ပုလဲ၊ လုပ်သားရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်း မီးဝင်ရှို့လို့ နေအိမ် ငါးဆယ်ခန့် ပျက်စီးဆုံးရှုံး

Author မင်းထက်
Categories
Published on May 09, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လုပ်သားရွာကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ရွာထဲကို စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် အလုံးငါးဆယ်လောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

 

မနေ့ မေလ ၈ ရက် မနက်ပိုင်းက ပုလဲမြို့နယ်၊ အင်မထီးရွာက စစ်ကောင်စီအထိုင်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်တွေဟာ တစ်မိုင်ခွဲခန့်အကွာမှာရှိတဲ့ လုပ်သားရွာဘက်ကို စီးနင်းဝင်ရောက်လာခဲ့တာပါ။

 

လုပ်သားကျေးရွာဟာ အိမ်ခြေ နှစ်ရာနီးပါးရှိပြီး စစ်အုပ်စု​ရဲ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေငါးဆယ်နီးပါးဟာ မီးလောင်ကျွမ်းသွားတယ်လို့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။

 

“ရွာထဲကို အင်မထီးက စစ်ကြောင်းအင်အား လေးဆယ်ကျော်၊ ငါးဆယ်လောက်နဲ့ ဝင်လာပြီး အိမ်တွေကို မီးရှို့တာ ငါးဆယ်လောက်က လုံးဝပြာကျသွားတာ။ ရွာခံတွေကတော့ အကုန်လုံး မပြန်ကြသေးဘူး။ အရင်ထဲက တောထဲနဲ့ နီးစပ်ရာရွာတွေမှာ ရှောင်နေကြတာရှိတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီဖြစ်စဉ်မတိုင်ခင် အင်မထီးရွာကို ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် လုပ်သားရွာထဲ မီးဝင်ရှို့ခဲ့​ခြင်းဖြစ်တယ်လို့ ပုလဲမြို့နယ် ပအဖ လူသားစာနာတာဝန်ခံက ပြောပါတယ်။

 

“ကျွန်တော်တို့သိထားတာကတော့ PDF အဖွဲ့တွေက ရွာကို ဒရုန်းနဲ့ချတယ်ပေါ့နော်။ ရွာကို ဒရုန်းနဲ့ ဗုံးချလို့ ဒရုန်းနောက်ကို သူတို့က တပ်ဖွဲ့နဲ့ လိုက်ရင်း ရွာကိုမီးရှို့သွားတယ်လို့တော့ သိရတယ်။ ဒရုန်းနဲ့ချတာတော့ PDF တွေ သပ်သပ်ချတာပေါ့နော်။ ကျေးရွာနဲ့ ဘာမဆိုင်ညာမဆိုင် စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေလုပ်ရိုးလုပ်စဉ်အတိုင်း အကြောင်းမဲ့ မီးရှိူ့သွားတာပါ” လို့ သူက ပြောပါတယ်။

 

လုပ်သားရွာဒေသခံတွေဟာ ပျူရွာနဲ့ နီးကပ်နေတာကြောင့် အချိန်မတော် ဖမ်းဆီးနှိပ်စက်ခံရတာ၊ လုယက်ခံရတာမျိုးတွေကြောင့် ကျေးရွာနေပြည်သူအများစုမှာ အိုးအိမ်စွန့်ခွာနေကြရပါတယ်။ စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းတပ်တွေဟာ လုပ်သားရွာကို အခုနှစ် မတ်လ ၇ ရက်နေ့ကလည်း နေအိမ် ၁၃ လုံးခန့် ဝင်ရောက်မီးရှို့ခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ်ပေါင်း ကိုးသောင်းနီးပါး ၈၈,၃၇၃ လုံးရှိကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

 

ပုံစာ – မတ်လ ၃ ရက်နေ့ကတွေ့ရတဲ့ ပုလဲမြို့နယ် စစ်ဘေးသင့်ပြည်သူများ