရုရှားမှာ တွေ့ဆုံခဲ့ကြပါတယ်။ အခုတော့ မြောက်ကိုရီးယားမြေမှာ ထပ်တွေ့ကြဦးမလား။ ကမ္ဘာ့အန္တရာယ်ရှိခေါင်းဆောင်တွေအဖြစ် အများရှုမြင်ကြတဲ့သူတွေ ထပ်ပြီး မသူတော်အချင်းချင်း သတင်းလွေ့ကြဦးမလား။ အားလုံးက စောင့်ကြည့်နေကြပါတယ်။

 

သူတို့တွေ့မှာနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မြောက်ကိုရီးယားကို သတိပေးပြောကြားတာမျိုးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်ကို မပံ့ပိုးဖို့ မြောက်ကိုရီးယားကို ကန်သမ္မတက သတိပေးလိုက်တာပါ။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင်ကို ဖိတ်ကြားခဲ့လို့ ရုရှားသမ္မတဟာ မြောက်ကိုရီးယားကို သွားဖို့ပြင်နေပြီလို့ သတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရက်အတိအကျတော့ ထွက်မလာသေးပါဘူး။ ပူတင်ဟာ မြောက်ကိုရီးယားအပြင် အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်ကိုပါ သွားဖို့ရှိတယ်လို့ ဆိုကြပါတယ်။

****************************************

 

“အပြစ်ရှိသူ ထရမ့်ရဲ့ ဖီးနစ်က ပထမဆုံးလူထုတွေ့ဆုံပွဲ”

 

စွဲထားတဲ့ ၃၄ မှုလုံးမှာ အပြစ်ရှိတယ်လို့ နယူးယောက်တရားရုံးက ဆုံးဖြတ်ခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း ထရမ့်ဟာ သူသမ္မတ နောက်တစ်ကြိမ်ဖြစ်ခွင့်ရရေး ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

 

ဒီလိုဆုံးဖြတ်ခံရပြီး ပထမဆုံးအနေနဲ့ လူထုမဲဆွယ်ပွဲကို သောကြာနေ့ ဇွန် ၇ ရက်က အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ထဲ မဲဆွယ်ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

 

အဲဒီမှာ ဒေသနေ့အပူချိန် ၄၄ ဒီဂရီဆဲလ်ဆီးယက်အထိ မြင့်တက်ခဲ့လို့ ဒေါ်နယ်လ် ထရမ့်ရဲ့ လူထုစည်းရုံးပွဲ တက်ရောက်လာသူ တစ်ဒါဇင်နီးပါး အပူဒဏ်သင့်ခဲ့တာကြောင့် ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ပွဲတက်လာသူ လူ ၁၁ ဦးဟာ ချွေးထွက်လွန်တာ၊ မောပန်းနွမ်းနယ်တာတွေကြောင့် ကုသမှု ခံယူခဲ့ရပြီး နှစ်ယောက်ကတော့ ဆေးရုံတင်လိုက်ရပါတယ်။

 

အရီဇိုးနားမှာ နွေရာသီ ဝင်ပြီလို့မသတ်မှတ်ခင် နှစ်ပတ်အလိုမှာပဲ အပူချိန်က ဆိုးဆိုးရွားရွား စတင်မြင့်တက်နေပြီဖြစ်ပါတယ်။ အဲဒီနေ့တုန်းက ဖီးနစ်မြို့မှာ ဒေသခံတွေအနေနဲ့ တတ်နိုင်သမျှ အပြင်ထွက်တာကို လျှော့ချဖို့၊ ရေများများ သောက်ကြဖို့ မြို့အာဏာပိုင်တွေက တိုက်တွန်းထားတဲ့ကြားက ထရမ့်ကို ထောက်ခံသူတွေ စုဝေးခဲ့ကြတာပါ။

 

အဲဒီတွေ့ဆုံပွဲမှာ ထရမ့်ဟာ မိနစ် ၉၀ လောက်အထိကြာအောင် ဟောပြောခဲ့ပြီးနောက် ဆန်ဖရန်စစ္စကိုမြို့ဆီ ခရီးဆက်လက်ထွက်ခွာသွားပါတယ်။

****************************************

 

“D-Day နဲ့အမြတ်ထွက်သွားတဲ့ ယူကရိန်း”

 

ဇွန် ၆ ရက်က ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေမှာ ဒုတိယကမ္ဘာစစ်ရဲ့ D-Day နေ့ နှစ် ၈၀ ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

 

အဲဒီမှာ အမြတ်ထွက်သွားသူကတော့ ရုရှားကျူးကျော်စစ်ခံထားရတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးပဲဖြစ်ပါတယ်။ ဒုတိကကမ္ဘာစစ်က စစ်ပြန်ကြီးတွေဟာ သူ့ကို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့ကြသလို ဥရောပကို ကာကွယ်နေသူလို့ အမွှမ်းတင်ပြောတာလည်း ခံခဲ့ရပါတယ်။

 

အဲဒီမှာ အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံခဲ့ကြပြီး အမေရိကန်က ယူကရိန်းအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂၂၅ သန်း ပေးသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

 

သူတို့နှစ်ယောက်ဟာ D-Day နှစ် ၈၀ ပြည့်အခမ်းအနားကျင်းပပြီး နောက်ရက်ဖြစ်တဲ့ ဇွန် ၇ ရက်က ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

 

ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့နိုင်ဖို့ အမေရိကန်လွှတ်တော်မှာ လွှတ်တော်အမတ်တချို့ကြောင့် အတည်မပြုနိုင်ဘဲ ကြန့်ကြာခဲ့တဲ့အပေါ် သမ္မတ ဘိုင်ဒန်က ယူကရိန်းသမ္မတကို တောင်းပန်ခဲ့သလို ယူကရိန်းကို အမေရိကန်က လစ်လျူရှုထားမှာ မဟုတ်ဘဲ အကူအညီတွေ ဆက်ပေးသွားမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောသွားခဲ့ပါတယ်။

 

သမ္မတ ဇလန်းစကီးကလည်း အမေရိကန်ရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ ဆက်လက်ပြီး ရပ်တည် ပံ့ပိုးပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

****************************************

 

“မိုဒီပဲ မင်းသားဆက်ဖြစ်တဲ့ အိန္ဒိယရွေးကောက်ပွဲ”

 

အိန္ဒိယနိုင်ငံရဲ့ လူထုရွေးကောက်ပွဲကြီးကတော့ ရက်သတ္တပတ် ခြောက်ပတ်အကြာ ဇွန်လဆန်းပိုင်းထဲ ပြီးဆုံးသွားခဲ့ပါပြီ။ အဲဒီမှာ မင်းသားကြီး မိုဒီတို့ကပဲ သုံးကြိမ်ဆက် ဦးဆောင်ခွင့်ရရှိသွားခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မိုဒီတို့ရဲ့ Bharatiya Janata Party (BJP) ပါတီဟာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ အတိုက်အခံပါတီတွေထက် မဲအနည်းငယ်အသာလေးပဲရပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ခွင့်ရသွားကြတာပါ။

 

အတိုက်အခံတွေရဲ့ ပြင်းပြင်းထန်ထန် စိန်ခေါ်လာနိုင်မှုနဲ့အတူ အာဏာရ BJP ပါတီရဲ့ အနိုင်ရယူနိုင်တဲ့ နေရာအရေအတွက် သိသိသာသာကျဆင်းခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

 

အိန္ဒိယအကြီးအကဲ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party(BJP) ပါတီက ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီမဟာမိတ်အဖွဲ့(NDA)အင်အားစုတွေက လွှတ်တော်မှာ နေရာအနည်းငယ်အသာနဲ့ အနိုင်ရခဲ့ပါတယ်။

 

သူတို့ဟာ အောက်လွှတ်တော်မှာ ရွေးကောက်ခံ ၅၄၃ နေရာအနက် ၂၉၄ နေရာ ရရှိခဲ့တာပါ။ ဒါပေမဲ့ ဒီအရေအတွက်ဟာ ရွေးကောက်ပွဲ သုံးကြိမ်အတွင်း အနိမ့်ဆုံးအနိုင်ရတဲ့အရေအတွက်ဖြစ်ခဲ့ပါတယ်။

BJP ပါတီအနေနဲ့ အမတ်နေရာ ၂၄၀ ကိုပဲအနိုင်ရရှိခဲ့ပြီး တစ်ပါတီတည်း အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၂၇၂ နေရာကို မရခဲ့ပါဘူး။ ဒါဟာ ၂၀၁၉ ခုနှစ်တုန်းက အနိုင်ရရှိခဲ့တဲ့ ၃၀၃ နေရာထက် အများကြီးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

 

ဒါကြောင့် ဆယ်စုနှစ်တစ်ခုကြာ အာဏာရယူထားတဲ့ ဝန်ကြီးချုပ်မိုဒီဟာ အစိုးရဖွဲ့နိုင်ဖို့အတွက်ကို မဟာမိတ်ပါတီတွေကိုအားကိုးခဲ့ရပြီး ဒါဟာ သူ့အပေါ် လူထုထောက်ခံနှစ်သက်မှုလျော့နည်းလာတာကို ထင်ဟပ်စေပါတယ်။

 

ဒါပေမဲ့ မိုဒီကတော့ ရွေးကောက်ပွဲမဲရလဒ်တွေကြေညာအပြီးမှာပဲ “လူထုက NDA ကို သုံးကြိမ် ဆက်တိုက်ယုံကြည်ခဲ့ကြတာဟာ အိန္ဒိယရဲ့ သမိုင်းဝင်စွမ်းဆောင်မှုတစ်ခု” လို့ ကြွေးကြော်ခဲ့ပါတယ်။

****************************************

 

“မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ”

 

နောက်ထပ်ကမ္ဘာ့နိုင်ငံတွေထဲ ထူးထူးခြားခြားရွေးကောက်ခံရသူတစ်ဦးလည်းရှိနေပါသေးတယ်။ ၎င်းကတော့ မက္ကဆီကိုနိုင်ငံမှာ သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီး သမ္မတ ရွေးကောက်ခံရသူ မစ္စ ကလော်ဒီရာ ရှိန်းဘောင်းပဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇွန် ၂ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကလော်ဒီယာက ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ရခဲ့တာပါ။ မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်သူ သူမအနိုင်ရပြီးနောက်မှာပဲ လူတွေ လမ်းမပေါ်ထွက် ညဉ့်နက်တဲ့အထိ အောင်ပွဲခံခဲ့ကြပါတယ်။

 

သူမ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရလိုက်အပြီး ငွေကြေးဈေးကွက်လည်း ချက်ချင်းဆိုသလို အပြောင်းအလဲဖြစ်ပေါ်ခဲ့ရပါတယ်။

 

သမိုင်းဝင် ဒီရွေးကောက်ပွဲမှာ မစ္စ ကလော်ဒီယာ အနိုင်ရလိုက်တဲ့ပေါ် အိမ်နီးချင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူးဂုဏ်ပြုပါတယ်။ နောက်ပြီး ဘိုင်ဒန်က “လုပ်ဖော်ကိုင်ဖက်အဖြစ်ရော၊ မိတ်ဆွေနိုင်ငံအဖြစ်နဲ့ပါ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်တဲ့အကြောင်း” ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် တရုတ်၊ ကနေဒါ၊ ဘရာဇီးလ် အကြီးအကဲတွေကလည်း သူမကို ချီးကျူးဂုဏ်ပြုစကားတွေ အသီးသီး ပြောကြားခဲ့ကြပါတယ်။