စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရလို့ မသင်္ကာသူဆိုပြီး လူငယ်နှစ်ဦးအဖမ်းခံရ
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာထိပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေလ ၇ ရက် ည ၁၂ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဟာ ကွမ်းခြံရွာက ဒေသခံ လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ၈ ရက် နေ့လယ်က စစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်ယူ ဆွမ်းပို့လုပ်နေသူ ကုလားလေး (၁၆) နှစ်ခန့်နဲ့ ဘုန်းကြီးကျောင်းရှေ့မှာ သွားလာနေသူ ကိုဝဏ္ဏာထက်(၁၈)နှစ်ခန့်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ CJ Platform ရဲ့ ခိုင်မာတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
“ အခု ဖမ်းခေါ်သွားတဲ့ ကလေးကကျောင်းပေါ်မှာ အိပ်နေတာ။ ဒီဖြစ်စဉ်တွေ သူဘာမှမသိဘူး။ ဘုန်းကြီးကလည်းတားတာပေါ့။ ငါ့ကျောင်းလာတဲ့ကလေးတွေပါ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောလည်း မရဘူး။ နောက်ဖမ်းခံရတဲ့တစ်ဦးမှာဆို လက်ချောင်းလေးတွေမရှိဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ အသက်မပြည့်သေးတဲ့ ကုလားလေး (၁၆) နှစ်ခန့်နဲ့ ကိုဝဏ္ဏထက် (၁၈) နှစ်ခန့်တို့ဖြစ်ပြီး ဂိတ်ကိုလာရောက်ပစ်ခတ်သူတွေဟာ ဘုန်းကြီးကျောင်းဘက်အနီးနားက လာရောက်တာကြောင့် မသင်္ကာမှုနဲ့ ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီဂိတ်အတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ လက်ပံတန်းမြို့နယ်ရှိ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
“သေတာကတော့ ငါးဦး၊ သုံးဦးက ဒဏ်ရာပြင်းထန်တယ်။ ၇ ဦးက မစိုးရိမ်ရဘူးလို့ သိရတယ်။ သူတို့က ခု ဘာမှမဖြစ်သလိုပဲ သတင်းဖုံးထားတယ်” လို့ သူက ဆိုပါတယ်။
စစ်ဆေးရေးဂိတ်ဟာ အာဏာသိမ်းပြီးကတည်းက လက်ပံတန်းမြို့ဝင်/မြို့ထွက်ကို စစ်ဆေးနေတာဖြစ်ပြီး ပျူစောထီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးခန့်ကို လက်ပံတန်းမြိုနယ်၊ တပ်ရင်းအမှတ်-၂ ခွဲ-၆-ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် (၂) တပ်ရင်း တပ်ခွဲ(၂/၃)နဲ့ အမှတ်(၃) တပ်ရင်း Myanmar Defense Force တို့က မေလ ၇ ရက် ညသန်းခေါင် ၁၂ နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးသေဆုံးတဲ့အပြင် သုံးဦးအပြင်းအထန်ရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
“အဲဒီဂိတ်က မြို့ထဲအဝင်အထွက်တွေ စစ်တာကြာပြီ။ ခုဆို ပျူစောထီးတွေပဲများတယ်။ ကနဦးတုန်းက ၇ ဦးသေတယ်လို့ သတင်းရတာ။ ခုတော့ အတိအကျသိရပြီ ငါးဦးသေတယ်။ သုံးဦးပြင်းထန်လို့ သိရတယ်” လို့ ဆိုပါတယ်။
အပြန်အလှန်ဖြစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာပြီးနောက် လက်ပံတန်းမြို့ပေါ်က ရဲတွေ ကားအနက်ရောင်နဲ့ စစ်ကူရောက်လာသလို သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို ည ၁ နာရီလောက်မှာ လက်ပံတန်းမြို့ဘက်ကို သယ်ဆောင်သွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာလာနိုင်တယ်လို့ အဲဒီရဲဘော်က ဖြည့်စွက်ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းခေါ်သွားတဲ့ လူငယ်လေးတွေကို ခုချိန်ထိ လွှတ်မပေးသေးဘဲ ကွမ်းခြံကျေးရွာထိပ်က ဂိတ်ထဲမှာ ဖမ်းဆီးထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဂိတ်မှာ ပြန်လည်နေရာချထားပြီး ခုလက်ရှိမှာ အခြေနေငြိမ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၁၉ ရက်က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ငှက်ပျောတုံးကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်