ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းတာကို တော်လှန်ရေး အင်အားစုဘက်က ငြင်းပယ်

Author အဂ္ဂ
Categories
Published on May 08, 2024

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ကြိုးပမ်းမှုကို တော်လှန်ရေးအင်အားစုတွေဘက်က ပယ်ချခဲ့တယ်လို့ ထိုင်းဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ ဧပြီလ သင်္ကြန်ပွဲတော်ရက်တွေ အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ (EAOs)၊ ဒေါ်အောင်ဆန်းစုကြည်ကိုလိုလားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့နဲ့ ချင်းမိုင်မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

သက်ဆင်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့စဉ်က လက်ရှိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြင် အခြား စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ဖူးပြီး အခုလက်ရှိမှလည်း စစ်အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေ အကြားပြေလည်အောင် ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။

 

သက်ဆင်ပါဝင်တဲ့ ဆွေးနွေးပွဲက နှစ်ခါခွဲပြီး ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

 

ဧပြီလ ၁၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO) တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒုတိယအကြိမ်မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သက်ဆင်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ မြန်မာနိုင်ငံရဲ့ သက်တမ်းအကြာဆုံးနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားအဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့လည်း ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

 

မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းအားလုံးအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆင်ပြေ ချောမွေ့စေဖို့အတွက် သက်ဆင်က သူ့ကိုယ်သူ ကြားဝင်စေ့စပ်ပေးသူအဖြစ် ကမ်းလှမ်းထားတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အသိုင်းအဝိုင်းဘက်က ပြောပါတယ်။

 

၂၀၂၁ ခုနှစ်အာဏာသိမ်းဖြစ်စဉ်အပြီးမှာ နိုင်ငံတဝှန်းအကြမ်းဖက်မှုတွေ သုံးနှစ်ကျော်အထိ ဆက်လက်ဖြစ်ပျက်နေပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ငါးချက်အကောင်အထည် ဖော်ဖို့မဖြစ်နိုင်တော့တဲ့နောက်မှာ အခုလို သက်ဆင်ရဲ့ ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးပမ်းမှု ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ သက်ဆင်ရဲ့ လုပ်ဆောင်မှုတွေဟာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အကြီးအကျယ် ဝေဖန်မှုတွေကိုပဲ ရရှိခဲ့တယ်လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။၊

 

တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ပဋိပက္ခတွေ အပေါ် သက်ဆင်ရဲ့ နားလည်သဘောပေါက်မှုကို သံသယရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

EAOs ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ခဲ့တဲ့ကိစ္စကလည်း အလောသုံးဆယ်နိုင်လှပြီး ဘယ်အဖွဲ့တွေကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကိုလည်း သေချာသိရှိပုံလည်း မရပါဘူးလို့ ဆိုထားပါတယ်။ ကချင်အမျိုးသား အစည်းအရုံး (KNO) ကိုလည်း အင်အားကြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် လွဲမှားနေပုံရပါတယ်။ တကယ်တော့ KNO ဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေး အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။

 

“သက်ဆင်ဟာ သူ့ကိုယ်သူ လုပ်ပိုင်ခွင့် အပြည့်အဝရထားတဲ့ ကြားဝင်စေ့စပ်ပေးသူတစ်ယောက်လို့ သတ်မှတ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ တရားဝင်စာရွက်စာတမ်းတစ်စောင်ကို အဖွဲ့အစည်းအသီးသီး လက်မှတ်ထိုးဖို့အတွက် ယူလာခဲ့ပါတယ်”လို့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“သူယူလာတဲ့ စာရွက်စာတမ်းမှာ ဘယ်အဖွဲ့ကမှ လက်မှတ်မထိုးခဲ့ပါဘူး”လို့ အဆိုပါ သတင်းရင်းမြစ်က ထိုင်းအစိုးရကို စိတ်ပျက်စေနိုင်တဲ့ စိုးရိမ်မှုကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

 

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သက်ဆင်ရဲ့  ကြားဝင်စေ့စပ်မှုဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံရဲ့ တရားဝင်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ကြောင်း အင်္ဂါနေ့(မေ ၇ ရက်)မှာ ပြောကြားခဲ့ပါတယ်။

 

“လောလောဆယ် ကျွန်တော်တို့ လုပ်နိုင်တာက စောင့်ကြည့်ဖို့ပါပဲ၊ EAOs တွေနဲ့ NUG တို့ဟာ တစ်ဖွဲ့ချင်းစီခွဲပြီး သီးခြားငြိမ်းချမ်းရေးဆွေးနွေးတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ လူမျိုးစုအားလုံး အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အစုအဖွဲ့အနေနဲ့သာ ဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်”လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

 

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

 

ကိုးကား – Nation Thailand

 

ဓာတ်ပုံ- Sirachai Arunrugstichai / Getty Image