အိမ်ရှေ့မှာ ဆော့နေတဲ့ သုံးနှစ်သားကလေးငယ်တစ်ဦး သဲကားကြိတ်မိလို့ သေဆုံး

Author  Gold
Categories
Published on May 09, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်းဒေသ၊ တပ်မဟာ (၁) စစ်ဒေသ မူဆယ်မြို့မှာ မေ ၇ ရက် မနက် ၁၁ နာရီခန့်က သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ကားကြိတ်မိပြီး သေဆုံးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက မနေ့ မေ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

သဲတွေတင်ဆောင်လာတဲ့ ဖောကားတစ်စီးဟာ တောင်အတက်မှာ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်လာတာကြောင့် အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ ကလေးငယ်ကို ကြိတ်မိ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

 

သဲကားနဲ့ကြိတ်မိတဲ့ ကလေးငယ်လေးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့အတွက် သေဆုံးရုပ်အလောင်းကို မူဆယ်မြို့ လူမှုကူညီရေးအသင်းက မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်း တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့နယ်ရှိ မန်စပ်ရွာသားနှစ်ဦးဟာ မေ ၁ ရက် ညနေ ၃ နာရီလောက်မှာ ရွာရဲ့  နှစ်မိုင်အကွာ လမ်းဘေးတစ်နေရာမှာ မိုင်းတစ်လုံးတွေ့ရှိခဲ့တာကြောင့် ကျေးရွာအနီးက ချောင်းရှိတဲ့နေရာကို သွားရောက်ဖောက်ခွဲဖို့ ကြိုးစားရင်း လမ်းမှာ ပေါက်ကွဲပြီး လူငယ်နှစ်ဦး  မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- TNLA