အုတ်ဖိုမှာ ထွက်ပြေးစစ်မှုထမ်းစုဆောင်းခံရသူတွေရဲ့ မိသားစုဝင်တွေကို စစ်တပ်ဖမ်းဆီး

Published on May 08, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေမှာ သင်္ကြန်ကာလနောက်ပိုင်းကစလို့  စစ်မှုထမ်းအပတ်စဉ်(၂)အတွက် လူငယ်လူရွယ်တွေ အဓမ္မစစ်သားစုဆောင်းခြင်းခံနေကြရတာပါ။

 

အဲဒီထဲက ထွက်ပြေးသူအချို့ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ကိုလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပဲခူးတိုင်းထဲက စစ်မှုထမ်းစုဆောင်းခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခမရ(၆)တိမ်မြုတ်တပ်ထဲကိုခေါ်ဆောင်သွားပြီးနောက် သာယာဝတီဆေးရုံမှာ ဆေးစစ်ပေးပြီး စစ်မှုထမ်းဖို့ အင်းမတပ်ဘက်သို့ လွှဲပြောင်းတာမျိုးတွေရှိတယ်လို့ အဲဒီအခြေနေကို သိထားတဲ့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီလို စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့အထဲက ဧပြီလထဲ တိမ်မြုတ်တပ်က နှစ်ယောက်နဲ့ အင်းမတပ်ထဲက လေးယောက်ထွက်ပြေးသွားတာကြောင့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို အစားထိုးခေါ်ဆောင်ဖမ်းဆီးသွားတယ်လို့ အုတ်ဖိုဒေသခံတစ်ဦးက ပြောပါတယ်။

 

“တစ်ပတ်ဆယ်ရက်လောက်က တိမ်မြုတ်တပ်ထဲက နှစ်ယောက်ထွက်ပြေးတယ်။ တိမ်မြုတ်ကနေ အင်းမကို ရွှေ့တဲ့ထဲက လေးယောက်ထွက်ပြေးတယ်” လို့ သူက ပြောပါတယ်။

 

အင်းမတပ်ထဲက ထွက်ပြေးသွားသူတွေမှာ ကြက်ဆူတောရွာက နှစ်ယောက်၊ အောက်တဲရွာမှ တစ်ယောက်၊ ဂွေးချောင်းရွာမှ တစ်ယောက်တို့ဖြစ်တယ်လို့ သတင်းရပါတယ်။

 

ကြက်ဆူတောရွာမှ နှစ်ယောက်အနက် တစ်ဦးရဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတဲ့အတွက် ယောက္ခမကိုဖမ်းဆီးခဲ့သလို နောက်တစ်ယောက်အတွက် မိခင်ကိုဖမ်းဆီးခဲ့တဲ့အပြင် အောက်တဲကျေးရွာက ထွက်ပြေးသူအစား ဖခင်တို့ကို ဧပြီလ ၅ ရက်နေ့က တိမ်မြုတ်တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီသတင်းကို သိရှိထားသူ အမျိုးသားက CJ Platform ကိုပြောပါတယ်။

 

ဂွေးချောင်းကျေးရွာက အစားထိုးဖမ်းဆီးခံရသူ မည်သူမည်ဝါဆိုတာကိုတော့ မသိရသေးဘူးလို့ အဲဒီကဒေသခံက ဆက်ပြောပါတယ်။

 

အစားထိုးဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ယနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း သိရပါတယ်။

 

ပဲခူးတိုင်းမှာ စစ်မှုထမ်းအပတ်စဉ် (၂)အတွက် ဧပြီ ၂၀ ရက်နေ့မှစတင်ကာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်း၊ မတရားလိုက်လံဖမ်းဆီးခြင်းများပြုလုပ်ကာ စစ်ဆေးရုံများသို့ ခေါ်ဆောင်သွားပြီး ဆေးစစ်ခြင်းများ လုပ်ဆောင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူများပြားလာကာ ဒေသတွင်းရှိ တော်လှန်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ ဝင်ရောက်လာသူတွေအများအပြားရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စုဆောင်းခံထားရတဲ့ အမျိုးသားတွေ တွေ့ရစဉ်