တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ပစ်ကပ်ကား တိမ်းမှောက်ရာမှ ၁၂ ဦး ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on May 08, 2024

ထိုင်းနိုင်ငံ၊ တာ့ခ်(Tak)ခရိုင်၊ ဖို့ဖရာမြို့နယ်၊ ခီရီရတ်ကျေးရွာ အနီး  မဲဆောက်-အုန်းဖြန် ကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့ မေလ ၇ ရက် မနက်ပိုင်းက တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ပစ်ကပ်ကားကို တစ်စီး တိမ်းမှောက်ခဲ့ရာမှ ကားပေါ်လိုက်ပါလာတဲ့  မြန်မာနိုင်ငံသား လုပ်သား ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

မဲဆောက်-အုန်းဖြန် ကားလမ်းပေါ်က စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဉ်မှာ တာဝန်ရှိသူတွေက တားဆီးစစ်ဆေးတာကို ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးခဲ့ရာကနေ စစ်ဆေးရေးဂိတ်အလွန် ကီလိုမီတာ ၅၀၀ခန့်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ တာ့ခ်ခရိုင် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ဒီလို ယာဉ်တိမ်းမှောက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဖို့ဖရာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပြီး သူတို့ကို ခေါ်ဆောင်လာပေးတဲ့ ယာဉ်မောင်းဖြစ်သူဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

 

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာ ၁၂ ဦးအနက် အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၄ ဦးကို ကနဦး ဒဏ်ရာများ သက်သာပျောက်ကင်းအောင် ကုသပေးပြီးပါက တရားမဝင် ဝင်ရောက်လာမှုအတွက် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေများနှင့် အညီ အရေးယူသွားမယ်လို့ အာဏာပိုင်များရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ ကလည်း တာ့ခ်ခရိုင်အတွင်း မတူညီတဲ့ နေရာ နှစ်ခုမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသမီး ၂၀ ဦးအပါအဝင် စုစုပေါင်း မြန်မာနိုင်ငံသား ၇၂ ဦးကို တာ့ခ်ခရိုင် နယ်မြေရဲများ နဲ့ လူဝင်မှုကြီးကြပ်စစ်ဆေးရေး အရာရှိများက ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

 

ဓာတ်ပုံ- Right Now News

 

ပုံစာညွှန်း- တိမ်းမှောက်ခဲ့သော မော်တော်ယာဉ်ကို မြင်ရပုံ