စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် အရှင်ဖမ်းမိတဲ့ KNLA ရဲ့ ပဲဒက်စခန်းသိမ်းတိုက်ပွဲ

Author လင်းနွေဦး
Categories
Published on May 09, 2024

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ပူးပေါင်းတပ်တွေက မနေ့ မေလ ၈ ရက် နံနက် ၈ နာရီခွဲလောက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ရှိသူတစ်ဦးမှ CJ Platform ကို အတည်ပြုပြောကြားပါတယ်။

 

မြိတ်-ထားဝယ် ကားလမ်းမဘေးရှိ စစ်ရေးအရအရေးပါတဲ့ ဒီစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက မေလ ၅ ရက်နေ့ကတည်းက သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးစတင်ခဲ့တာဖြစ်ပြီး လေးရက်အကြာမှာ စခန်းကို တက်သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

“ရေကြောင်းကနေလည်း စစ်ကူလာတယ်။ စခန်းမကျခင် တစ်ရက်ကမှ စစ်ကူလာတဲ့လှေကို မြှုပ်ပစ်လိုက်တာ။ နောက်ရက်ကျ စခန်းတက်လုံး(သိမ်း)တာ။ သူတို့ဘက်က ကျည်မရှိလို့ အရှင်မိတာ။ စိတ်ထဲတော့ အတော်ချဉ်တယ်။ စစ်ကူရောက်ရင် ခံချမယ့်ကောင်တွေ” လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ရှိသူက CJ Platform ကိုပြောပါတယ်။

 

CJ Platform ကရရှိခဲ့တဲ့ ရုပ်သံမှတ်တမ်းအတွင်း ပဲဒက်စခန်းသိမ်းတိုက်ပွဲက ကျည်မရှိတော့လို့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလို့ ယူဆရတဲ့ ရဲဘော်တစ်ဦးက အခြားသောရဲဘော်တွေကို စစ်ကောင်စီတပ်သားတွေကို ကူညီပေးဖို့၊ လက်နက်ခဲယမ်းတွေသိမ်းဆည်းဖို့နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ဆေးကုသပေးဖို့ ဆေးမှူးကို လှမ်းခေါ်တာတွေကို မြင်တွေ့ရပါတယ်။

 

ပဲဒက်ရွာစခန်းသိမ်းတိုက်ပွဲပြီးသွားပေမဲ့ အနီးက အခြားသော စစ်စခန်းတစ်ခုကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အမှတ်(၁)တပ်ရင်း တာဝန်ရှိသူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ဒေသ ကုန်သွယ်ရေးစခန်းတည်ရှိတဲ့ ထီးခီးအနီးက စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်မဟာ (၄) တိုက်ခိုက်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး အညံ့ခံခဲ့ပါတယ်။

 

ဒါ့အပြင် ရက်ပိုင်းသာခြားပြီး ဧပြီ ၂၆ ရက်နေ့ကလည်း ထားဝယ်ခရိုင်ထဲက မောထတပ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရိုင်ဖယ် ၂၈ လက်၊ စိန်ပြောင်း ၂ လက် နဲ့ အခြားသော လက်နက်ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်အမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

 

ရုပ်သံ-ပေးပို့

Related News

Depend on news